ကွန်ဟိန်းမြို့နယ် ကုန်းပေါင်းရွာတွင် သောက်သုံရေလုံးဝပြတ်လပ်နေ၍ ရေသွယ် တန်းပေးပါရန် ပထမအကြိမ်
အနေဖြင့် ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးထံသို့ နှုတ်ဖြင့် လည်းကောင်း၊ ၂၀-၅-၂၀၁၃ ရက်နေ့တွင် စာဖြင့်လည်းကောင်း၊ တတိယမြောက် ပထမအကြိမ် သတ္တမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအနေဖြင့်လည်းကောင်း တင်ပြမေးမြန်းခဲ့ပါကြောင်း၊ ကွန်းဟိန်းမြို့နယ်၊ ကုန်းပေါင်ရွာသည် အိမ်ခြေ ၂၅၀ ကျော်နှင့် လူဦးရေ၂၅၀၀ ကျော်ခန့်ရှိပါကြောင်း၊ ၎င်းတို့ တစ်ရွာလုံးအတွက် တပ်ရင်း ၁၅၃ အထွက်မှ ရဲခန်းအနီးသို့ သွယ်တန်းထားသော သောက်သုံးရေသာ ရှိခြင်းကြောင့် တစ်ရွာလုံးအတွက် ရေလုံလောက်မှု မရှိပါကြောင်း၊ ရေလှောင်ကန် ၂ ခုသာရှိပြီး ရေတွင်းများတူးဖော်ပါသော်လည်း ရေမထွက်ခြင်း၊ တပ်ရင်း ၁၅၃မှ တစ်ရွာလုံးတွင် စမ်းသပ် တူးဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်း တို့ကြောင့် ရေမလုံလောက်မှုကို ဆိုးရွာစွာ ရင်ဆိုင်နေ ရကြောင်း၊ နွေရာသီ တွင် ရေများခမ်းခြောက်၍ ရေလုရသောကြောင့် ပြည်သူများမှာ တပ်မတော်နှင့်သော် လည်းကောင်း၊ ရဲများနှင့်သော် လည်းကောင်း ပြဿနာများစွာ ဖြစ်ပွားခဲ့သည်ကို ဖြေရှင်းပေးခဲ့ရခြင်း၊ ယခုအနေအထားတွင် လည်း ပြည်သူများသည် နွေရာသီတွင် ရေပိုက်မှရေများကို ပါးစပ်ဖြင့်စုတ်ယူ၍ ရေခပ်နေရခြင်း၊ ထော်လာဂျီများ၊ ကားများရှိသောအိမ်များသည် ၁၀ မိုင်ခန့် ဝေးကွာသော ရွာများသို့ ရေခပ်၍ ရသော်လည်း ရွာသားအများစုမှာ ထိုကဲ့သို့ မဖြစ်နိုင်သည့်အတွက် ရေရှားမှုဒဏ်ကို ဆိုးရွားကြုံတွေ့နေရပါကြောင်း၊ ၎င်းရွာ၏အရှေ့ဘက် ၇ မိုင် ခန့်ဝေးကွာသောနေရာတွင် နမ့်ဟွေလောဝ်(ခ)ရေတံခွန် အငယ်စားသည် တစ်ရွာလုံးအတွက် ရေလုံလောက်မှု ရှိပါသော်လည်း ရွာ၏အင်အားဖြင့် ရေသွယ်တန်းရန် မဖြစ်နိုင်သော ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အဆင်ပြေအောင် ဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံ အပ်ပါကြောင်း ဓာတ်ပုံနှင့်တကွ တင်ပြထားပါသော်လည်း မည်သည့်အကြောင်းအရာတစ်စုံတစ်ရာကိုမှ မကြားသိရသေးသည့်အတွက် ဒေသခံများ အနေဖြင့် အလွန်စိုးရိမ်ပူပန်နေလျက်ရှိပါကြောင်း၊ ပြည်သူများ၊ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာများက ရဲစခန်းအနီးရှိ ရေလှောင်ကန်ထဲသို့ရေသွင်းရန် ဆည်တည်ဆောက်ခဲ့သော် လည်း နွေရာသီတွင် ရေ လုံးဝ ပြတ်တောက်ခဲ့ပါကြောင်း၊ ထိုကြောင့် (က) ကွန်ဟိန်းမြို့နယ်၊ ကုန်းပေါင်းရွာ၏ နှစ်စဉ်နွေရာသီ တွင်သောက်သုံးရေ ပြတ်လပ်နေမှုကို ရွာသူရွာသားများ၏ ဆန္ဒအတိုင်း နမ့်ဟွေလောဝ် (ခ)ရေတံခွန် အငယ်စားလေးမှ ရေသွယ်တန်းပေးနိုင်ခြင်း ရှိ/မရှိ၊ (ခ) မသွယ်တန်းပေးနိုင်ပါက အဘယ်ကြောင့်နည်း။ (ဂ) ရေမသွယ်တန်းပေးနိုင်၍ နှစ်စဉ်နွေရာသီရောက်လျှင် သောက်သုံးရေလုံးဝပြတ်လပ်နေလေ့ရှိသော ကုန်းပေါက်ရွာကို နိုင်ငံတော်က မည်သို့ကူညီဖြည့်ဆည်းပေးနိုင်မည်နည်းတို့ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
ကွန်ဟိန်းမြို့နယ် လိုက်ကမ်းကျေးရွာအုပ်စုဖြစ်သော ကုန်းပေါင်ကျေးရွာ တွင် အိမ်ခြေ ၁၈၉ အိမ်၊ လူဦးရေ ၁၃၀၅ ဦးမှီတင်းနေထိုင်ပြီး ၁ ရက်လျှင် ရေ လိုအပ်ချက် ကတော့ ၂၆၁၀၀ ဂါလံ ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ၏ ပူးပေါင်း ထည့်ဝင်ငွေနှင့် ၂၀၀၀ပြည့်နှစ်က ကျပ် ၈၀ သိန်း ကုန်ကျခံပြီး ရွာ၏အနောက်တောင်ဘက် ၂.၅ မိုင်ခန့်အကွာရှိ ရေထွက်တည်ရှိရာမှ ကျေးရွာသို့ ၂ လက်မ PVC ပိုက်များဖြင့်သွယ်တန်းပြီး ရေစုကန် ၂ ကန်ဖြင့် တည်ဆောက် သုံးစွဲလျက်ရှိသည်ကိုတွေ့ရပါကြောင်း၊
အဆိုပါရေပိုက်များသည်လည်း ၁၃ နှစ်ခန့်ကြာပြီဖြစ်ရာ ရေရရှိမှုလျော့ နည်းပြီး ရေလုံလောက်စွာမရှိသောကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ၁၇၆၁၀၅၅ ကျပ်၊ ပြည်သူ့လူထု ထည့်ဝင်ငွေ ၂၄၀၀၀၀၀၊ စုစုပေါင်းကျပ်ငွေ ၄၁၆၀၀၅၅ကျော်ဖြင့် ရေပိုက်များကို အစားထိုးလဲလှယ်ပြီး ရေစုကန်များကို တည်ဆောက်ပေးခဲ့ကာ ၂၀၁၃-၁၄ နှစ်တွင် ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၈.၈၅ သိန်းနှင့် ၂ လက်မ PVC ပိုက် ၈၈၀ပေ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ကုန်းပေါင်းကျေးရွာ ရေရရှိရေးအတွက် နမ့်ဟွေလောဝ်(ခ) ရေတံခွန်ကနေပြီးတော့ ရေသွယ်ယူရေးလုပ်ငန်းကို ကွန်ဟိန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ အင်ဂျင်နီယာအဖွဲ့၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ကော်မတီတို့ပူးပေါင်းပြီးတော့ ကွင်းဆင်းစစ်ဆေးသည့် စစ်ဆေးချက်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဆင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနသို့ို ဆက်လက် ပေးပို့ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေလျာထား ချက်ထဲတွင် ထည့်သွင်းရေးဆွဲထားခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ဆက်လက်တင်ပြရာတွင်
မိမိအနေဖြင့် အချိန်မမီနိုင်သည်ကို သိပါကြောင်း၊ ထို့ကြောင့် ယခု သွားရောက်တွက်ချက်သော အင်ဂျင်နီယာ အဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ကနေ စစ်ဆေးချက်များကို တင်သွင်းလာပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှင့် အဖြစ်နိုင်ဆုံး အချိန်ကာလတွင် အမြန်ဆုံး လုပ်ပေးပါရန် တင်ပြပါသည်။
မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဌာနဦးတင်ငွေ
ဒေါ်နန်းဝါနု (ကွန်ဟိန်း မဲဆန္ဒနယ်)က တင်ပြသည့်အတိုင်း ဆောင်ရွက်ပေးရန် ကတိပြုပါကြောင်း ပြန် လည်ဖြေကြားပါသည်။
