ဝန်ထမ်းများအသစ်ခန့်ထားသည့် အခါဖြစ်စေ၊ ပြောင်းရွှေ့တာဝန်ချထားသည့် အခါဖြစ်စေ၊ ဝန်ထမ်းများ၏ဆန္ဒကို ရယူကာ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၁၀.၂၀၁၃)

ရခိုင်ပြည်နယ်ရှိ လူငယ်လူရွယ်များသည် ဘွဲ့ရပြီး ဝန်ထမ်းအများဆုံး လုပ်ကိုင် ပါကြောင်း၊ ရခိုင်ပြည်နယ်၏ မြို့နယ်တစ်ချို့တွင် ဝန်ထမ်းအသစ် အဟောင်း များ ပြောင်းရွှေ့ခန့်ထားရာ၌  အမြဲနေထိုင်ရာဒေသမှ ဝေးလံသော ဒေသများ သို့ ပြောင်းရွှေ့တာဝန်ချ ထားခြင်းများကြောင်း မိသားစု စားဝတ်နေရေး၊ လူမှုရေး ပြဿနာများ ကြုံတွေ့နေရ သည့်အတွက် ဤမေးခွန်း ကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊  မိမိဒေသရှိ ဌာနများတွင် တာဝန်ထမ်းဆောင်နေ သည်မှာ အဆင်ပြေနေကြပါသော်လည်း အခြားဒေသသို့ ပြောင်းရွှေ့ တာဝန်ပေး လိုက်ခြင်းကြောင့် သာမန်ဝန်ထမ်း တစ်ဦးအနေဖြင့် ၎င်းတို့ရရှိသောလစာနှင့် စားဝတ်နေရေးပြေလည်အောင် ဖြေရှင်းရန် အခက်အခဲ များစွာရှိနေကြပါသည်။ အခြားဒေသတစ်ခုကို ပြောင်းရွှေ့လိုက်ခြင်းကြောင့်  အိမ်ငှားရခြင်း၊ အိမ်ခန်းငှားခ သည် လစာ၏ သုံးပုံနှစ်ပုံခန့် ဖြစ်နေခြင်း၊ ဇနီးမောင်နှံနှစ်ဦးစလုံး ဝန်ထမ်း များဖြစ်နေလျှင်လည်း သားသမီးများ၏ ကျောင်းကိစ္စ၊ လူမှုရေးကိစ္စများနှင့် အိမ်ထောင်စု နှစ်စုစာအတွက် ကုန်ကျစရိတ်များပြားနေခြင်း စသည့်အခက်အခဲများကြောင့်  ဝန်ထမ်းအချို့ သည် နှုတ်ထွက်စာ တင်ကြရသည်အထိ ဖြစ်လာကြရပါကြောင်း၊  ဝန်ထမ်းများကို တစ်နေရာမှ တစ်နေရာ သို့ ပြောင်းရွှေ့ခြင်းအားဖြင့် နိုင်ငံတော်မှ ကုန်ကျစရိတ်များပြားခြင်း၊ မဖွံ့ဖြိုးမတိုးတက်သေးသောေ ဒသများသို့ တစ်ချို့ဝန်ထမ်းများအား အပြစ်ပေး ပြောင်းရွှေ့ထားခြင်းဖြင့် ဒေသခံပြည်သူများသည် ဌာန၏ထောက်ပံ့ကူညီမှုကို  မရရှိခြင်းတို့ကြောင့်  ဒေသဖွံ့ဖြိုးရေးကို လိုလားသော ဝန်ထမ်းများကိုသာ တာဝန်ပေးစေလွှတ်သင့်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအလုပ်ခန့် ထားရာ၌ဖြစ်စေ၊ ပြောင်းရွှေ့တာဝန်ချထားရာ၌ဖြစ်စေ မူတစ်ရပ်ရှိသင့်သည်ဟု ယူဆမိပြီး အဆိုပါမူမှာလည်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏နေထိုင်ရာ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသတို့အပေါ်အခြေခံရမည်ဖြစ်ပါကြောင်း၊ မလွဲမသွေပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဆိုပါက  ဝန်ထမ်းများ၏ဆန္ဒကိုရယူပြီး အနီးစပ်ဆုံးတိုင်းဒေသများကို တာဝန်ပေး၊ ပြောင်းရွှေ့ ပေးခြင်း များ ပြုလုပ်ပေးသင့်ပါကြောင်း၊  ထို့ကြောင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် မိမိဒေသ၊ မိမိတို့၏ပြည်နယ်၊ တိုင်းဒေသကြီးများတွင် တာဝန်ထမ်းဆောင်နိုင်ခွင့်ရမည်ဆိုပါက မိမိတို့၏ ဒေသ အကျိုးများကို ပိုမိုထမ်းဆောင်နိုင်မည်ဖြစ်ပါ၍ ဝန်ထမ်းများအသစ်ခန့်ထားသည်‌့ အခါဖြစ်စေ ပြောင်းရွှေ့တာဝန်ချ ထားသည့် အခါဖြစ်စေ ဝန်ထမ်းများ၏ဆန္ဒကိုရယူကာ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။

အဖြေ
ဖြေကြားသည့် ဌာန 
သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်

နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၃) ရွေးချယ်ခန့်ထားခြင်း ခေါင်းစဉ်ပါ ပုဒ်မ ၇ တွင် ဝန်ထမ်းရွေးချယ် ခန့်ထားရေးကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အခါအားလျော်စွာ သတ်မှတ်ချက်များနှင့်အညီ-

(က) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးများသည် ဝန်ထမ်း အဖွဲ့အစည်း အသီးသီး၏ ဝန်ထမ်း အမျိုး အစားအလိုက် သတ်မှတ်သည့် စတင်ခန့်ရာထူးအဆင့်အတွက် ရာထူးဝန် အဖွဲ့က ရွေးချယ်ပေးထားသော ဝန်ထမ်းများကို ခန့်ထားရမည်။

(ခ) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ပုဒ်မခွဲ (က)အရ ခန့်ထားသော ရာထူးအဆင့်မှတစ်ပါး အခြားအဆင့်အတွက် ဝန်ထမ်း များ ကို ရွေးချယ်ခန့်ထားရမည်ဟု ပြဋ္ဌာန်းထားပါသည့်

ထပ်မံ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၃) ပုဒ်မ ၈ တွင်လည်း  အရာထမ်းများအား ဝန်ထမ်းအဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

 (က) ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင်အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်း အဖွဲ့တစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့်အရည်အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည်။

 (ခ) ရာထူးဝန်အဖွဲ့သည် ပုဒ်မ (က)အရ ညှိနှိုင်းလာသည့်အပေါ် စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြရ မည်ဟု ဖော်ပြထားပါသည်။

နိုင်ငံတော်သမ္မတကလည်း ဌာနဆိုင်ရာများ စီမံခန့်ခွဲရေးကိစ္စအတွက် အောက်ပါအတိုင်း ညွှန်ကြားထားရှိပါသည်။

 (က) တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား တိုင်းဒေသကြီး/ ပြည်နယ်   အစိုးရများက စီမံခန့်ခွဲ၊ လမ်းညွှန်၊ ကြီးကြပ်၊ စစ်ဆေးဆောင်ရွက်သွားရန်။

 (ခ) ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက စွမ်းဆောင်ရည် အကဲဖြတ်ချက်အစီရင်ခံစာများ အား ပြုစု၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုဝန်ကြီးဌာနများသို့ မိတ္တူပေးရန်။

 (ဂ)     ပြည်ထောင်စုဝန်ကြီးဌာနများက ရာထူးတိုးမြှင့်ရေးနှင့် အပြောင်းအရွှေ့စီမံရာတွင် ယင်းအကဲဖြတ်ချက် အပေါ် မူတည်ဆောင်ရွက်ရန်ဟု ဖော်ပြပါရှိပါသည်။

ဝန်ထမ်းများကို ခန့်အပ်ရန် ခေါ်ယူစဉ်အခါက အဆိုပါဝန်ထမ်းလောင်းကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်လျှောက် ထားပြီး ယှဉ်ပြိုင်အရွေးခံပြီးမှ ဝန်ထမ်းအသစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပါကြောင်းနှင့် ရာထူးတိုးမြှင့်ခံရသည့် အခါတွင်လည်း ဝန်ထမ်းများ၏ တင်ပြချက်အပေါ် ဝန်ကြီးဌာနများမှ ဖြစ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် အဆိုပါဝန်ထမ်းများ၏ စားဝတ်နေရေး၊ လူမှုရေး အဆင်ပြေမည့်နေရာကို သာ ပြောင်းရွှေ့ခန့်ထားပေးမည်ဟု ကတိပြုခဲ့ခြင်း၊ ဖော်ပြခဲ့ခြင်းမရှိပါသောကြောင့် ဝန်ထမ်းများ၏ ဆန္ဒကိုရယူ ကာ ပြောင်းရွှေ့ပေးနိုင်ခြင်းမရှိပါကြောင်း၊ ပြဋ္ဌာန်းဥပဒေနှင့် ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက် ရန်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။