မြို့နယ်များအတွက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ များအားကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၁.၁၁.၂၀၁၃)

ထိုင်းနိုင်ငံတွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရ သူ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးဦးရေ ၁၀၀၀၀ ခန့်ရှိသည်မှာ မှန်ကန်ခြင်းရှိ/ မရှိ၊ မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းကျနေ သည့် ထိုင်းနိုင်ငံ သား အကျဉ်းသားများကို မြန်မာနိုင်ငံမှ ပြန်လွှတ်ပေးသကဲ့သို့ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ မြန်မာအကျဉ်းသား မည်မျှပြန်လွှတ်ပေးခဲ့သည်ကိုလည်းကောင်း၊  ထိုင်းဘုရင်မိဖုရားကြီး၏မွေးနေ့ဖြစ်သော သြဂုတ်လ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်း သာခွင့်ရခဲ့သော မြန်မာနိုင်ငံသားဦးရေနှင့် လာမည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျ ရောက်မည့် ထိုင်းဘုရင်မွေးနေ့တွင်လည်း မြန်မာအကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိရေးအတွက် ပြည်ထောင်စုအစိုးရမှ မည်ကဲ့သို့ ဆောင်ရွက်နေ သည်ကို လည်းကောင်း၊  ထိုင်းနှင့်မြန်မာနိုင်ငံ အကျဉ်းသားများ လဲလှယ်ရေးကိစ္စများ အစီအစဉ်ကို  လက်မှတ်ရေးထိုးမည့် အချိန်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက် ရှိသော မြန်မာနိုင်ငံအကျဉ်းသားစာရင်း ရရှိရေးအတွက် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံသံရုံး ဘန်ကောက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကို ညှိနှိုင်းဆက်သွယ် အကြောင်းကြားခဲ့ရာ စုစုပေါင်းခန့်မှန်းခြေ ၃၀၀၀ ကျော်ခန့်ရှိသည်ကို သိရှိရ ပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသား အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြစ်ဒဏ်လျော့ပေါ့ ခွင့်ရရှိရေး နှင့် ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ကူညီစောင့်ရှောက်ခွင့်များ ရရှိရေးတို့အတွက် ထိုင်းနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အပြင် သံတမန်နည်းလမ်းများအရပါ စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ အစဉ်အလာ အရ ထိုင်းဘုရင်နှင့် မိဖုရားတို့၏ မွေးနေ့အခါသမယဖြစ်သည့် ဒီဇင်ဘာလ ၅ ရက်နေ့နှင့် သြဂုတ်လ ၁၂ ရက်နေ့တို့တွင် ထိုင်းလူမျိုးများအပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ် အသီးသီးကျခံ နေသူများကို လည်း ပြစ်ဒဏ်လျော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများအား အခါအားလျော်စွာ ပြုလုပ်ပေး လျက်ရှိပါကြောင်း၊ သို့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း ၉-၁၀-၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံသား အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့၌ မြန်မာနိုင်ငံသား အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိရေးအတွက် ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးမှ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနအသီးသီးကို အကြောင်းကြားမေတ္တာရပ်ခံထားရှိပါကြောင်းနှင်‌့ လတ်တလောတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား အကျဉ်းသားများကို လဲလှယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန်အစီအစဉ် မရှိသေးပါကြောင်း ဖြေကြား ပါသည်။

ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

မိမိအနေဖြင့် ထိုင်း - မြန်မာ အကျဉ်းသားများလဲလှယ်ရေးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသော အကြောင်းအရင်းကို သိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မိမိတို့မှ ပြည်သူ့လွှတ်တော်သို့ တဖန် ပြန်လည်အစီရင်ခံ တင်ပြ မည်ဖြစ်ကြောင်း ဖြေကြားပါသည်။