နိုင်ငံတော်အတွင်းရှိ အများပြည်သူများ၏ အကျိုးစီးပွားအတွက် အရပ်ဒေသအသီးသီးတွင်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြသောဝန်ထမ်းများ၏ နေထိုင်ရေး အာမခံချက်ရှိစေရန် နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်မှ ချီးမြှင့်သည့်လစာငွေ ကို ချိုးခြံချွေတာသုံးစွဲ၍ နိုင်ငံတော်မှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြရသူများလည်း ဖြစ်ပါကြောင်း၊ နိုင်ငံ ဝန်ထမ်းများက နိုင်ငံတော်အစိုးရက ချမှတ်သော မူဝါဒများကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပေးရပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိဘဝနှင့် အနာဂတ်နေထိုင် စားသောက်ရေး စိတ်အေးရပါက လုပ်ငန်းတာဝန်များကို အောင်မြင်ပျော်ရွှင်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းတို့၏ လုပ်ငန်းတာဝန်ကျေပွန်ပါက အစိုးရကချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များ အောင်မြင်ဖြစ်ထွန်းပြီး ပြည်သူများ အကျိုးကျေးဇူးခံစားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ စိတ်ထဲတွင် ဘဝနောင်ရေးအတွက် အငြိမ်းစားယူရချိန်တွင် မည်သည့်နေရာတွင် အခြေချနေထိုင်မည်၊ ၎င်းတို့၏ သားသမီးများကို မည်ကဲ့သို့ ပညာဆက်လက်သင်ကြားပေးနိုင်မည်၊ ၎င်းတို့၏မိသားစုများကို မည်ကဲ့သို့ ကျွေးမွေးစောင့်ရှောက်မည်ကို ပူပန်နေကြပါကြောင်း၊ အကျင့်ပျက်ချစားမှုများ၊ လာဘ်စားမှုများဖြစ်ပေါ်လာသည့် နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့သည့် Good Government ကောင်းမွန်သောအုပ်ချုပ်ရေး၊ Clean Government သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေးအား အဟန့်အတားဖြစ်စေကာ အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာပါကြောင်း၊ နိုင်ငံတော်တွင် ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်းများကို ဆောင်ရွက်ပေးခဲ့သော်လည်း၊ ဝန်ထမ်းနှင့် အိမ်ရာ မျှတမှု မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် နှစ်စဉ် ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ပေးမည့် ဆောက်လုပ်ရေးကုမ္ပဏီများ သိရှိငွေထုတ်ချေးပေးနိုင်သည့် ဘဏ်များနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးသည့်နေရာတွင် အိမ်ရာ၊ မြေကွက်များကို မြို့နှင့် အလှမ်းဝေးကွာသည့် နေရာများတွင်မဟုတ်ဘဲ မြို့နှင့်လက်လှမ်းမီပြီး အသက်မွေးဝမ်းကြောင်းလုပ်ကိုင်နိုင်ရန် သွားလာမှု အဆင်ပြေသော နေရာများတွင် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ဝန်ထမ်းများဘက်မှလည်း လက်လွှဲရောင်းချသည်မျိုး မရှိအောင် အခြေချနေထိုင်နိုင်ရန်အတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများနှင့် ကွပ်ကဲဆောင်ရွက်ပေးသင့်ပါကြောင်း။ သို့ဖြစ်ပါ၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးချိန်တွင် လက်ရှိအဆင့်နှင်အညီ အခြေချနေထိုင်ရန် အရစ်ကျစနစ်ဖြင့် ပေးသွင်းရယူပိုင်ဆိုင်နိုင်မည့် တန်ဖိုးနည်းအိမ်ရာ သို့မဟုတ် မြေကွက်များ ချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ ဝင်ငွေနည်း နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများ၏ နေရေး အခက်အခဲများကို ဖြေရှင်းပေးရာတွင် တန်ဖိုးနည်းအိမ်ရာများကို အဓိကထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ရောင်းချရာတွင် တန်ဖိုးလျော့နည်းစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် မြေတန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါကြောင်း၊ အခြေခံအဆောက်အအုံ ကုန်ကျစရိတ်ဖြစ်သည့် ကွန်ကရစ်လမ်း၊ အုတ်ရေမြောင်း၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည်တို့ကိုသာ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်ပါကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ဆက်စပ်ပြီး တစ်နိုင်ငံလုံးရှိ မြို့ပြစီမံကိန်း (Town Plan) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပြီး မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြို့မမြို့ဖများနှင့် တွေ့ဆုံညှိနှိုင်း ရေးဆွဲဆောင်ရွက်လျက်ရှိရာ လူဦးရေတစ်သိန်းအထက်ရှိ သော မြို့ကြီးများနှင့် စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာအရေးပါသော မြို့ကြီး ၅၆ မြို့တွင် မြို့ပြစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမြို့ပြစီမံကိန်းများတွင် ပါဝင်သော အိမ်ရာစီမံကိန်းများအတွက် သတ်မှတ်ထားသော မြေနေရာတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုဘဏ္ဍာငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ ခွင့်ပြုဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ပြီး အိမ်ရာစီမံကိန်းအမျိုးမျိုးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
မြေကွက်နေရာချထားရေးနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ခုနှစ်အထိ ရန်ကုန်မြို့တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန် ထမ်းများအပါအဝင် ပြည်သူများအတွက် အိမ်ရာ မြေကွက်ပေါင်း ၂၃၀၀၀၀ ခန့် ဖော်ထုတ်ရောင်းချပေးခဲ့ခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း မြေကွက်ပေါင်း တစ်သိန်းခန့် ဖော်ထုတ်ရန်အတွက် မြို့ပြစီမံကိန်းများ ရေးဆွဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဖော်ထုတ်ရရှိသော မြေကွက်များကိုလည်း အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများသို့ စနစ်တကျပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအား တန်ဖိုးနည်းအိမ်ရာများ ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျဝယ်ယူနိုင်ရန်အတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်များကို ဖွင့်လှစ်ထားရှိပြီးဖြစ်သည့်အပြင် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်၌ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ရန် သက်ဆိုင်ရာအစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ မြေနေရာရရှိမှု၊ ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ၊ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် အရစ်ကျဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
