၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မြန်မာ့အလင်း သတင်းစာ တွင် နေပြည်တော်-ဘန်ကောက်ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၅၀ ဖြင့် Air Asia လေကြောင်းလိုင်းက နေပြည်တော်မှ ဘန်ကောက်၊ ဒွန်မောင်းလေ ဆိပ်ကို ပြေးဆွဲမည်ဟု ကြေငြာ ထားသော်လည်း အခြားနိုင်ငံ တကာလေကြောင်း လိုင်းများအနေဖြင့် နေပြည်တော် အပြည်ပြည်ဆိုင် ရာလေ ဆိပ်တွင် ဆင်း သက်ခြင်းမရှိသည့်အတွက် နေပြည်တော်မှ နိုင်ငံခြားသို့ လိုက်ပါ လိုသူ ခရီးသည်များအနေဖြင့် မင်္ဂလာဒုံ အပြည်ပြည်ဆိုင် ရာ လေဆိပ်မှတစ်ဆင့် ခရီး သွားနေကြရခြင်းတို့ကြောင့် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် နိုင်ငံတကာလေကြောင်း လိုင်းများ ဆင်းသက်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီ အစဉ် မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကိုလည်ကောင်း၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကိုလည်းကောင်း သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန သည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုများနှင့်အညီ ဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် နည်းတူ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော် နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း။၂၀၀၉ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် Soft Opening ဖြင့် ဖွင့်လှစ်ခဲ့သော နေပြည်တော်လေဆိပ်အား ပြည်တွင်းလေကြောင်းလိုင်းများမှသာ ပုံမှန်ခရီးစဉ်နှင့် Charter Services များ ပျံသန်းပြေးဆွဲနေသည့် အတွက် နိုင်ငံ တကာလေကြောင်းလိုင်းများပါ ပြေးဆွဲပျံသန်းနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၂-၂-၂၀၁၃ နေ့တွင် နေပြည်တော်လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ သို့ ပြေးဆွဲပျံသန်းလျက်ရှိသည့် နိုင်ငံတကာလေကြောင်း များနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ Golden Myanmar Airlines တို့ အပါအဝင် လေကြောင်းလိုင်း ၁၄ လိုင်းတို့မှ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာလေကြောင်းလိုင်းများမှ ပျံသန်းပြေးဆွဲ စေ လိုကြောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ်တို့တွင် နေပြည်တော်၌ SEA Game နှင့် ASEAN Summit တို့ကို အသီးသီး ကျင်းပပြုလုပ်မည် ဖြစ်သည့် အတွက် နိုင်ငံတော်ဘက်မှ လည်း နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားလိုအား များပြားစွာရရှိနိုင်ရေးအတွက် အထောက်အပံ့ပေး သွားမည်ဖြစ်ကြောင်း တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း။
ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နေပြည်တော်လေဆိပ်ကို အပြည်ပြည်ဆိုင် ရာလေဆိပ်အဖြစ် နိုင်ငံတကာပုံမှန်ခရီးစဉ်များနှင့် ပြည်တွင်းပုံမှန်ခရီးစဉ်များအား တိုးချဲ့ပျံသန်းပြေး ဆွဲနိုင်ရေး၊ နေပြည်တော်သို့ လေကြောင်းဖြင့် တိုက်ရိုက်ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ၂၅-၃-၂၀၁၃ ရက်နေ့တွင် ဌာနမှ တာဝန်ရှိသူများ၊ Pioneer Aerodrome Services Co.,Ltd မှ တာဝန်ခံများနှင့် အတူ နိုင်ငံ၏ ဒေသတွင်းခရီးစဉ်များ ပျံသန်းနေသည့် လေကြောင်းလိုင်းများ အပါအဝင် ပြည်ပလေကြောင်း လိုင်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများအား ဖိတ်ခေါ်၍ ရန်ကုန်မြို့မှ နေပြည်တော် လေဆိပ်သို့ သွားရောက်လေ့လာမှု ပြုလုပ်စေခဲ့ပါကြောင်း၊ ထိုကဲ့သို့ ပြည်ပလေကြောင်းလိုင်းများအား နေပြည်တော်လေဆိပ်သို့ သွားရောက်လေ့လာမှုများ ပြုလုပ်စေခဲ့ရာတွင် လေကြောင်းလိုင်းများအနေဖြင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပုံမှန်ခရီးစဉ်များ ပျံသန်းမည်ဆိုပါက Co-terminal Right နှင့် Own Stopover Right များအပါအဝင် ပျံသန်းခွင့်များကို တစ်ဖက်သတ် ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာခရီးစဉ် ပျံသန်းမှုများကို ၁-၄-၂၀၁၃ ရက်နေ့မှ စတင် ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာလေဆိပ်တစ်ခု၏ လိုအပ်သော ဝန်ဆောင်မှုများနှင့် ပျံသန်းမှု အထောက်အကူပြုစက်နှင့် စက်ကိရိယာပစ္စည်းများကို ပြည့်စုံစွာ စီမံဆောင်ရွက်ထားမှု ရှိပါကြောင်းနှင့် အဆိုပါ ဧပြီလ ၁ ရက်နေ့မှစတင်၍ ၆ လတာ ကာလ အတွင်း လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုမြှင့်တင်ရေး ကာလအဖြစ် ပျံသန်းဆင်းသက်ခနှင့် လေယာဉ်ရပ်နားခများကို ၅၀ ရာခိုင်နှုန်း လျော့ချပေးခြင်းနှင့် ခရီးသည်ဝန်ဆောင်ခများကို အခမဲ့ ဖြေလျော့ပေးခြင်းများကို အသိပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး နေပြည်တော်လေဆိပ်အား အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် ၁-၄-၂၀၁၃ နေ့တွင် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ကြေညာပေးခဲ့ပါကြောင်း။
ယခုအခါ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို Bangkok Airways ခရီးစဉ် ဘန်ကောက်-နေပြည်တော်-ဘန်ကောက်၊ စတင်ပျံသန်းရက် ၃၀-၉-၂၀၁၃၊ ပျံသန်းမှုအကြိမ်ရေ လက်ရှိ တစ်ပတ်လျှင် ၃ ကြိမ်ပျံသန်းလျက်ရှိရာမှ ၂၈-၁၀-၂၀၁၃ မှစတင်ပြီး တစ်ပတ်လျှင် ၅ ကြိမ် ပျံသန်းသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် Thai Air Asia လေကြောင်းလိုင်းမှ ဘန်ကောက်-နေပြည်တော်-ဘန်ကောက်ခရီးစဉ်အား တစ်ပတ်လျှင် ၇ ကြိမ်ဖြင့် ၂၈-၁၀-၂၀၁၃ ရက်နေ့မှ စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး စင်္ကာပူ Airlines၊ မလေးရှား Airlines တို့သည် ဒီဇင်ဘာလအတွင်း နေပြည်တော်သို့ ပျံသန်းဆင်းသက်လိုကြောင်း အဆိုပြုလွှာများ ရရှိပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာလေကြောင်းလိုင်းများမှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက် ထပ်မံပြေးဆွဲရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဆက်လက် ဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အခြေပြု၍ ပြည် တွင်းခရီးစဉ်များ ပျံသန်း ပြေးဆွဲခွင့်ပြုရန် အဆိုပြုတင်ပြထားသည့် FMI လေကြောင်းလိုင်းနှင့် APEX လေကြောင်း လိုင်းများကိုလည်း လိုအပ်သည့် စိစစ်မှုများပြုလုပ်လျက် ခွင့်ပြုဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
