(က)-ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ထန်းကုန်း အနောက်ကျေးရွာကိုယ့်အားကိုယ်ကိုးကျေးလက် မီးလင်းရေးနှင့် ပတ်သက်၍မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကိုသိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁.၁၁.၂၀၁၃)
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု ထန်းကုန်း အနောက်ဘက်ကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်၊ လူဦးရေ ၇၀၀ ကျော် နေထိုင်လျက်ရှိပြီး လက်ရှိတွင် လျှပ်စစ်မီးရရှိရေးအတွက် ကျောင်းရှစ်ဆယ် ကပေါင်းဒေသမှ တစ်မိုင်ခန့် ကွာဝေးသော ထန်းကုန်းဘုန်းတော်ကြီးကျောင်းအရောက် 315 KV Single Line တစ်ခု သွယ်တန်းထားပြီးဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် ဘေးပတ်ဝန်းကျင် ရွာများနီးတူ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ကျေးလက်မီးလင်းရေး ယာယီကော်မတီ ဖွဲ့ပြီး ဆောင်ရွက်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု ထန်းကုန်း အနောက်ဘက်ကျေးရွာအား လျှပ်စစ်မီးလင်းရေးအတွက် နိုင်ငံတော်မှ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။

 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖံွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ
မွေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖံွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ ထန်းကုန်း အနောက်ကျေးရွာ ကိုယ့်အားကိုယ်ကိုး ကျေးလက်မီးလင်းရေးတွင် 200 KVA ထရန်စဖော်မာတစ်လုံး၊ 11 KV လိုင်းတစ်လိုင်း တစ်မိုင်ခန့် သွယ်တန်းလျက် ကျေးရွာ အတွင်းသို့ ၄၀၀ ဗို့အားလိုင်း ၁.၅ မိုင် သွယ်တန်းမည်ဆိုပါက စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ၆၄.၂ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ မိမိတို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာမီးလင်းရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။

ပဲခူးတိုင်းဒေသကြီးအတွင်း  ဆောင်ရွက်ပေးရမည့် လုပ်ငန်းအခြေအနေများမှာ ယခု ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်း အတွင်းရှိ မြို့ပေါင်း ၈ မြို့၊ ကျေးရွာပေါင်း ၈ ရွာ၊ အကျိုးပြုအိမ်ခြေ ၇၈၃ အိမ်အတွက် ဆိုလာမီးလင်းရေး လုပ်ငန်းများကို ခွင့်ပြုငွေကျပ်သန်း ၁၅၆.၆ သန်းဖြင့်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ခွင့်ပြုငွေများလည်း လွှဲပြောင်းပေးအပ်ထားခဲ့ပါသည်။ ထို့ပြင် ၂၀၁၃-၂၀၁၄ ငွေလုံးဖြည့်စွက် စာရင်းအရ မြို့နယ် ၄ မြို့နယ်၊ ကျေးရွာ ၅ ရွာ၊ အိမ်ခြေပေါင်း ၁၂၁၄ အိမ်များအား ဆိုလာမီးလင်းရေး၊ ဇီဝလောင်စာဖြင့် မီးလင်းရေး အတွက်ကိုလည်း လျာထားပြီးဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ ကျေးရွာမီးလင်းရေး လိုအပ်ချက်များကို ဦးစားပေး အလိုက် ကျေးရွာများဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များမှ ပြုစုကာ မြို့နယ်အဆင့် အထောက် အကူပြုအဖွဲ့မှ စိစစ်ထောက်ခံပြီး၊ ၎င်းမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ပြတောင်းခံပါက မိမိတို့ အနေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် လျာထားတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာငွေလျာထားခြင်း မရှိသေး ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။