(ခ)- မောက်မယ်မြို့၊ကဒူးကြီး(ဈေးတန်း)ရွာ၊ နားဟီးကျေးရွာနှင့်ဗန်းမက်ကျေးရွာတို့၌ ကျေးလက် ကျန်းမားရေးဌာနခွဲများ ခွဲဝေခန့်ထား၍ကျေးလက် လူထု ကျန်းမာရေး ကဏ္ဍ မြှင့်တင်ပေးနိုင်မည့်အစီ အစဉ်များကိုသိလိုသည်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၈.၁၀.၂၀၁၃)

မောက်မယ်မြို့နယ်သည် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး ကဒူးကြီးအုပ်စု သည် ဝေးလံ ခေါင်သီ၍ ခြေလျင်တောင်တက် ခရီးဖြင့်သာ ဆက်သွယ်သွားလာနိုင်သော ရှမ်း၊ ကယားနယ်စပ်ဒေသ တစ်ခုဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်နှင့် အလှမ်းကွာဝေးသဖြင့် အရှေ့ဘက် လင်းခေးမြို့နယ် ဝမ်ဆလောင်းဒေသနှင့်လည်းကောင်း၊ အနောက်ဘက် ဆီဆိုင်မြို့နယ်နှင့်လည်းကောင်း ကျေးရွာလူထုမှ ဆက်သွယ်သွားလာ၍ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စများကို မိမိတို့ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းလာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်ပါကြောင်း၊ ကဒူးကြီးဒေသတွင် ကဒူးကြီး၊ နားဟီး၊ ဗန်းမက်ဟူ၍ အုပ်စုငယ် သုံးနေရာထပ်မံခွဲခြားထားပြီး ရှမ်း၊ ပအိုးဝ်၊ ကယားတိုင်းရင်းသားများ မှီတင်းနေထိုင်ကြပြီး ကျေးရွာစုစုပေါင်း ၂၈ ရွာရှိပါကြောင်း၊ ခေတ်အဆက်ဆက် စစ်ဘေးဒဏ်အများဆုံးခံခဲ့ရသဖြင့် ယနေ့တိုင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရခြင်းဖြစ်ပြီး ကျန်း မာရေးပြု စုစောင့်ရှောက်မှုမရရှိသဖြင့် အရေးပေါ်လူနာများကို စောင်ပုခက်များဖြင့် ထမ်းကာ ၇/၈ နာရီကြာ ခရီးဖြင့် ဆီဆိုင်မြို့နယ်သို့ ပို့ဆောင်၍ ကုသမှုခံယူနေကြရပါကြောင်း၊ ကဒူးကြီး(ဈေးတန်း)ကျေးရွာ၊ နားဟီးကျေးရွာနှင့် ဗန်းမက်ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံများ ဆောက်လုပ်ထားသော်လည်း ယနေ့ တိုင် ဖွဲ့စည်းပုံ အရ စနစ်တကျပြုစုဆောင်ရွက်နိုင်ခြင်း မရှိသေး၍ ကဒူးကြီးဒေသအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိခံစားစေလို ကြောင်း၊ ကဒူးကြီးကျေးရွာအုပ်စုတွင် ကဒူးကြီး(ဈေးတန်း)ရွာ၊ နားဟီးကျေးရွာနှင့် ဗန်းမက်ကျေးရွာတို့၌ ကျေးလက်ကျန်းမာရေး ဌာနခွဲများ စနစ်တကျခွဲဝေခန့် ထား၍ ကျေးလက် လူထုကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးနိုင်မည့်အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ ဟိုပန်းတိုက်နယ်ဆေးရုံ ၁ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၃ ခု ဟိုနိမ့်၊ နမ့်လွတ်၊ လွိုင်ဆန်စစ်တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ဗန်းမက်ကျေးလက်ကျန်းမာရေးဌာနခွဲသည် နမ့်လွတ်ကျေးလက်ကျန်းမာရေး ဌာနအောက်၊ ကဒူးကြီး(ဈေးတန်း)ကျေးရွာနှင့် နားဟီးကျေးရွာတို့သည် ဗန်းမက်‌ကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင် ရှိပြီး လူဦးရေ ၁၆၀၀၀ ခန့်ရှိသော ကဒူးကြီးကျေးရွာ သည် မောက်မယ်ဆေးရုံနှင့် ၃၆ မိုင်ခန့်၊ ဗန်းမက်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၂၂ မိုင်ခန့်ကွာဝေးပါကြောင်း၊ လူဦးရေ ၁၂၀၀၀ ခန့်ရှိသော နားဟီးကျေးရွာသည် ဗန်းမက်ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ၁၆ မိုင်ခန့်၊ မောက်မယ်မြို့နယ်ဆေးရုံနှင့် မိုင် ၄၀ ခန့်ဝေး၍ ကဒူးကြီးကျေးရွာနှင့် နားဟီးကျေးရွာတို့၌ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုစီ ဖွင့်လှစ်နိုင်ရေးအတွက် ကျေးလက်ဖွ့ံ့ဖြိုးမှုအစီအစဉ်ဖြင့် ညှိနှိုင်း၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။