မိမိအနေဖြင့် ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် လာဘ်ပေးလာဘ်ယူဆောင်ရွက်မှု များနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၏ ဖြေကြားချက်ကို လွှတ်တော်အစည်းအဝေးပြီးချိန်တွင် မိမိစာဖြင့် လက်ခံရရှိပါကြောင်း၊ လာဘ်ပေးလာဘ်ယူဖြစ်ပေါ်ခဲ့သည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ အဖွဲ့အစည်းက အမှုမည်မျှကျူးလွန်သည်ဟု ဖော်ပြရာတွင် ပြည်ထောင်စုတရားရုံးချုပ်က (၃) ခုသာ ပါရှိပါကြောင်း၊ လွှတ်တော်ထဲတွင် တိုင်ကြားစာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက တိုင်ကြားစာ တစ်သောင်းကျော်တွင် တရားသူကြီးများကို တိုင်ကြားထားသည်မှာ ထောင်ပေါင်းများစွာ ရှိနေသည်ဟု ပြောခဲ့ပါကြောင်း၊ လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေးကော်မတီ၏ ဖြေကြားချက်တွင် ပါဝင်သော ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော လာဘ်ပေးလာဘ်ယူအမှု (၃) မှုမှာ မည်သည့်အမှုများဖြစ်သည်ကို သိရှိလိုပါကြောင်း၊ အဆိုပါအမှုနှင့် ပတ်သက်၍ စီမံခန့်ခွဲရေးနည်းလမ်းအပြင် ဥပဒေကြောင်းအရ တရားစွဲ အရေးယူမှု ရှိ/မရှိ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အတည်ဖြစ်ခဲ့သည့် ၇-၈-၂၀၁၃ ရက်နေ့မှ ၂၇-၄-၂၀၁၄ ရက်နေ့အထိ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့်ပတ်သက်၍ တိုင်ကြားစာများ မည်မျှရရှိခဲ့သည်ကို သိရှိလိုပါကြောင်း၊ တိုင်ကြားစာများနှင့် ပေါ်လွင်ထင်ရှားမှုရှိသော အမှုအရေအတွက် မည်မျှရှိသည်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့သော အမှုအရေအတွက် မည်မျှ ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်မှုကော်မတီက ပေးပို့သည့် အမှုသည် (၃) မှုသာရှိပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေး ကော်မတီက ပေးပို့ခဲ့သော အမှုများပင်ဖြစ်ပါကြောင်း၊ ယင်းအမှု (၃) မှုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ ဒေါ်ချိုချိုဝင်းကြည်က မိမိ၏ငွေများကို စာချုပ်စာတမ်းဖြင့် လိမ်ယူသွားသော တရားခံပြေး ဦးထွန်းလင်းအောင်မှ (၆) ဦးကို ပြစ်ဒဏ်မှ အကာအကွယ်ပေးပြီး လာဘ်ငွေများ ယူသည်ဆိုသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးနှင့် ဒုတိယမြို့နယ် တရားသူကြီးကို အရေးယူပေးရန် ပြန်တိုင်ကြားသောအမှု၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့နယ် ကိုသိန်းအေးက လောင်းကစားဥပဒေပုဒ်မ ၁၅ ပုဒ်မခွဲ (က) အရ တရားစွဲဆိုခြင်းခံရသော မမာမာဝင်း၏အမှုတွင် ကျောက်တံခါးမြို့နယ်တရားရုံးက ရုံးအကူ ဝန်ထမ်းက လာဘ်ငွေကျပ် တစ်သိန်းတောင်းသည့်အပေါ် အရေးယူပေးရန် တိုင်ကြားသောအမှုနှင့် ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်ကျေးရွာမှ ဦးစီကူးမားကို ကျောက်တံခါးမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရ တရားစွဲဆိုရာတွင် တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးမိုးမှတစ်ဆင့် တရားသူကြီးကို လာဘ်ငွေပေးသည်အတွက် အရေးယူပေးပါရန် တိုင်ကြားသည့်အမှုတို့ဖြစ်ပါကြောင်း၊ ယင်းအမှု (၃) ခုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြို့နယ်တရားရုံးက တွဲဖက်မြို့နယ်တရားသူကြီးနှင့် ဒုတိယမြို့နယ်တရားသူကြီးတို့အပေါ် တိုင်ကြားသည့်အမှုနှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေးကော်မတီက ပဏာမစစ်ဆေးမှု ပြုလုပ်ပြီး လာဘ်ပေးလာဘ်ယူ တောင်းခံကြောင်း အထောက်အထားများ မတွေ့ရှိရသည့်အတွက် အမှုနှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူရန်မရှိသော်လည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားမှုကို ပြန်လည်တင်ပြပေးရန် အကြောင်းကြားထားခြင်းဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အမှုမှာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ထားကြောင်း စုံစမ်းတွေ့ရှိရသည့်အတွက် ပြန်ကြားထားပြီးဖြစ်ပါကြောင်း၊ ကျောက်တံခါးမြို့နယ် တရားရုံးက ရုံးအကူဝန်ထမ်းများ လောင်းကစားမှုတွင် လာဘ်ငွေတောင်းခံသည့် ကိစ္စနှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေးကော်မတီကလည်း ပဏာမစစ်ဆေးမှုများ ပြုလုပ်ပါကြောင်း၊ ပဏာမစစ်ဆေးမှုများပြုလုပ်ပြီး နောက်ပိုင်း တွေ့ရှိချက်နှင့် ပတ်သက်ပြီး ပြန်လည်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ပြလာခြင်းဖြစ်ပါကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ စုံစမ်းမှုပြုလုပ်ရာတွင် လာဘ်ပေးသည်ဆိုသော တိုင်ကြားသူကိုယ်တိုင်က ထင်ရှား ထွက်ဆိုနိုင်ခြင်း၊ သက်သေတင်ပြနိုင်ခြင်း မပေါ်ပေါက်သည့်အတွက် သက်ဆိုင်ရာဝန်ထမ်းအပေါ်တွင် အမှုအရ တရားစွဲဆိုသော အမှုအရ လုံလောက်သော အထောက်အထားမရှိသည့်အတွက် စီမံခန့်ခွဲရေးနည်းလမ်းအရ ပြောင်းရွှေ့တာဝန်ထမ်း တင်ပြအပ်ပါကြောင်း၊ ကျောက်တံခါးမြို့နယ် ဦးစီကူမား၏ တိုင်းကြားချက်နှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေးကော်မတီက အဓိကကျသည့် သက်သေခံချက်များ၏ သုံးသပ်ချက်အပေါ် မြို့နယ်တရားသူကြီး၏ သုံးသပ်ချက်သည် သင့်လျော်မှုရှိ/မရှိကို စိစစ်ပေးရန် ပြန်လည်ပေးပို့ခြင်းဖြစ်ပါကြောင်း၊ မြို့နယ်တရားသူကြီးသည် အမှုတွင်ပေါ်ပေါက်သည့် သက်သေခံချက်များအပေါ် မိမိ၏ဆင်ခြင်နှုန်းထားအရ သုံးသပ်ဆောင်ရွက်ခြင်းဖြစ်သည်ကို တွေ့ရကြောင်း ပြန်လည် အကြောင်းကြားခဲ့ပြီးဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူ အရေးယူ ဆောင်ရွက်ရေးကော်မတီက အကြောင်းကြားခဲ့သည် အမှုများနှင့်ပတ်သက်၍ ယနေ့အထိ လက်ခံရရှိသည့် တိုင်စာပေါင်း ၁၃ စောင်ဖြစ်ပြီး စုံစမ်းစစ်ဆေးပြီး မမှန်မကန်ပိတ်သိမ်းသည်တိုင်စာပေါင်း ၇ စောင်၊ စုံစမ်းစစ်ဆေးဆဲတိုင်စာ ၆ စောင် ရှိပါကြောင်း၊ အရေးယူဆောင်ရွက်သည့်အမှု တစ်စောင်ရှိပြီး ရန်ကင်းမြို့နယ် တွဲဖက်တရားသူကြီးအပေါ် အကတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်း) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂-၇-၂၀၁၄ ရက်နေ့ထုတ် Eleven သတင်းစာတွင် လာဘ်ငွေ သိန်း ၅၀ ယူသော မုံရွာမြို့နယ်က တရားသူကြီး ဒေါ်ခင်လဲ့လဲ့ အကြောင်း အသိအလင်းရေးသားထားရာ သိန်း ၅၀ ယူသည့်အကြောင်းကို သူ့ခင်ပွန်းကိုယ်တိုင် အချက်အလက်ပြည့်စုံသည့်ဟု ပြောကြားချက်အပေါ် တရားသူကြီးအား ဖျာပုံမြို့နယ် တရားရုံးကို ဒုတိယမြို့နယ် တရားသူကြီးအဖြစ် ရာထူးသုံးနှစ်လျှော့ပြီး ပြောင်းရွှေ့ရန် ချမှတ်ခဲ့ပါကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူပြီး လာဘ်ပေးလာဘ်ယူရန် အကတိလိုက်စားမှုတားမြစ်ရေး ဥပဒေအရ အရေးယူရန် အစီအစဉ်ရှိ/မရှိ။ လွှတ်တော်ကိုယ်စားလှယ်များကို တိုင်၍ အရေးယူသည်ဆိုသည့်အချက်မှာ မှန်ကန်မှု ရှိ/မရှိနှင့် မှန်ကန်မှုမရှိပါက လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားမှုပေးပို့သည့်နေရာတွင် နိုင်ငံ့ဝန်ထမ်းများက ပေးပို့နိုင်ခွင့် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်
ကိုယ်စားလှယ်တော်ကြီး၏ ဆက်စပ်မေးခွန်းသည် ကြိုတင်ပေးပို့ထားသော ကြယ်ပွင့်ပြမေးခွန်းတါင် မပါဝင်သည့်အတွက် ဖြေကြားရန်အတွက် အဆင်သင့်မရှိပါကြောင်း ပြန်လည်ပြောကြားပါသည်။
