ကျောက်တော်မြို့နယ်ရှိ ပိန္နဲချောင်း-ကြောင်စွယ်ဖြူ ကမ်းခြေဒေသကို လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
၆၆ ကေဗွီ ကျောက်တော်ဓာတ်အားခွဲရုံမှ ပိန္နဲချောင်းကျေးရွာပတ်ဝန်းကျင်တွင်ရှိသည့် မီးလင်းရန် ကျန်ရှိ နေသည့် ကျေးရွာ ၁၀ ရွာအနက် ဝက်မှိုင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ သဝင်ကိုင်း ကျေးရွာများကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်၊ စစ်အောင်ကျေးရွာ၊ ရွှေလှိုင်ကျေးရွာ၊ သာဒါဆိပ်ကျေးရွာ တို့ကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နှင့် ဗျာလာကျေးရွာ၊ ဆင်အိုးချိုင် (ရွာသစ်) ကျေးရွာ၊ ပလောင် ကျေးရွာ တို့ကို ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် များတွင်လည်းကောင်း ဘဏ္ဍာငွေထည့်သွင်းလျာထားပြီး ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ကြောင်စွယ်ဖြူကမ်းခြေတစ်လျှောက်နှင့် ဂုပ္ပိထောင့် ကျေးရွာပတ်ဝန်းကျင်တွင်ရှိသည့် ကျေးရွာပေါင်း ၃၀ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကျောက်တော် မှ ဂုပ္ပိထောင့်အထိ ၆၆ ကေဗွီ ဓာတ်အားလိုင်း ကိုးမိုင်တည်ဆောက်ခြင်းနှင့် ဂုပ္ပိထောင့်ကျေးရွာမှာ ၆၆ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဝန်ကြီးဌာနမှ ငါးနှစ်စီမံကိန်း အတွင်းပါဝင်သည့် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေရန်ပုံငွေတွင် ထည့်သွင်း လျာထားပါကြောင်း နှင့် ဂုပ္ပိထောင့်ခွဲရုံ တည်ဆောက်ပြီးပါက ကြောင်စွယ်ဖြူကမ်းခြေတစ်လျှောက်နှင့် ဂုပ္ပိထောင့် ကျေးရွာအနီးရှိ ကျေးရွာပေါင်း ၃၀ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် 11 KV ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ တပ်ဆင်ရေးအတွက်ကို ရခိုင်ပြည်နယ်အစိုးရ၏ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
