(ဂ)-ရှားတောမြို့နယ် ပြည်သူ့ဆေးရုံကို(စံကိုက်) မြို့နယ်ဆေးရုံအဖြစ် အသစ်ပြန်လည် ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၄.၈.၂၀၁၃)

ဒေါ်နန်းနွံ (ရှားတော) ရှားတောမြို့ပြည်သူ့ဆေးရုံသည် ၁၉၆၅ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကတည်းက သွပ်မိုး၊ ပျဉ်ကာ၊ တမံတလင်းခင်း ထားသည့် ဆေးရုံတစ်ရုံဖြစ်သည့်အတွက် ယခု အချိန်တွင် မျက်နှာကြက်၊ အမိုး၊ တိုင်၊ အကာနှင့် တမံတလင်းအခင်းများသည် ကွာကျပျက်စီးလျက် ရှိနေပါကြောင်း၊ ၂၀၀၀ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းမှု များ ပြုလုပ်ခဲ့သော်လည်း ယိုယွင်း ပျက်စီးမှုများ သည် အလွန်များပြားလျက် ရှိ ပါကြောင်း၊ထို့ကြောင့် အဆိုပါဆေးရုံကို အကြီးစားပြင်ဆင်နိုင်ရန်အတွက် ရန်ပုံငွေ တင်ပြ တောင်းခံရန် တွက်ချက်ရာတွင်လည်း အသစ်တည်ဆောက်မှုနီးပါး ကုန် ကျနိုင်ပါကြောင်း၊ ယခုဆေးရုံတွင် ဓာတ်မှန် ဆောင်လည်း မရှိသည့်အပြင် ဝန်ထမ်းအိမ်ရာများလည်း ယိုယွင်းပျက်စီးလျက်ရှိနေပါကြောင်း၊ ရှားတောဆေးရုံ သည် မြို့နယ် အတွင်းရှိ ပြည်သူများ ကျန်းမာရေးအတွက် တစ်ခုတည်းသော အား ထားရာ ဆေးရုံကြီးလည်းဖြစ်ပါသောကြောင့် ရှားတော့မြို့ ၂၅ ခုတင် ဆံ့  ပြည် သူ့ဆေးရုံကို ဓာတ်မှန်ဆောင်၊ ဝန်ထမ်းအိမ်ရာများပါဝင်သော ဆေးရုံအသစ် ပြန်လည် တည်ဆောက်ပေးရန် အစီ အစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင် ကယားပြည်နယ်၊ ရှားတော မြို့နယ် ပြည်သူ့ဆေးရုံအား စံကိုက်မြို့နယ်ဆေးရုံအဖြစ် အသစ်ပြန်လည် တည်ဆောက် ပေးနိုင်ရန် အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေတွင် အဆိုပြု လျာထား တင်ပြတောင်းခံပြီး ခွင့်ပြုချက် ရရှိပါကဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။