(ဈ)-ကျေးလက်ဒေသ GSM နှင့် UMIT တိုးချဲ့ တပ်ဆင်ရေး စီမံကိန်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၂.၈.၂၀၁၃)

ဦးအိုက်ယွန်းမွန်း (မက်မန်း) ရှမ်းပြည်နယ်‌မြောက်ပိုင်း ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ လုပ်သားပြည်သူများ ၏ ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ၂၀၁၂ ခုနှစ် ၂ လပိုင်း ၁၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးမှ ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး GSM နှင့် UMIT တိုးချဲ့ တပ်ဆင်ရေး စီမံကိန်းတွင် ထည့်သွင်း လျာ ထား ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသော်လည်း  ယခုအချိန်ထိ ဆောင် ရွက်ပေးခြင်း မရှိခဲ့သည်ကို တွေ့ရှိရပါသောကြောင့် ၎င်း ဒေသရှိ မက်မန်းမြို့နယ် GSM နှင့် UMIT တိုးချဲ့ တပ်ဆင်ရေး စီမံကိန်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ အစီအစဉ် ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

 

 

 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးကို  တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းများ တိုးတက်မြင့်မားရေးအတွက်  တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိရာ မိုဘိုင်း ရေဒီယိုစခန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို ရှမ်းပြည်၊ မက်မန်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိသည့် မြို့နယ်များကို သင်‌့တော်သည့် စခန်းများ တပ်ဆင်ပေးရန်အတွက် ကျွမ်းကျင်သည့် ပညာရှင်များ ဒေသ အာဏာပိုင်အဖွဲ့အစည်းပုဂ္ဂိုလ် များနှင့်  လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးနေပါကြောင်း၊ ထို့အတူ  ပြည်နယ် အစိုးရအဖွဲ့နှင့် အသေးစိတ်ညှိနှိုင်းပြီး အစိုးရအဖွဲ့၏ ဦးစားပေးအဆင့်အလိုက် တင်ပြမှုအပေါ် မူတည်၍ လာမည့် စီမံကိန်းများတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။