ရွှေပြည်သာစက်မှုဇုန်များစနစ်တကျဖြင့်အမှန် တကယ်ပေါ်ထွက်လာရေး ဆောင်ရွက်ပေးရန်အစီ အစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၉.၁၀.၂၀၁၃)

ယနေ့မိမိတို့ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုကြည့်မည်ဆိုပါက စက်မှုလက်မှု လုပ်ငန်းများတိုးတက်ရန် အမှန်တကယ်လိုအပ်သည့် အတွက် ယခင်အစိုးရ လက်ထက်မှာပင် Infirm System အနေနှင့် စက်မှုဇုန်များကို တည်ထောင်ပေးခဲ့ပါသော်လည်း စက်မှုဇုန်များသည် အမှန်တကယ် အသက်ဝင်ခြင်းမရှိပါကြောင်း။  

ရွှေပြည်သာတွင် အမှတ်(၁)၊ (၂)၊ (၃)၊ (၄) စက်မှုဇုန်များနှင့် ဝါးတစ်ရာ၊ သာဓုကန် စက်မှုဇုန်ဟူ၍ စက်မှုဇုန် ၆ ခုကို ယခင် အစိုးရလက်ထက်က အခြေခံ အဆောက်အဦအနေနှင့် တည်ဆောက် ပေးခဲ့သော်လည်း ယနေ့အစိုးရအသစ် လက်ထက်တွင် ယင်းတို့ကို အမှန်တကယ်အသက်သွင်းဖို့ လိုပါကြောင်း၊ ယနေ့ မိမိတို့မြို့နယ်ရှိ စက်မှုဇုန်များသည် လယ်ကွင်းများပင်ရှိသေးပြီး စက်မှုဇုန်မ တည်ဆောက်ခြင်းကြောင့် အဖွဲ့အစည်းအချို့က မြေနေရာများလုယက်ကာ အိမ်ပေါင်းရာချီ၍  ဆောက်လုပ်ကြပါကြောင်း၊ ယင်းတို့သည် တိုင်းဒေသကြီးအစိုးရအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာ တာကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စက်မှုဇုန်များကို လက်တွေ့တည်ဆောက်နိုင်မည်ဆိုပါက စက်မှုဇုန် များတည်ရှိသော ဒေသများရှိ ပညာတတ်လူငယ်များ အလုပ်အကိုင်များ၊ နည်းပညာများ ရရှိစေမည်ဖြစ်သကဲ့သို့ ဘဏ်များ၊ City Martများ၊ လမ်းပန်းဆက်သွယ်မှုများဖြင့်  နိုင်ငံတော်၏  စီးပွားရေး တိုးတက်မှုကို များစွာအထောက်အကူ ဖြစ်လာနိုင်ပါကြောင်း၊ သို့သော် ၂ နှစ်ခွဲပြည့်သည်အချိန်ထိ စက်မှုဇုန်များ သည် လုံးဝလှုပ်ရှားနိုင်ခြင်းမရှိသေးသည့်အပြင် အဖွဲ့အစည်းအချို့၏ မြေနေရာ လုယက်မှုများကို မဖြေရှင်းနိုင်ဘဲ ရပ်တန့်နေခြင်းများကို တွေ့ရှိရပါကြောင်း၊  

ထို့ကြောင့် မြန်မာနိုင်ငံတွင် အောင်မြင်သော စက်မှုဇုန်များ အမှန်တကယ်ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးရန် အစိုးရအဖွဲ့အနေဖြင့် အစီအစဉ်ရှိ/မရှိ နှင့်ရှိပါက မည်သည့်ကာလတွင် စက်ရုံများကို စတင်ဆောင်ရွက် နိုင်မည်ကို လည်းကောင်း၊  ဒေသခံပြည်သူများ အလုပ်အကိုင်အရေအတွက် မည်မျှရရှိနိုင်ရန် မျှော်မှန်းထားသည်ကို လည်းကောင်း၊ အကယ်၍ အချိန်ကာလသတ်မှတ်ဆောင်ရွက်သော်လည်း ကုမ္ပဏီများ၊ စက်ရုံများ ‌ဆောင် ရွက်ခဲ့ခြင်းမရှိပါက မည်သို့ အရေးယူ ဆောင်ရွက်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး စက်မှုဇုန်ဖော်ဆောင်ခဲ့သည့်အခါ ရွှေပြည်သာစက်မှုဇုန်အပိုင်း (၁) ကို ၁၉၉၀ ခုနှစ်တွင် လည်းကောင်း၊ စက်မှုဇုန် အပိုင်း (၂)၊(၃)၊(၄)ကို ၁၉၉၈ ခုနှစ်တွင်လည်းကောင်း စတင်ဖော် ထုတ်ခဲ့ပြီး ယခုအခါ အဆိုပါစက်မှုဇုန်များသည် ဖွံ့ဖြိုးနေပြီဖြစ်ပြီးတော့ စက်ရုံပေါင်း ၄၄၂ ရုံ    တည်ဆောက်ပြီး စက်ရုံပေါင်း ၂၅၄ ရုံနှင့် လုပ်သား အင်အား ပေါင်း ၁၉၆၂၁ ဦး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊

ရွှေပြည်သာစက်မှုဇုန်တွင် စားသောက်ရေးလုပ်ငန်း၊ ဝတ်ဆင်ရေး လုပ်ငန်း၊ နေ ထိုင်ရေး လုပ်ငန်း၊ လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ ကုန်ကြမ်းပစ္စည်းလုပ်ငန်း၊ စက်နှင့်စက်ကိရိယာပစ္စည်းလုပ်ငန်း၊ လျှပ်စစ်နှင့်လျှပ်စစ် ပစ္စည်းကိရိယာလုပ်ငန်း၊ သစ်နှင့် သစ်အခြေ ခံလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် လျက်ရှိပါကြောင်း၊  ရွှေပြည်သာ စက်မှုဇုန်တွင် ဖော်ပြပါ စက်မှုဇုန် ၄ ဇုန်အပြင် ဝါးတရာစက်မှုဇုန်နှင့် သာဓုကန်စက်မှုဇုန်ကို လည်း၂၀၀၄ ခုနှစ်မှာ ထပ်မံဖော်ထုတ်ခဲ့ရာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အခြေအနေနှင့် လယ်ယာ မြေကိစ္စများကြောင့် စက်မှုဇုန်ဖွံ့ဖြိုးမှုနောက် ကျနေခြင်းပဲ ဖြစ်သည့်အတွက် အဆိုပါလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိနေပါကြောင်း၊

ယင်းစက်မှုများအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက   လုပ်သားအင် အား ၂၈၀၀၀ ခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမှာဖြစ်ပါကြောင်း၊  ယခုအခါမှာ ဝါးတရာ စက်မှုဇုန်တွင် လျှပ်စစ်ဓာတ် အားရရှိရေး နှင့် လယ်ယာမြေကိစ္စများကိုလည်း ရှင်းလင်းဆောင်ရွက်နေခြင်း၊ မြေကွက်ဝယ် ယူထားသော ကုမ္ပဏီလုပ်ငန်းရှင်များအား စက်ရုံတည် ဆောက်ရန် တွန်းအားပေးဆောင်ရွက်ခြင်း၊  သတ်မှတ်ကာလအတွင်း စက်ရုံများတည်ဆောက်ခြင်းမရှိသော စက်မှုမြေကွက်များကိုလည်း ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ်စက်ရုံ တည်ဆောက်မည့် လုပ်ငန်းရှင်များကို ရောင်းချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားပါသည်။

ဦးတင်မောင်ဦး (ရွှေပြည်သာ)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီး၏ဖြေကြားချက်များတွင် စက်မှုဇုန်များသည် အမှန်တကယ်ဖြစ် ထွန်းအောင်မြင်နေကြောင်း ဖြေဆို သွားသည်ကို ကြားသိရသော်လည်း စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄သည် အောင်မြင်ခြင်းမရှိသကဲ့သို့ သာဓုကန် စက်မှုဇုန်သည်လည်း လုံးဝရပ်တန့်လိုက်တဲ့အနေအထားဖြစ်ပါကြောင်း၊ ထို့အတူ ဝါးတရာ စက်မှုဇုန် တွင် ကျောက်ပြားစက်ရုံ၊ ဝါးတရာသားရေပြားစက်ရုံမှလွဲ့၍ ကျန်ရှိသောစက်ရုံများ လည်ပတ်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် စာရင်းဇယားများအရ ဖြေကြားခြင်းထက် မြေပြင်တွင် အမှန်တကယ်ရှိသော တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို မျက်မြင်စစ်ဆေးနိုင်မည်ဆိုပါက ပိုမိုကာင်းမွန်မည်ဖြစ်ပါကြောင်း တင်ပြမေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊      ဒုတိယဝန်ကြီး ဦးသိန်းအောင်

စက်မှုဇုန်များနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည်မှာလည်း မှန်ကန်ပါကြောင်း၊ ဝါးတရာနှင့် သာဓုကန် စက်မှုဇုန်အကောင်အထည်ဖော်ရန် အားနည်းနေပါကြောင်း၊ သို့သော် လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ရန်နှင့် မြေ ယာရှင်းလင်းရန် ကိစ္စများလည်း ဆောင်ရွက်ရန်ရှိပါကြောင်း၊  ကုမ္ပဏီများ အနေဖြင့် မြေကွက်များကို ရယူထားသော်လည်း လုပ်ကိုင်းခြင်းမရှိသည့် မြေကွက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ကြပ်မတ်၍ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင်များကို တစ်ဆင့်ပြန်လည် တာဝန်ချထားပြီး မြေကွက်များဖော်ထုတ်မှသာလျှင် အဆိုပါ စက်မှုဇုန်နှစ်ဇုန်သည်ရှိရင် တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမှာဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရကလည်း ကြပ်မတ်ဆောင်ရွက်နေကြောင်း ရှင်းလင်းဖြေကြားပါသည်။