ကံသာယာကျေးရွာတွင်စိမ့်စမ်းရေသွယ်ဆောင် ရွက်ပေးရန်၊ နန်းဗဟိုရ်ကျေးရွာအား လက်နှိပ် တုံကင်(၃)တွင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၁၀.၂၀၁၃)

မိမိအနေဖြင့် ယခုမေးမည့်မေးခွန်းကို သြဂုတ်လ ၂၈ ရက်နေ့က တင်ပြခဲ့ပြီး ၃-၁၀- ၂၀၁၃ နေ့တွင် မေးမြန်းခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနမှ အပိုင်း(က)လမ်း တံတားကိစ္စကို ဖြေရှင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အပိုင်း(ခ) သန့်ရှင်းသောသောက် သုံးရေနှင့် ပတ်သက်၍ ဆက်လက်မေးမြန်း သွားမည် ဖစ်ပါကြောင်း၊ ကလေး မြို့နယ်တွင် ၈၀ ရာခိုင်နှုန်း ရေအခက်အခဲမရှိသော်လည်း မြစ်သာမြစ် ကမ်းနဖူးရှိ  ကုက္ကို၊ နွား၊ အင်းကျွန်း၊ ရေရှင်၊ ကျောက်တုရွာများနှင့်  ကလေးမြို့မြောက်ပိုင်း စခန်းကြီးလမ်းပေါ်မှ စော်ဘွားရေရှင်အထိ ရေအခက် အခဲများ ရှိပါကြောင်း၊ ထို့ကြောင့် ယင်းဒေသများသည် နွေရာသီ တွင် ရေအခက် အခဲများနှင့် ရင်ဆိုင်နေ ရသည့်အတွက် အိမ်ခြေ ၁၄၅ အိမ်၊ လူဦးရေ ၆၆၂ ဦးရှိ ကံကြီးကျေးရွာအုပ်စု၊ ကံသာယာရွာလေးတွင် စိမ့်စမ်းရေသွယ်ဆောင် ရွက်ပေးရေးနှင့် အိမ်ခြေ ၂၃၅ အိမ်၊ လူဦးရေ ၇၈၅ ဦးရှိ စခန်းကြီးကျေးရွာအုပ်စု၊ နန်းဗဟိုရ်ကျေးရွာတွင် လက်နှိပ်တုံကင် ၃ တွင်း သို့မဟုတ် စက်ရေတွင်း တူးပေးစေလိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ၂၀၁၃-၁၄ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်   မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။

အဖြေ

စိမ့်စမ်းရေသွယ်ခြင်းဆောင်ရွက်လိုသည့် ကလေးမြို့နယ် အိမ်ခြေ ၁၃၅ အိမ်၊ လူဦးရေ ၆၆၇ ဦးရှိ ကံကြီးကျေးရွာအုပ်စု၊ ကံသာယာကျေးရွာတွင် လက်တူးတွင်းကျယ် ၁ တွင်း၊ လက်နှိပ်တုံကင် ၃ တွင်းတူးဖော်လိုသည့် အိမ်ခြေ ၁၉၀ ၊ လူဦးရေ ၉၂၅ ဦးရှိ စခန်းကြီးကျေးရွာအုပ်စု နန်းဗဟိုရ်ကျေးရွာတွင် တွင်းတိမ် ၅ တွင်း၊ လက်တူးတွင်း ၁၀ တွင်းတို့မှ ရေရယူသုံးစွဲနေပြီး လက်ရှိရေရ ရှိသော်လည်း ရေထပ်မံလိုအပ် သောအနေအထားတွင် ရှိနေပါကြောင်း၊ ထို့ကြောင့် ကံသာယာကျေးရွာနှင့် နန်းဗဟိုရ်ကျေးရွာ များ တွင် ရေရရှိရေး အတွက် ကလေးမြို့ နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးပြီး ခန့်မှန်းတွက်ချက်ကာ ဦးစားပေးအလိုက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် တင်ပြသွား မည် ဖြစ်ပါကြောင်း၊ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့် ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ၂၀၁၃-၁၄ ဖြည့်စွက်တွင်လည်းကောင်း ဘဏ္ဍာငွေ လျာထားရေးဆွဲထားခြင်း မရှိသေးပါကြောင်းနှင့် လိုအပ်ပါက လာမည့်နှစ်များတွင် တိုင်းဒေသကြီး အစိုးရမှ တစ်ဆင့် ရောက်ရှိလာသော ခန့်မှန်းတွက်ချက်မှု အပေါ်ဦးစားပေးအလိုက် ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များ တွင် လျာထားရေးဆွဲသွားခြင်းကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။