ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဘီးလင်းမြစ်သည် မြို့နေပြည်သူလူထု ကမ်းပါးတစ်လျှောက်ရှိ ကျေးရွာပြည်သူလူထုအတွက် အသုံးချသည့် ရေချိုမြစ်ဖြစ်ပါကြောင်း၊ ဘီးလင်းမြစ်သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ဆက်စပ်ထားသော မြစ်ဖြစ်ပြီး မြစ်ကြောင်းအရှည် ဘီးလင်းမြို့နယ်အတွင်း အလျား မိုင် ၃၀ ခန့်ရှိပါကြောင်း၊ ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဘီးလင်းမြစ်သည် သဘာဝအရ သဲသောင်များထွန်းလာခြင်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ စွန့်ပစ်လိုက်သည့် မြေကြီးများ မြစ်အတွင်းသွန်ချခြင်း၊ မြစ်ကြောင်းတိမ်ကောလာပြီး ရေစီးရေလာလည်း မကောင်းတော့ဘဲ နှစ်စဉ် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံခြင်းကို နှစ်စဉ် ကြုံတွေ့နေရပြီး စိုက်ပျိုး သီးနှံများ ပျက်စီးဆုံးရှုံးလာပါကြောင်း၊ ရေနည်းချိန်တွင် ရေသန့်များ မရှိတော့ဘဲ ရေများနောက်ကျိလာသည့်အတွက် ချောင်းကမ်းပါးတစ်လျှောက်တွင် မှီခိုနေကြသော ကျေးရွာပြည်သူလူထု၏ သောက်သုံးရေပြဿနာများ၊ တိရစ္ဆာန်များ၏ သောက်သုံးရေပြဿနာများ ဖြစ်ပေါ်လာသည့်အတွက် ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ဘီးလင်းမြစ်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက မည်ကဲ့သို့ စီမံထိန်းသိမ်းရန်ဆောင်ရွက်ထားသည်နှင့် ဘီးလင်းမြစ်ကြောင်း ပြန်လည်တူးဖော်ရန်အတွက် ဆောင်ရွက်ထားသည်အခြေအနေကို သိရှိလိုကြောင်းမေးမြန်းပါသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘီးလင်းမြစ်သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့က စတင်မြစ်ဖျားခံစီးဆင်းပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအောက်တွင် မုတ္တမ ပင်လယ်ကွေ့ကို စီးဆင်းသည့်မြစ်ဖြစ်ပြိး မွန်ပြည်နယ်တွင် ဘီးလင်းမြစ်သည် အလျား မိုင် ၃၀ ရှိပါကြောင်း၊ ဘီးလင်းမြို့အနီး မိုးရာသီ၊ မိုးများသည်းထန်စွာရွာပြီး ရေထရက်နှင့်တွေ့ကြုံရချိန်တွင် ဘီးလင်းမြစ်ရေသည် လျှင်မြန်စွာတက်၍ မြစ်ရေကြီးမှုများ နှစ်စဉ်ကြုံတွေ့ခဲ့ရပါကြောင်း၊ ဘီးလင်းမြစ် တဖြည်းဖြည်း တိမ်ကောလာသည့်အတွက် မိုးရာသီရေများချိန်တွင် ကမ်းပြိုမှုများ ဖြစ်ပေါ်ခြင်းနှင့် မြစ်ရေကြီးခြင်းများ နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ မြစ်ရေကြီးချိန်တွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းက တာသဖွယ်တည်ရှိနေသည့်အတွက် မိုးများအဆက်မပြတ် ရွာသွန်းချိန်တွင် မိုးရေများ ဘီးလင်းမြစ်အတွင်း အလွယ်တကူ စီးဆင်းနိုင်မှုမရှိဘဲ ရန်ကုန်-မော်လမြိုင်ကားလမ်း အချို့နေရာများမှာ နှစ်စဉ်ရေမြုပ်ခြင်း ရှိပါကြောင်း၊ ဘီးလင်းမြစ်သည် ဘီးလင်းမြို့၊ ဘီးလင်းတံတားအထက်ပိုင်းတွင် မြစ်ကွေ့ကောက်မှုနည်းပါးသော်လည်း ဘီးလင်းတံတားအောက်ပိုင်းတွင် မြစ်ကွေ့ကောက်မှုများပြီး မြစ်ဖျားပိုင်းတွင် သတ္တုတူးဖော်မှုများ ဆောင်ရွက်နေသည့် အတွက် သဲနုန်းများပို့ချပြီး ဘီးလင်းမြစ်တိမ်ကောလာရပါကြောင်း၊ ရေဝေရေလဲဧရိယာအတွင်း သစ်တောများ ပြုန်းတီးလာမှုကြောင့်လည်း မိုးရေကို ထိန်းသိမ်းနိုင်မှုအားနည်းလာပါကြောင်း၊ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်သည်လည်း ၁၀၂၂ စင်တီမီတာဖြစ်သော်လည်း ယခင်နှစ်မှတ်တမ်း အရ ၁၀၂၂ စင်တီမီတာ ရေအမှတ်က ကားလမ်း စတင်ရေကျော်သည့် ရေအမှတ်ဖြစ်ပါကြောင်း။
ဘီးလင်းမြစ်ကြောင်း တိမ်ကောလာသည့်အတွက် မြစ်ကြောင်းကို အဓိကထား လုပ်ကိုင်စားသောက်နေကြရသော ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များ များစွာပျက်စီးမှုများ ဖြစ်ပေါ်နေရသည့်အတွက် ဘီးလင်းမြစ်ကြောင်းကို စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၂ ခုနှစ် ဘီးလင်းမြစ်ရေကြောင်းတိုင်းတာရေး လုပ်ငန်းများကို ဘီးလင်းမြို့၊ အထက်နတ်ကြီးကျေးရွာက ဘီးလင်းအောက်ဒုံဝန်းအထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်သည့်နှစ်များတွင် မိမိတို့သည် ဘဏ္ဍာငွေသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွက ဆောင်ရွက်သည့်အတွက်ကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရန်ပုံငွေတောင်းခံခဲ့ခြင်း မရှိပါကြောင်း။
သို့သော် မွန်ပြည်နယ်အစိုးရသည် ဘီးလင်းမြစ်ကို စနစ်တကျထိန်းသိမ်းရန်အတွက် ဘီးလင်းမြစ်ကြောင်းတိုင်းတာခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နတ်ကြီးကျေးရွာ၊ ဒုံးဝန်းကျေးရွာအထိ သောင်တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒုံးဝန်းမှ ဇုက္ကလိကျေးရွာအောက်အထိ တိုင်းတာ၍ အချက်အလက်စုဆောင်းသွားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ် ဆည်မြောင်းဦးစီးဌာနသည်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဧပြီနှင့် မေလများတွင် ရဲစခန်းပဲရိုး ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့့််ပွင့်လင်းရာသီများများတွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မရမ်းကုန်း ရေနုတ်မြောင်း ပြန်လည်တူးဖော်ခြင်း၊ သိမ်ငူရေနုတ်မြောင်းတူးဖော်ခြင်းနှင့် မုသင်လိပ်ခုံး ဖြတ်ရိုးရေနုတ်မြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဘီးလင်းမြစ် ရေစီးရေလာကောင်းမွန်ရေးအတွက်ကိုလည်း မြစ်အတွင်းစီးဝင်သော ဆက်စပ်ချောင်းများ ရေအလျင်အမြန် ထုတ်နိုင်ရန်အတွက် ရေနုတ်မြောင်းတူးဖော်ပေးရန် တိုင်းတာတွက်ချက်ခဲ့ပြီး မခွေးရေကျော်ရေနုတ်မြောင်း၊ ကဇိုင်းကြီး ရေနုတ်မြောင်း၊ မုသင်ရေနုတ်မြောင်း၊ ခန်းမ-အုတ်ဖို ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် တောင်ကလေးရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရကို ပြည်နယ်အစိုးရနေ ရန်ပုံငွေ တင်ပြတောင်းခံထားရှိပါကြောင်း၊ ရန်ပုံငွေရရှိပါက ပြည်နယ်အစိုးရက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အထက်ပါ မေးမြန်း ဖြေကြားချက်များနှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားသည်။
မေးခွန်းမေးမြန်းမှုနှင့် ဖြေကြားမှုအပေါ် မိမိတို့တို့ နားထောင်ကြည့်သည့်အခါ ပို့ဆောင်ရေးဝန်ကြီးဌာနက မြစ်ကြောင်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ လုပ်ဆောင်သင့်ပါကြောင်း၊ သို့သော် ဆက်စပ်ပြီး ကြားရသည့်ကိစ္စမှာ သဘာဝဝန်းကျင်ထိန်းသိမ်းမှု ကျန်းမာရေး၊ စိုက်ပျိုးရေးဝန်ကြီးဌာနများနှင့်လည်း သက်ဆိုင်သည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့ လွှတ်တော်တွင် ဖွဲ့စည်းထားသော ပို့ဆောင်ရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကော်မတီများအနေဖြင့် ဘီးလင်းမြစ်ရေကြောင်း ကောင်းမွန်လာရေးအတွက် ဆောင်ရွက်သကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကိစ္စများပါ အလေးထားပြီး ညှိနှိုင်းဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာကော်မတီများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန် သုံးသပ်ပြောကြားသွားပါသည်။
