ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးစတုတ္တနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၂၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၃)ဦးအနက် (၃၉၂)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၉)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးအောင်ခင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ မေးမြန်းသော ပြင်ဦးလွင်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ နေ့ကလေးထိန်းကျောင်းနှင့် မူကြိုဖွင့်လှစ်ပေးရန် အစီစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ရန် လျာထားပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်ပါ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးရန် ပြင်ဦးလွင်မြို့နယ်တွင် မိခင်ဝိုင်း (၅)ဝိုင်း ကို အောင်ချမ်းသာကျေးရွာ၊ ဒါးသွေးကျောက်ကျေးရွာ၊ အင်သာကျေးရွာ၊ ညံညင်း သာကျေးရွာ၊ ကျင်ဂနိုင်ကျေးရွာများတွင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၂) ဦးအောင်ကျော်ဇံ၊ ပေါက်တောမဲဆန္ဒနယ်မှ မေးမြန်းသော ပေါက်တောမြို့နယ် တောင်ပိုင်းပင်လယ်ကမ်းစပ် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်လျက်ရှိကြသော ပြည်သူ များ၏ အသက်အန္တရာယ်ကို လတ်တလော ကာကွယ်ပေးနိုင်ရန်အလို့ငှာ လေဘေး ဒဏ်ခံအဆောက်အဦ(cyclone Shelter)(၃)လုံးကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၈ ခုနှစ်အတွင်း (cyclone Shelter)(၃)လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်လည်းကောင်း၊ (cyclone Shelter)(၁)လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းငွေဖြင့်လည်းကောင်း ဆောက်လုပ်ပေးရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ မေးမြန်းသော အမှိုက်စွန့်ပစ်ခြင်းနှင့် အမှိုက်သိမ်းဆည်းခြင်း နည်းစနစ်ကောင်းများကို နိုင်ငံသားများအားလုံး တစ်ပြေးညီ လိုက်နာကျင့်သုံးဆောင်ရွက်သွားနိုင်မည့် စီမံချက်များရေးဆွဲချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲရာတွင် မြို့ရွာတွေ သာမက ကျေးလက်နေပြည်သူများအတွက်ပါ မဟာဗျူဟာကျတဲ့ မူဝါဒတစ်ရပ် ရေးဆွဲချမှတ်ရန် သဘောတူညီမှုရှိထားပြီး ငွေကြေးလုံလောက်စွာ သုံးစွဲနိုင်ရန် နိုင်ငံတော်အနေဖြင့် အကူအညီပေးသင့်ပါကြောင်းနှင့် စည်ပင်သာယာရေးအဖွဲ့အစည်း များနှင့်အတူ အမျိုးသားကျန်းမာရေးဆိုင်ရာကိစ္စတစ်ရပ်အနေဖြင့် စီမံဆောင်ရွက် သင့်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိမဲဆန္ဒနယ်မှ မေးမြန်းသော တောင်ညိုချောင်း၊ နတ်တောင် ချောင်းနှင့် တခွန်တိုင်ချောင်းများ တိမ်ကောမှုကြောင့် ကျေးရွာများနှင့်လယ်ယာမြေ များအတွင်း ရေတိုက်စားကမ်းပြိုမှုများနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ပျက်စီးဆုံးရှုံးမှု များကို ကာကွယ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက သောင်တူးခြင်းနှင့် မြေထိန်းတမံ တည်ဆောက်ခြင်းတို့အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအရေးပေါ် ရန်ပုံငွေမှ ခွင့်ပြုပြီးဖြစ်ပါသဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်မှ မေးမြန်းသော မြို့ဝင်ကြေးကောက်ယူနေမှု များအား ပိုမိုသင့်လျော်ကောင်းမွန်သော နည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဥပဒေနှင့်အညီကောက်ခံခြင်းဖြစ်သည့်အတွက် ကျန်တိုင်း ဒေသကြီး/ပြည်နယ်များအနေဖြင့် ဖျက်သိမ်းပေးရန် အစီအစဉ်မရှိသေးပါကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကိုယ်စား ပြန်လည်ဖြေကြားခဲ့ သည်။
(၆) ဦးကံမြင့်၊ သရက်မဲဆန္ဒနယ်မှ မေးမြန်းသော မကွေးတိုင်းဒေသကြီး မြန်မာ့စီးပွားရေး ဘဏ်၊ သရက်ခရိုင်ဘဏ်ခွဲ အဆောက်အဦသည် နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်း ဆွေးမြေ့ခြင်း၊ အန္တရာယ်ရှိခြင်း၊ လုပ်ငန်းပမာဏနှင့် အဆောက်အဦအရွယ်အစား မျှတမှုမရှိသည့်အတွက် အဆောက်အဦအသစ် တည်ဆောက်ခွင့်ပြုပါရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာ့စီးပွားရေးဘဏ်၊ သရက်ဘဏ်ခွဲ မူလအဆောက်အအုံ ဟောင်းအား ဖျက်သိမ်း၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခရိုင်ဘဏ်ခွဲအဆင့်နှင့် လျော်ညီသော ဘဏ်ခွဲအဆောက်အအုံသစ်ကို ဆောက်လုပ်နိုင်ရေးအတွက် ငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၇) ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ မေးမြန်းသော ဝန်ထမ်းများဌာနတွင်း သင်တန်းများနှင့် အခြားသင်တန်းများကို ညအိပ်ညနေသင်တန်းတက်ရောက်ရာတွင် ခရီးစရိတ်ဥပဒေပါ နေ့တွက်စရိတ်ကို ခံစားခွင့်မရှိဘဲ တည်ဆဲသင်တန်းစားစရိတ်နှုန်းထားအရ တစ်ရက် ကျပ်(၅၀၀)နှုန်းသာ ခံစားခွင့်ရှိသဖြင့် သင်တန်းစားသောက်စရိတ်အား လက်ရှိ ကုန်ဈေးနှုန်းနှင့် မျှတသည့်နှုန်းသို့ တိုးမြှင့်ခံစားခွင့်ပြုနိုင်ခြင်း အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ သဘောထားများပါ ရယူစုစည်း၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဆိုပြုတင်ပြနိုင်ရန် စီစဉ် ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဦးသိန်းထွန်း၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ မေးမြန်းသော JICA(Two Step Loan)ဖြင့် လယ်ယာလုပ်ငန်းကဏ္ဍ(Farming)နှင့် လယ်ယာကဏ္ဍကိုအခြေခံသော စီးပွားရေး လုပ်ငန်းကဏ္ဍ(Agri-business)များအတွက် ချေးငွေထုတ်ချေးရာတွင် လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် အကျိုးသက်ရောက်မှုရှိ/မရှိနှင့်စပ်လျဉ်း၍ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက JICA(Two Step Loan)ချေးငွေကို (၁)ဧက မှစ၍ ဧကများစွာ လုပ်ကိုင်နေသော တောင်သူလယ်သမား များသို့ ထုတ်ချေးပေးခြင်းဖြစ်သဖြင့် အကျိုးသက်ရောက်မှုရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၉) ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်မှ မေးမြန်းသော မန်တုံမြို့နယ်တွင် မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လောလောဆယ် ဘဏ်ခွဲဖွင့်လှစ် ပေးနိုင်ခြင်းမရှိသေးပါကြာင်းနှင့် အချိန်ကာလ၊ ဒေသအခြေအနေအရ ပြည့်စုံလာပါက သုံးသပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လျင်မြန်ချောမွေ့လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး လုပ်သားအင်အား အခြေပြုသော ထုတ်လုပ်ငန်းများ (Labour Intensive Industry) ပိုမိုဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်လာစေရန်အတွက် ရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းများပေါ်လာအောင် ကူညီ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဒေါ်ချိုချို၊ အုတ်တွင်း မဲဆန္ဒနယ်က တင်သွင်းပြီး ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအားဆက်လက် ဆွေးနွေးရန် လွှတ်တော်ကအတည်ပြုသဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် ၂၃.၁.၂၀၁၈ ရက် ( အင်္ဂါနေ့ ) ညနေ (၄)နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ ( ၅၅ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပမည့်ရက်ကို ၂၃.၁.၂၀၁၈ ရက်(အင်္ဂါနေ့)နံနက် ၁၀ နာရီတွင် လျာထားပါသည်။
