ကချင်ပြည်နယ်၊ မချမ်းဘောမြို့တွင် ရက်ကွက် ၄ ရပ်ကွက်၊ ခလရ(၁၃၇) တပ်ရင်းနှင့် အစိုးရဌာနဆိုင်ရာရုံးများရှိပြီး ၁၉၆၀ ခုနှစ်မှစတင်ကာ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဌာနမှ ဒီဇင်အင်ဂျင်စက်ဖြင့် တစ်မြို့လုံးသို့ လျှပ်စစ်မီးသာတူညီမျှ ဖြန့်ဝေပေးခဲ့ပါကြောင်း၊ သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အမှတ် (၄) ရပ်ကွက်မှအပ ကျန်ရပ်ကွက်များသို့ ဦးစားပေး မီးပို့လွှတ်ဖြန့်ဝေခဲ့ပြီး အမှတ် (၄) ရပ်ကွက်မှာ အမှောင်ထု၌သွားလာနေထိုင်ရပါကြောင်း၊ လျှပ်စစ်မီးလိုင်းများသွယ်တန်းရာတွင် အခြားရပ်ကွက်များ၌ကြေးကြိုး ၄ လိုင်း သွယ်တန်းထားသော်လည်း ရပ်ကွက် (၄) တွင် ၁၉၈၁ ခုနှစ်က အရေးပေါ်ယာယီသွယ်တန်းထားသည့် သာမန်ရိုးရိုးကြိုး ၂ ချောင်းဖြင့်သာ လျှပ်စစ်ဓာတ်အားခွဲဝေပို့လွှတ်နေရသောကြောင့် မှုန်ဝါးဝါးသာမြင်နေရပါကြောင်း၊ ထို့ကြောင့် မချမ်းဘော မြို့တွင်း၌ ရပ်ကွက်အားလုံး သာတူညီမျှမီးရရှိရန် စီမံဆောင်ရွက်ထားမှုရှိ/မရှိ။ အစိုးရသစ်လက်ထက်၌ နိုင်ငံတော်အစိုးရနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများကြောင့် ကျေးလက်တောရွာ အများပိုင်းသည် ရေအားလျှပ်စစ်နှင့် ဆိုလာမီးဖြင့် ၂၄ နာရီ မီးရရှိနေသော်လည်း မချမ်းဘောမြို့ပေါ်တွင် ည ၇ နာရီမှ ၉ နာရီအထိ ၂ နာရီသာ မီးပေးနေရသောကြောင့် မြို့တွင်းလျှပ်စစ်မီးကို ည ၇ နာရီမှ ၁၀ နာရီအထိ စုစုပေါင်း ၃ နာရီ တိုးမြှင့်မီးလင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
