ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက် ထားရှိမှု၊ လမ်းအရည်အသွေး တည်ဆောက်ထိန်းသိမ်းမှုနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၁.၈.၂၀၁၃)

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ် မတော်တဆ ဖြစ်စဉ်များ လျော့နည်းပပျောက် စေရန် အတွက် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ နေ့စဉ်စစ်ဆေး ကြပ်မတ်နေသည် ကို တွေ့ရသည့်အပြင် လမ်းနှင့်ပတ်သက်၍ အရည်အသွေး မြှင့်တင်ခြင်းများကို  အလေးထားဆောင် ရွက်နေကြောင်း တွေ့ရှိရသော်လည်း ယနေ့အထိ ယာဉ်မတော်တဆ ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားပြီး ထိခိုက်ဆုံးရှုံးမှုများလည်းဖြစ်ပေါ်နေသည်ကို သတင်းများ ကြားသိနေရပါကြောင်း၊ ယာဉ်မတော်တဆ ဖြစ်စဉ်အများစုမှာ ယာဉ်စက်ချို့ယွင်း မှုနှင့် ယာဉ်မောင်းသူများ၏ ကျန်းမာရေး အခြေအနေ၊ ပေါ့ဆမှု တို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ပြောကြားမှုများ ပိုမိုများပြားပါကြောင်း၊ အဓိက Accident  ဖြစ်ရခြင်းမှာ (၁) ယာဉ်မောင်းသူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် ကျွမ်းကျင်မှုအားနည်းခြင်း၊ (၂) မော်တော်ယာဉ်များ၏ ကြံ့ခိုင်ကောင်းမွန်မှု အားနည်းခြင်း၊ (၃) ကောင်းမွန်စွာ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသော လမ်း၏ အရည်အသွေးပြည့်ဝမှု ရှိ/ မရှိ ပြန်လည်စိစစ်ရန် လိုအပ်ခြင်းတို့ဖြစ်ပါသည်။

မိမိအနေဖြင့် နံပါတ်(၃)အချက်ဖြစ်သော လမ်းမကြီးတည်ဆောက်ထားမှု၏ အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်း မီ/မမီကို တင်ပြဆွေးနွေးသွားလိုပါကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၏ အားနည်းချက်များ၊ ချို့ယွင်းချက် များကို အမြန်ပြုပြင်ပေးမှသာ အန္တရာယ်အနည်းဆုံး လမ်းမကြီးဖြစ်လာမည်ဖြစ်ပါကြောင်း၊ လမ်း၏အနားသတ် မျဉ်း တစ်လျှောက်တွင်ချထားသော အမြင့် ၈ လက်မရှိ လမ်း၏ကွန်ကရစ်ကပ်တုံး(Road Curb) များ၊ လမ်းကွေ့များတွင် တပ်ဆင်ထားသော ၃ ပေခန့်ရှိ ကွန်ကရစ်ကပ်တုံး (Road Barrier) များ၏ အဓိက Function များမှာ ယာဉ်ကြောင့် သော်လည်းကောင်း၊ ယာဉ်မောင်း၏ တာဝန်ပေါ့ဆမှုကြောင့်သော်လည်းကောင်း၊ လမ်းပေါ်မှ ချော်ထွက်သွားသည့် ယာဉ်များကို အန္တရာယ်အနည်းဆုံး၊ အပျက်အစီး အနည်းဆုံးနှင့် လမ်းမပေါ်သို့ ပြန်လည်တည့်မတ်ပေးရန် ဖြစ်ပြီး ကွန်ကရစ်ကပ်တုံးများမှာလည်း တစ်ဆက်တည်းရှိသင့်ပြီး ညီညာချောမွေ့၍ ကပ်တုံးများ၏ အဆက်သည် သပ်ရပ်နေရန် လိုအပ်ပါကြောင်း၊ သို့မှသာ ယာဉ်မတော်တဆမှု ဖြစ်ပေါ်လာသည့်အချိန်တွင် ကပ်တုံးနှင့် ထိခိုက်ပွတ်တိုက်မိလျှင် ယာဉ်ကိုသော် လည်းကောင်း၊ ယာဉ်ပေါ်ပါ ခရီးသည်များကိုလည်းကောင်း ထိခိုက်မှု နည်းပါစေမည်ဖြစ်ပါသည်။ ထို့ကြောင့် ကွန်ကရစ်ကပ်တုံးများကို တပ်ဆင်ရာတွင် ဗဟိုခွာအား (Centrifugal Force) သက်ရောက်ရာနေရာများတွင် တပ်ဆင်သင့်ပြီး ယင်းကပ်တုံးများတွင် ရေဆင်းပေါက်များ လည်း ဖောက်ပေးရန် လိုအပ်ပါသည်။ ကပ်တုံးများကို ယာဉ်နှင့် ပွတ်တိုက်မိသည့်အခါတွင် ကြားညပ်မှု မဖြစ်စေရန် ကွန်ကရစ် တစ်ဆက်တည်း လောင်းသင့်ကြောင်း ပညာရှင်အချို့က အကြံပြုထားသည်များလည်း သိရှိရပါသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကွန်ကရစ်ကပ်တုံးများ တပ်ဆင်ထားခြင်းထက် မတပ်ဆင် ထားခြင်းက ပို၍ အန္တရာယ်ကင်းနိုင်/ မကင်းနိုင်ကိုလည်း ပြန်လည်သုံးသပ်ပေးသင့်ပါကြောင်း၊ အကြံပြုချက်များအရ ကွန်ကရစ်တုံးများကို တပ်ဆင်ရာတွင် ၆ လက်မ (သို့) ၈ လက်မ တပ်ဆင်ရန် အကြံပြုထားပြီး ယင်းကပ်တုံးအနီးကို ယာဉ်မောင်းများအနေဖြင့် နီးကပ်စွာ မောင်းရဲကြသော်လည်း ၃ ပေအမြင့်ရှိသော ကပ်တုံးများကို ခွာပြီးမောင်းနှင် ကြပါကြောင်း၊ ဆိုလိုသည်မှာ ၃ ပေကပ်တုံးကို သုံးလိုလျှင် ယာဉ်သွားလမ်း Lane Width သည် ၃.၆ မီတာ (၁၂ ပေခန့်) ရှိရန်၊ ယာဉ်နှင့် ကပ်တုံးကြား Horizontal Clearance ပိုရှိရန်တို့လိုအပ်သည့်အတွက် လုံလောက်သော Lane Width နှင့် Horizontal Clearance မရှိဘဲ ၃ ပေ ကပ်တုံးကို မတပ်ဆင်သင့်ဟု ပညာရှင်အချို့က အကြံပြုထားပါကြောင်း၊ ကွန်ကရစ်ကပ်တုံးနှင့် Lane Width တို့ကြောင့် မတော်တဆမှုဖြစ်ပွားပါက ကားဘီးပေါက်လေ့ရှိပြီးု မတော်တဆ မှုဖြစ်ပေါ်လာပါက ကားဘီးပေါက်သည့်အတွက် Accident ဖြစ်သည်ဟုသာ အများဆုံးကောက်ချက်ချလေ့ ရှိကြပါကြောင်း၊ ကွန်ကရစ်ကပ်တုံးများနှင့် ၃ ပေ မြင့်သော Centrifugal Force သက်ရောက်သည့်ကွေ့များတွင် Guard Rail များတပ်ဆင်ထားရှိပြီး ထို Guard Rail တပ်ဆင်ထားသည့်နေရာများတွင် မည်သည့် အခုအခံအတားအဆီးမျှ မရှိသင့်ပါကြောင်း၊ ယခု အမြန်လမ်းတွင် တပ်ဆင်ထားသော ရောင်ပြန် Arrow များ၊ လမ်းညွှန်ဆိုင်းဘုတ် (Road Side Guide) များ တပ်ဆင်ထားသော်လည်း သတ္ထုတန်းပေါ်တွင် ၃ ပေခန့်၊ သတ္တုတန်း Guard Rail နောက်သို့ ရွှေ့သင့် ပါကြောင်း။

ထို့ကြောင့်အမြန်လမ်းတွင် အရေးတကြီးပြုပြင်သင့်သည်ဟု ယူဆရသည် အချက်အချို့ကို အကြံပြုတင်ပြရပါက

(၁) တစ်ခုခြားစီချထားသည့် ၃ ပေအမြင့်ကွန်ကရစ်တုံးများကို မြေပြင်အခြေအနေပေါ်မူတည်၍ ၁ ပေ၊ ၂ ပေ နောက်ဆုတ်ကာ ပြန်လည်တပ်ဆင်သင့်ပြီး ထိုကဲ့သို့ နောက်ဆုတ်လိုက်သောကြောင့် လစ်ဟာ သွားသော နေရာကိုလည်း ကွန်ကရစ် ပြန်ခင်းသင့်ကြောင်း၊ ဗဟိုခွာအားနှင့် ဆန့်ကျင်သောနေရာများတွင် တပ်ဆင်ထားသော ကွန်ကရစ်ကပ်တုံး ကြီးများ ကိုလည်း ပြန်လည်ဖယ်ရှားသင့်ကြောင်း၊

(၂) ၈ လက်မ သို့မဟုတ် ၆ လက်မ သတ်မှတ်ထားသည့် စံချိန်စံညွှန်းမကိုက်ညီသော Road Curb များကို စံနှုန်းပြည့် ကွန်ကရစ် Road Curb များဖြင့် အစားထိုးသင့်ကြောင်း၊

(၃) ၃ ပေ ကွန်ကရစ်ကပ်တုံးများကို ကွေ့များတွင်တစ်ဆက်တည်း ချောမွေ့စွာတည်ဆောက်သင့်ပြီးှ ၃ ပေ ကွန်ကရစ် ကပ်တုံးများအစား သတ္တုတန်း (Guard Rail) များကို ဦးစားပေး၍တပ်ဆင်သင့်ကြောင်း၊

(၄) Guard Rail များပြတ်တောက်မနေဘဲ တစ်ဆက်တည်းဖြစ်အောင် ပြုလုပ်ပေးသင့်ပြီး Guard Rail နှင့် ကွန်ကရစ် လမ်းအကြားတွင် မည်သည့် အခုအခံအတားအဆီးမျှ ရှိမနေသင့်ကြောင်း၊

(၅) ယာဉ်လမ်းအကျယ် (Lane Width) ၃.၆ မီတာ မပြည့်သောနေရာများကို တိုးချဲ့ပေးသင့်ကြောင်း၊ အထက်ဖော်ပြပါ အကြံပြုတင်ပြချက်များအား သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပြန်လည်လေ့လာ စစ်ဆေးမှုများပြုလုပ်၍ ပြုပြင်သင့်သည့် လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့်ပတ်သက်၍အကြံပြုချက်များစွာ လက်ခံ ရရှိရာ မိမိတို့အနေဖြင့် အလေးထား ဆောင် ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် မတော်တဆမှုများဖြစ်ပွား လျက်ရှိရာ လေ့လာသုံး သပ် ချက် များအရ ပြည်ထဲရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းပြီး လမ်းပေါ်တွင် စည်းကမ်းရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့ကို အကူ အညီတောင်း ဆောင်ရွက်ခြင်း၊ မတော်တဆမှုများ ဖြစ်ပြီးပါက အမြန် ဆုံးပြုစုပျိုးထောင်နိုင်ရန် ကျန်းမာရေး ဝန်ကြီး ဌာနနှင့် ညှိနှိုင်းပြီး မိုင် ၄၀ အကွာအဝေးတိုင်းတွင် သူနာပြုယာဉ်များ၊ သူနာပြုများ ထား ရှိဆောင်ရွက် ရန်ကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ရန်ကုန်တိုင်း အမှတ်(၃)လမ်းဆုံမှ မန္တလေးတိုင်း တံခွန်တိုင်အထိ ၃၆၆ မိုင်နှင့် ၃ ဖာလုံရှည်လျားသော လမ်းမကြီးဖြစ်ပြီး မူလဒီဇိုင်းအရ လမ်းအလယ်ကျွန်း၏ တစ်ဖက် တစ်ချက်တွင် ၄ လမ်းစီဖြင့် စုစုပေါင်း ၈ လမ်းပါဝင်သည့် လမ်းမကြီးအဖြစ် ဒီဇိုင်း ပြုလုပ်ထားရာ လမ်းတစ်လမ်းချင်းကိုလည်း ၃.၈ မီတာ (၁၂.၅ ပေ) ထားရှိ ရမည်ဖြစ်သော်လည်း ယခုအချိန်တွင် အလယ်ကျွန်း၏တစ်ဖက်စီတွင် ၂ လမ်းစီဖြင့် ၄ လမ်းသွား အဆင့်သာ ဆောက်လုပ်ထားပြီး လမ်းတစ်ဖက်အကျယ်သည် ၁၅ ပေဖြစ်ကာ အမြန်လမ်းကိုတစ်ဖက် ၄ လမ်းစီ ထပ်မံတိုးချဲ့ခြင်း မဆောင်ရွက်မီ ယခုလက်ရှိလမ်းကို အသုံးပြု နိုင်ရန်ရည်ရွယ်ပြီး လမ်းတစ်ဖက်စီတွင် အမာခံလမ်း ပခုံးအဖြစ် ၃ ပေ စီ ဆောင်ရွက်ထားရှိပါကြောင်း၊ နေပြည်တော် လမ်းအပိုင်းတွင် လမ်းသားအကျယ် ၂၅ ပေ၏ အလယ်တွင် အဖြူရောင်  Road Marking မျဉ်း ရေးဆွဲထားပြီး ယာဉ်သွားလမ်းဘေးတွင် မောင်းနှင်သတ်မှတ်မျဉ်း (Margin Strip Line ) အဖြစ် အဝါရောင်နှင့် ရေးဆွဲထားပါသည်။ လမ်းအလယ်ကျွန်းဘက်တွင် မော်တော်ယာဉ်များ ကပ်တုံးများနှင့် ပွတ်တိုက်မှုမရှိစေရန် သတိပေးသည့်အနေဖြင့် ကပ်တုံးမှ ၂ ပေခွဲအကွာတွင် သတ်မှတ်မျဉ်းဝါကို ရေးဆွဲထားရှိခြင်း ဖြစ်ပါသည်။ လမ်းဒီဇိုင်းများအရ လမ်းလယ်ကျွန်းများကို  Guard Rail  သို့မဟုတ် Concrete Barrier တုံးများ နှစ်ဖက်အပြည့် တပ်ဆင်ရမည် ဖြစ်သော်လည်း ၃၃၆ မိုင် ၃ ဖာလုံအရှည်ရှိသော လမ်းမကြီး၏ လမ်းလယ်ကျွန်းနှင့် လမ်းဘေး တစ်လျှောက်ကို အပြည့်တပ် ဆင်ဆောင်ရွက်ရန် ငွေကြေးမြောက်များစွာ ကုန်ကျမည် ဖြစ်သောကြောင့် ခွင့်ပြုရန်ပုံငွေ ဘောင်အတွင်းမှ မဖြစ်မနေဦးစားပေးတပ်ဆင်ရန် လိုအပ်သည့် အန္တရာယ်ရှိအကွေ့များ၊ တံတား အဝင်/အထွက် နေရာများ နှင့် ယာဉ်မတော်တဆ ဖြစ်ပွားသည့် နေရာများကိုဦးစားပေးပြီး ကွန်ကရစ်တုံးများကို ယာယီ တပ် ဆင်ထားခြင်း ဖြစ်ပါ ကြောင်း၊  Concrete Barrier များတပ်ဆင်ပြီးနောက်တွင် တစ်ဖက် ယာဉ်ကြော သို့ရောက်ရှိသွားပြီး မတော်တဆ ဖြစ်စဉ်များ လျော့နည်းသွားသည်ကို စစ်ဆေးတွေ့ရှိရသော်လည်း တစ်ဆက်တည်း အပြည့် မလုပ်နိုင်သေးသည့်အတွက် အကာ အကွယ်ပိုမိုရရှိစေရန် ကွန်ကရစ် Barrier များကို တစ်ခုနှင့်တစ်ခု ခွာ၍ တပ်ဆင်ထားရခြင်းဖြစ်ပြီး တဖြည်းဖြည်း ဖြည့်၍ ပေါင်းစပ်တပ်ဆင်ခြင်းလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ကိုယ်စားလှယ်တော်ကြီး အကြံပြုချက်များအနက် အမှတ်စဉ်(၁)နှင့် ပတ်သတ်၍ ယာဉ်လမ်းတစ်ခု စီ၏ အကျယ်သည် ၁၂.၅ ပေ ကျယ်သော လမ်း ၂ လမ်း ရှိပြီး ယခင်အတွေ့အကြုံများအရ ကပ်တုံးများကိုတိုက်၍ လမ်းလယ်ကျွန်းကိုကျော်ဖြတ်ကာ ယာဉ်တိုက်မှုများရှိခဲ့ပြီး သတိထားရှိနိုင်စေရန် ကပ်တုံးကို ၂.၅ ပေ ခွာကာ အဝါလိုင်းဆွဲထားခြင်းကြောင့် လမ်းလယ် ကျွန်းအဝါလိုင်းနှင့် လမ်းလယ်အဖြူလိုင်းကြားတွင် ၁၀ ပေ သာရှိ သည့်အတွက် လမ်းကျဉ်းသွားသည်ဟု ထင်ရခြင်း ဖြစ်ပါကြောင်း၊ အမြန်လမ်း၏ ယာဉ်သွားလမ်း တစ်လမ်းအကျယ်မှာ ၃.၈ မီတာ ရှိပြီးဖြစ်သည့်အတွက် ၃.၆ မီတာ (၁၂ ပေ) ရရှိစေရန် မျဉ်းဝါ လိုင်းအား ပြောင်းလဲရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယာဉ်မောင်းများအတွက် လမ်းကျဉ်း သည်ဟု ထင်ရသော ကွန်ကရစ် Barrier တုံးများကိုလည်း ကွန်ကရစ်လမ်းသားများ၏ အနောက်ဘက်တွင် တစ်ဆက်တည်း ပြောင်းရွှေ့တပ်ဆင်သွားမည်ဖြစ်ပြီး လမ်းလယ်ကျွန်းတစ်လျှောက်ကို Barrier တုံးများ အသစ်တပ်ဆင်ခြင်းများ မပြုလုပ်ဘဲ Guard Rail များ ပြောင်းလဲ တပ်ဆင်သွားမည်ဖြစ်ပါကြောင်း၊

အမှတ်စဉ်(၂) နှင့် ပတ်သတ်၍ ၈ လက်မ မပြည့်သော Road Curb များကို စံနှုန်းပြည့် ကွန်ကရစ် Road Curb များဖြင့် အစားထိုးရန် အမြန်လမ်းတွင် Road Curb များကို အန္တရာယ်ကင်းရှင်းစေရန်အတွက် လိုအပ် သလို ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

အမှတ်စဉ်(၃) နှင့် ပတ်သတ်၍ ယခုအခါကွေ့များတွင် ကပ်တုံးများတစ်ဆက်တည်း တည်ရှိ ရန်ဆောင် ရွက်နေပြီးဖြစ်ကာ နောက်ပိုင်းတွင် Guard Rail များသာ ဦးစားပေးဆက်လက် တပ်ဆင်သွားမည် ဖြစ်ပါကြောင်း။

အမှတ်စဉ် (၄) နှင့် ပတ်သတ်၍ Guard Rail ပြတ်တောက်မနေဘဲ တစ်ဆက်တည်း ဖြစ်အောင်လုပ်ပေးရန် Guard Rail နှင့် ကွန်ကရစ်လမ်းအကြား မည်သည့်အခုအခံအတားအဆီးမျှ မရှိစေရန်အတွက် Guard Rail များ အပြည့်တပ်ဆင်နိုင်ခြင်း မရှိသေးသောကြောင့် လိုအပ်သည့်နေရာများတွင် ဦးစားပေးတပ်ဆင်သွားမည်ဖြစ်ပြီး ကွန်ကရစ်လမ်း၏ Guard Rail များ အကြားတွင်လည်း အတားအဆီး မရှိစေ ရန်  ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

အမှတ်စဉ် (၅) နှင့် ပတ်သတ်၍ Lane Width ၃.၆ မီတာမပြည့်သည့်နေရာများကို ချဲ့ပေးရန် အတွက် အမြန်လမ်းမကြီး လမ်းအကျယ်သည် ၂၅ ပေ အကျယ် ၇.၆ မီတာရှိပြီး တစ်လမ်းအတွက် ၃.၆ မီတာရှိစေရန် ဆေးလိုင်းများ ပြင်ဆင် ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး ပိုမိုတိုးတက်ကောင်းမွန်ရန်နှင့် လမ်း အန္တရာယ် ကင်းရှင်းစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အနီးကပ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လေ့လာ ဆန်းစစ်မှုပြုလုပ်လျက်ရှိပြီး အကြံပြုချက် များအပေါ်အလေးထား၍ လိုအပ်သလို ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။