(ခ)ပင်လောင်းမြို့အား သာယာလှပသော အပန်းဖြေမြို့တစ်မြို့အဖြစ် နိုင်ငံတော်မှ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၂.၁၀.၂၀၁၃)
 

ဒယ်အိုးပုံသဏ္ဍာန်ရှိသော ပင်လောင်းမြို့သည် ရှမ်းကုန်းမြေမြင့်၊ ကုန်းမြင့်လွင်ပြင်၊ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၄၈၂၀ အထက်တည်ရှိပြီး ပတ်ဝန်း ကျင်တွင် ပေပေါင်း ၅၀၀၀ ကျော်မြင့်သော တောင်တန်းများ ဝိုင်းရံလျက်ရှိပြီး မြို့လယ်တွင် ကြည်လင်အေးမြသော စမ်းချောင်း၊ ရေအေးချောင်း ဖြတ်သန်း စီးဆင်းလျက်ရှိပါသည်။ နေပြည်တော်- ပင်လောင်းလမ်းမပေါ် တွင် သောင်တည်ပွာရွာ၊ စကပ်ရွာများရှိ ကျောက်ဆောင်များ၊ ကျောက်ကလပ်များ၊ အဆင့်ဆင့်သော ကျောက်ထပ်များသည် သဘာဝ အနေအထားအရ လှပစွာတည်ရှိနေသည့်အပြင် ပတ်ဝန်းကျင်အနီးတဝိုက်တွင် ဆင်းလင်းရေတံခွန်၊ ပင်လုံပင်ခါးရေတံခွန်၊ မြို့နယ်အတွင်းရှိ ရေပူစမ်းများသည် ပြည်သူများအတွက် အပန်းဖြေစရာနေရာတစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ ရာသီရတုသည်လည်း စိုစွတ်အေးမြကြည်လင်ပြီး အမြဲစိမ်းလန်းစိုပြေလျက်ရှိ ပါကြောင်း၊ ဆောင်းတွင်း ကာလတွင် နှစ်စဉ် ရေခဲ အမှတ်အောက်ရောက်ရှိပြီး တစ်ချို့နေ့များတွင် အနုတ် ၃ ဒီဂရီစင်တီဂရိတ်အောက် ရောက်ရှိနေသည့်အတွက် တစ်မြို့နယ်လုံးတွင် နှင်းများ များစွာကျ ဆင်းပြီး မြေပြင်တွင် ဖွေးလျက်ရှိပါကြောင်း၊ နွေရာသီတွင် အမြင့်ဆုံးအပူချိန်သည် ၂၅ နှင့် ၃၅ ဒီဂရီစင်တီ ဂရိတ်အောက်တွင် ရှိသည့်အတွက် အပူအအေးမျှတသောမြို့ဖြစ်သောကြောင့် စာရေးဆရာတစ်ဦးက ရန်ကုန်ဆောင်း၊ ပင်လောင်းနွေဟု တင်စား၍ ဆောင်းပါးရေးခဲ့ပါကြောင်း၊ ထို့ပြင် တစ်နှစ်လုံးတွင် မိုးတစ်ကြိမ်သာရွာပြီး တစ်ကြိမ်ရွာလျှင် ၃ လကြာပြီး ဆောင်းတွင်းအခါတွင်လည်း မိုးရွာတတ်သောကြောင့် အနောက်တိုင်းဆန်သော ရာသီဥတုမျိုးရှိသည့် မြို့လေးတစ်မြို့ဖြစ်ပါကြောင်း။

ပင်လောင်းမြို့အရှေ့ဘက်ရှိ လွယ်မောင်းတောင်ထိပ်သည် ၆၁၂၄ ပေမြင့်ပြီး ၎င်းမှအရှေ့ဘက်တွင် အင်းလေးရေပြင်ကြီး၊ အနောက်ဘက်တွင် နေပြည်တော်နှင့်အလှမ်းမဝေးသော အရှေ့မြင်၊ အနောက်မြင်တောင်ကို ရှု့မြင်ခံစားနိုင်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုလမ်းဆုံဖြစ်သည့်အတွက် မြောက်ဘက်တွင် မင်းမသိရွှေဥမင် ဘုရား၊ အောင်ပန်း၊ ပင်းတယမြို့၏အလှ အရှေ့ဘက်တွင် အင်းလေး ကန်နှင့် ဖောင်တော်ဦး ဘုရား၊ တောင်ဘက်တွင် မိုးဗြဲရေလှောင်ကန်၊ သလ္လာဝတီ ကယားတို့ဌာနေနှင့် မြန်မာနိုင်ငံ ၏မြို့တော်ဖြစ်သော နေပြည်တော်မြို့ တည်ရှိပါကြောင်း၊ ထို့ကြောင့် သွားရေးလာရေး၊ လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်သည့်အပြင်  မြို့နယ်အတွင်း၌ ရိုးသားဖြူစင်သော တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး တိုင်းရင်းသားတို့၏ ချစ်စရာကောင်းသော ရိုးရာဓလေ့ကိုလည်း လေ့လာမြင်တွေ့နိုင်ပါကြောင်း။

ကမ္ဘာလှည့်ခရီးသည်များလည်း ပြည်တွင်းသို့ အလည်အပတ်ရောက်လာသော အရေအတွက်သည် များပြားလာသောကြောင့် အပန်းဖြေစခန်းများသည် ပင်လယ်လေပြေလေညှင်းရှူရှိုက်ရင်း၊ အုန်းရည်သောက် ကာ နေဝင်ချိန် ဆည်းဆာအလှကိုခံစားသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသာရှိပြီး လတ်ဆတ်သောတောင်ပေါ်လေ၊ ပန်းပေါင်းစုံရနံ့နှင့် တောင်ပေါ် သဘာဝအလှကိုလည်း နိုင်ငံသူနိုင်ငံသားများနှင့် ကမ္ဘာလှည့်ခရီးသည်များ ခံစားနိုင်စေရန်အတွက် ကုန်းမြင့် အပန်းဖြေစခန်းများ လိုအပ်ပါကြောင်း၊  ပင်လောင်းမြို့အား သာယာလှပသောအပန်းဖြေမြို့တစ်မြို့အဖြစ် နိုင်ငံတော်မှ တည်ဆောက်နိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပြီး စီမံချက်ရေးဆွဲခဲ့သည်ကို ကြားသိရပါကြောင်း၊ ထို့ကြောင့်  ပင်လောင်းမြို့ သာယာလှပ လာပါက နိုင်ငံတော်၏ဝင်ငွေလည်းရရှိသောကြောင့် အပန်းဖြေမြို့လေးတစ်မြို့အဖြစ်  နိုင်ငံတော်မှ တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း
အဖြေ
 

ယခင်က ကန့်သတ်ဧရိယာများအဖြစ် သတ်မှတ်ခဲ့သော နယ်မြေဒေသများသည် ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာမှုလည်း တိုးတက်လာသည့် အတွက် ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံခြားသားများအတွက် နယ်မြေဒေသ သတ်မှတ်ချက်ကို ၁၅-၁-၂၀၁၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန် လည်ပြင်ဆင် သတ်မှတ်ထုတ်ပြန်ခဲ့ သဖြင့် ပင်လောင်းမြို့နယ်နှင့် နောင် တရားမြို့နယ်ခွဲများသည် ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သွားရောက် လည် ပတ်နိုင်သည့် နယ်မြေစာရင်းတွင် ပါဝင်ခဲ့ပါသည်။

ခရီးစဉ်ဒေသများ တိုးမြှင့်ဖော်ထုတ်ရေးနှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေး ဆိုသော အချက်သည် ခရီးသွားလုပ်ငန်းမူဝါဒ၏ အဓိကရည်မှန်းချက်ဖြစ်သည်နှင့် အညီ ပင်လောင်းမြို့သို့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အထူးလိုလားသောကြောင့် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ကွင်းဆင်းကြည့်ရှုပြီး နိုင်ငံခြားသားများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး အတွက် သက်ဆိုင်ရာ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့အစည်းနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ပြီး ဖြစ်ပါကြောင်း၊  ပင်လောင်းမြို့နယ်မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ သွားရောက်နိုင်သကဲ့သို့ အင်းလေး၊ ကလော၊ တောင်ကြီးမြို့များသို့လည်း သွားရောက်နိုင်သည့်အတွက် ပင်လောင်းမြို့ပတ်ဝန်းကျင်တွင် ခရီးစဉ်ပြကွက်ပြကွင်းများ ဖော်ထုတ်ကြော်ငြာနိုင်ပါက နိုင်ငံခြားသားများ စိတ်ဝင်စားပြီး လာရောက်လည် ပတ်မည့်ဒေသ ဖြစ်ပါကြောင်း၊ ပင်လောင်းမြို့နယ်တွင် အခန်း ၂၅ ပါ တည်းခိုခန်း ၁ လုံး သာရှိသောကြောင့် ခရီးသွားဧည့်သည်များ လာရောက်နိုင်စေရန်အတွက် အဆင့်မြင့်ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ပို့ဆောင်ရေး ယာဉ်များ၊ လျှပ်စစ်ဓာတ်အား၊ ရေကောင်း ရေသန့်၊ အင်တာနက်၊ တယ်လီဖုန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက်အဦများ ကောင်းမွန်ရန် အထူးလိုအပ်ပါကြောင်း။

အခြေခံအဆောက်အဦများကောင်းမွန်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများက တာဝန်ယူလုပ်ဆောင်ရမည့် ကိစ္စများရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအစိုးရ အဖွဲ့၊ ဒေသခံလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဒေသ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းလုပ်ဆောင်ကြရန် အထူးလိုအပ်မည် ဖြစ်ပါကြောင်း၊ ပင်လောင်းမြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၄၈၂၀ ပေကျော် အမြင့် ဒယ်အိုးပုံသဏ္ဍာန်ရှိပြီးမြို့လယ်မှာ ကြည်လင်သော စမ်းချောင်း ဖြတ်သန်း စီးဆင်းလျက်ရှိပြီး ဆောင်းတွင်းတွင် မိုးရွာတတ်သည့်အတွက် ရန်ကုန်ဆောင်း၊ ပင်လောင်းနွေ လို့တင်စားခေါ်ဝေါ် ရကြောင်း ဖော်ပြထားသည့်အတွက် နိုင်ငံခြားသားများ နှစ်သက်မည့် ရာသီဥတနှင့် ပတ်ဝန်းကျင်ကောင်းရှိသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထိုကြောင့် နိုင်ငံခြားသားများ စိတ်ဝင်စားမည့် ခရီးစဉ်ဒေသ ပြကွင်းပြကွက် အသစ်များကို ဖော်ထုတ်ပြီး ကမ္ဘာသိအောင် မြှင့်တင်ကြော်ငြာနိုင် မည်ဆိုပါက နိုင်ငံခြားသားခရီးသွားများ လာရောက်ကြမည်ဖြစ်ပါကြောင်း၊ ပင်လောင်းဒေသကို နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားသော နေရာ တစ်ခုဖြစ်စေရန် ဒေသခံများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သောအခြေခံ အဆောက်အဦများ ပြည့်စုံနိုင်စေရေး အတွက် မိမိတို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သက်ဆိုင်ရာအစိုးရဌာနများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းပြီး အပန်းဖြေမြို့တစ်မြို့ ဖြစ်လာနိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။