(င)သနပ်ပင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို ဆရာဦးရေ တိုးမြှင့်ပေးရန်၊ကျောင်းဆောင်သစ်များနှင့် တိုးချဲ့ကျောင်းဆောင်များ တည်ဆောက်ပေး ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၉.၁၀.၂၀၁၃)

မိမိတို့ သနပ်ပင်မြို့နယ်တွင် အန္တရာယ်ရှိသောကျောင်းဆောင် ၁၁ ဆောင်အနက် ၇ ဆောင်ကို ဖျက်သိမ်းခဲ့ပြီး တိုးချဲ့ဆောက်လုပ်ရန် ေဦးမြင့်ဦးကျာင်းဆောင် ၂၂ ကျောင်း တင်ပြထားသည်တွင်  ၄ ဆောင်သာ ဆောက်လုပ်ခွင့် ပေးသည်မှာ အလွန်ပင်  နည်းပါးပါကြောင်း၊ပထမဦးစွာ ကျောင်းသားနှင့် ဆရာအချိုး မညီသော ကျောင်းပေါင်း ၁၆ ကျောင်းအပြင် ထပ်မံ၍ ကျောင်း ၁၈ ကျောင်း ကို ဖြည့်စွက် တင်ပြထားခဲ့ပါသော်လည်း ယခုအချိန်ထိ ထူးခြား ပြောင်းလဲမှုမရှိဘဲ အခြေခံကျောင်းအားလုံးအတွက် ဆရာ လိုအပ်ချက်သည် ၂၇၆ ဦးလို အပ်ဆဲဖြစ်ပါကြောင်း၊  ဤမေးခွန်း မေးမြန်း တင်ပြရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သနပ်ပင်မြို့နယ်ကို  ပမာပြုပြီး နိုင်ငံ တဝှမ်းရှိ အခြေခံပညာရေး အခြေအနေကို ပြန်လည် သုံးသပ်ဖြည့် ဆည်း ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကျေးတောရွာရှိ ကလေးများ သည် လမ်းပန်းဆက် သွယ်မှု ခက်ခဲခြင်းနှင့်  မိဘများ ဆင်းရဲကြပ် တည်းကြခြင်းတို့ကြောင့် မူလတန်းပြီးလျှင် ကျောင်းပြီး သွားကြသည်မှာများပြီး   အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းသားဦးရေအင်အားမှာ ၁၀၀ မှ ၃၀၀ ခန့်အထိရှိကာ ဆရာအင်အား အနေဖြင့် ၁ ဦးမှ ၃ ဦးခန့်သာရှိပါကြောင်း၊

ထို့ကြောင့် တောရွာက ကလေးများ၏ အခြေခံပညာရေး Foundationသည် ဆရာအင်အား မလုံလောက်ခြင်းဖြင့်ပင် ယိုင်နဲ့ ကျိုးပျက်နေပြီး အခြေမခိုင်ခဲ့သောကျောင်းသားများကို တက္ကသိုလ်ဝင်တန်း အောင်မြင်အောင် သင်ကြားရသည့် ဆရာ ဆရာမများ၏ သောက၊ ဒုက္ခများ၊  အန္တရာယ်ရှိလျက်နှင့်ပင် စိုးရိမ်စွာ စာသင်နေကြရသော ကျောင်းသားများ၊ ကျောင်းသားနှင့် ကျောင်းဆောင်မမျှခြင်း၊ စာသင်ခုံမလုံလောက်ခြင်း တို့ကြောင့် ရာချီသော ကျောင်းသားများသည် တစ်ဆောင်တည်းတွင် ပြွတ်သိပ်၍လည်းကောင်း၊  တမံသလင်းတွင် ဖင်ထိုင်လည်းကောင်း၊ သင်ထောက်ကူ ပစ္စည်းများ မပြည့်စုံ၊ မလုံလောက်ခြင်း စသည့် အခြေအနေများအောက်တွင် စာတတ်မြောက်အောင်သင်ကြားရန် စာသင်သားဗဟိုပြု သင်ကြားနည်း စနစ်ပြောင်းရန်ဆိုသည်မှာ  အိမ်မက်ပင် ခက်ခဲလှပါကြောင်း၊ ဤကဲ့သို့ ကျောင်သားများ စာအပေါ်တွင် စိတ်ဝင်စားမှုနည်းစေခြင်း၊  ဆရာ ဆရာမများအနေဖြင့် ကျောင်းသားများကို ကြပ်မတ်နိုင်ရန် ခက်ခဲခြင်း၊  ကျန်းမာရေးအရ စိုးရိမ်စရာ အခြေအနေများကို တွေ့ရခြင်းတို့ကြောင့် သနပ်ပင်မြို့နယ်အတွင်းရှိ ကျောင်းသားဦးရေနှင့် ဆရာအချိုးမညီမျှသော အခြေခံပညာကျောင်းများအား စိစစ်၍ ၂၀၁၃-၁၄ ပညာသင်နှစ်အမီ ဆရာဦးရေတိုးမြှင့် ဆောင်ရွက်ပေးရန်၊ အန္တရာယ်ရှိ ကျောင်းဆောင်များကို ဖျက်သိမ်းပြီး အမြန်ဆုံးပြန်လည် တည်ဆောက်ပေး ရန်နှင့် ကျောင်းသား ဦးရေနှင့် ကျောင်းဆောင်မမျှတသော ကျောင်းများတွင်လည်း တိုးချဲ့ကျောင်းဆောင်များ အမြန်ဆုံး တည်ဆောက်ပေးပါရန် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ဆရာအချိုး မညီမျှသော ကျောင်းများတွင် ဆရာခန့် ထားရန်အတွက်  အဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်သက် ၄၀ အောက် ဝိဇ္ဇာ/သိပ္ပံဘွဲ့ ရရှိပြီးသူများအား အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေ ဆိုစေပြီး ဆွဲခန့် ဆရာ/ဆရာမများအဖြစ် အောင်မြင်သောသူများအနက် ၁ ဦးစီကို ကျောင်း သား၊ ဆရာအချိုးမညီမျှသော ကျောင်း ၁၇ ကျောင်းထဲက ကျောင်းအဆင့် သတ်မှတ်ချက် (C,D,E) အဆင့်ရှိသော စဉ့်အိုးဖိုတံခွန်တိုင်၊ ပြွန်ပေါက် ထောင် မင်းစု၊ တံခွန် တိုင်၊ ရွှေလှေစု၊ အထက်ကျုံပါ၊ အောင်ချမ်းသာ အခြေခံပညာ မူလတန်းကျောင်းများတွင် အထွေထွေလုပ်သား(မူလတန်းပြ)များအဖြစ် ၂၅-၇-၂၀၁၃ ရက်နေ့တွင် ရရှိသော အရေအတွက်များနှင့်အညီ အတတ်နိုင်ဆုံး ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေနှင့် အခြေခံပညာကျောင်းများကို ပြင်ဆင်ခြင်း၊ တိုးချဲ့ ဆောက်လုပ်ခြင်းများ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလိုပါသော်လည်း ရသုံးမှန်းခြေငွေစာရင်းများ၏ သဘောသဘာဝအရ ဘဏ္ဍာရေးနှစ်တစ်နှစ်တွင် တစ်ကြိမ်သာ ရေးဆွဲဆောင်ရွက်ရခြင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာ တွင်လည်း အန္တရာယ်ရှိကျောင်းဆောင်များ၊ ဥပဓိရုပ်မကောင်းသောကျောင်း များ၊ ကျောင်းသားဦးရေနှင့် စာသင်ခန်းမျှတမှု မရှိသောကျောင်းများဟုခွဲခြားပြီး အဆင့်ဆင့်အသေးစိတ်စိစစ် တင်ပြစေပြီး သက်ဆိုင်ရာ ဦးစီးဌာနများ၏ ထပ်မံစိစစ်တင်ပြမှုအရ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ခေါင်းစဉ်အောက်တွင် တစ်နှစ်တစ်ချိန် ထည့်သွင်းလျာထားခြင်းဖြစ်ပါကြောင်း၊

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် ပဲခူးတိုင်းဒေသကြီး အတွင်း ဦးစားပေးအစီအစဉ်များအရ အခြေခံပညာကျောင်းပေါင်း ၁၉၃ ကျောင်း တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၅၅၄၇.၂ သန်းကို ဘတ်ဂျက်လျာထားပေး ခဲ့ပြီးဖြစ်ရာ သနပ်ပင်မြို့နယ် အတွင်းတွင်ရှိသော အခြေခံပညာကျောင်းပေါင်း ၁၁ ကျောင်း အတွက် ကျောင်းဆောင် သစ်ဆောက်လုပ်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၂၇၀ ခွဲဝေပေးထားခဲ့ပြီးဖြစ်ပါကြောင်း၊  ယခုပူးတွဲတင်ပြထားသော အခြေခံပညာကျောင်း ၅၀ အနက် အခြေခံပညာကျောင်း ၆ ကျောင်းအား ငွေလုံးငွေရင်း ရန်ပုံငွေ ခေါင်းစဉ်အောက်ရှိ ရန်ပုံငွေမှ ခွဲဝေပေးခဲ့ပြီးဖြစ်သည့်အတွက် ကိုယ်စားလှယ်တော်ကြီး တင်ပြထားသောကျောင်းများမှ ကျန်ရှိနေသေးသော ကျောင်းသားနှင့် စာသင်ခန်း အချိုးမညီမျှသည့် အခြေခံပညာကျောင်း ၁၅ ကျောင်းကို လည်းကောင်း၊ ဥပဓိရုပ်မကောင်းသည့် အခြေခံပညာကျောင်း ၉ ကျောင်းကိုလည်းကောင်း၊ တိုးချဲ့ ကျောင်းဆောင် သစ်ဆောက်လုပ်ပေးရမည့် အခြေခံပညာကျောင်း ၂၀ ကိုလည်းကောင်း ဘဏ္ဍာရေး သတ်မှတ်ချက်နှစ်များ အရ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန်အတွက် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမြင့်ဦး (သနပ်ပင်)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

မိမိအနေဖြင့်  အန္တရာယ်ရှိသောကျောင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ခဲ့ပြီး အဆိုးဆုံးအန္တရာယ် ရှိသော ကျောင်းများကိုသာ ရွေးပြီး တင်ပြခြင်းဖြစ်သည့်အတွက် ပညာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဌာနကို အစောဆုံး ဆောင်ရွက်ပေးရန် ထပ်မံတင်ပြပါကြောင်း၊  ကျောင်းဆောင်နှင့် ကျောင်းသားမမျှတခြင်းသည် အလွန်ဆိုးရွားသော အခြေအနေဖြစ်ပါကြောင်း၊ ဆရာ ဆရာမလိုအပ်ချက်နှင့်ပတ်သက်၍လည်း ကျောင်း ၄၊ ၅၊ ၆ ကျောင်းကိုဖြည့်ပေးခဲ့သည်မှာ မှန်သော်လည်း ဆရာအင်အား လျှော့သွားသည့် ကျောင်းများရှိနေခြင်းကြောင့် သနပ်ပင်မြို့နယ် တစ်ခုလုံးကို ခြုံငုံကြည့် ပါက တိုးတက်လာခြင်းမရှိဘဲ လျှော့နည်းသွားခြင်းသာဖြစ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင်လည်း မိမိတို့ဒေသက ဘွဲ့ရသောကလေးများကို ဦးစားပေး  ခန့်ပေးရန်အတွက် အနူးအညွတ် မေတ္တာရပ်ခံပြီး သနပ်ပင် မြို့နယ်ရှိ ကျောင်းပေါင်း ၁၂၀ အနက် စာသင်ခုံမလုံလောက်သောကျောင်းများသည် ၁၀၀ နီးနီးဖြစ်နေသည့်အပြင် အခြေ အနေမှာလည်း ဆိုးဝါးစွာဖြစ်နေသည့်အတွက် ပညာရေးဝန်ကြီးဌာနက စဉ်းစားပေးစေလိုကြောင်း ထပ်မံမေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်

မိမိအနေဖြင့် ဘတ်ဂျက်ရေးဆွဲရာနှင့်ပတ်သက်ပြီး တင်ပြလိုသည်မှာ ပညာရေးဝန်ကြီးဌာနအောက်တွင် အခြေခံ ပညာ ကျောင်းပေါင်း ၄၀၀၀၀ ကျော်ရှိသည့်အတွက် တစ်နိုင်ငံလုံးအနေနှင့် ဆရာ ဆရာမများကို ခန့်ထားမည် ဆိုပါက Section တင်ရပြီး ထိုအထဲကမှ အရေးကြီးဆုံးကိုသာ အရင်ဆုံး ဖြည့်စွက်ပေးနိုင်သည့် အနေအထား ဖြစ်သည့်အတွက် မိမိ အကြံပြုလိုသည်မှာ ယခုအခါ သက်ဆိုင်ရာ မြို့နယ်များတွင် မြို့နယ် အထောက်အကူပြု မြို့မိ၊ မြို့ဖများနှင့် ကော်မတီဝင်များ ဖွဲ့စည်းထားပြီးဖြစ်ရာ အဆိုပါပုဂ္ဂိုလ်များဖြင့် မြို့နယ် ပညာရေးမှူးရုံးတွင် တစ်နှစ်စာကြိုတင်ပြီး စီမံထားမည်ဆိုပါက လာမည့် ဘတ်ဂျက်နှစ်တွင် ပါနိုင်ပါဆိုသည့် အခြေအနေတွင်ရှိပါကြောင်းနှင့် ၎င်းသည်လည်း နှစ်စဉ်နှစ်တိုင်းဆောင်ရွက်သွား ရမည့်အနေအထားဖြစ်သော် လည်း  ကိုယ်စားလှယ်တော်ကြီး၏ တင်ပြချက်များကို မိမိတို့ ပြန်လည်စဉ်းစားပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေး သွားရန် ကြိုးစားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားပါသည်။