ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့သည် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃ အုပ်စု၊ ကျေးရွာ ၁၀ ရွာနဲ့ လူဦးရေ ၈၅၇၉ ဦးရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၂၅ ခုတင်ဆံ့ဆေးရုံရှိပြီး ခွင့်ပြုအင်အား ၄၂ ဦးနှင့် ၁၇ ဦးခန့်ထားပြီး လစ်လပ်ဝန်ထမ်း ၂၅ ဦးရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန ခွင့်ပြုအင်အား ၁၂ ဦးအနက် ၅ ဦးခန့်ထားပြီး ဖြစ်သော်လည်း ကျေးလက်ကျန်းမာရေး ဆေးပေးခန်း အဆောက်အဦ မရှိသေးကြောင်း တွေ့ရှိရပါသည်။ ၂-၃-၂၀၁၅ ရက်နေ့ ကျိုင်းတောင်းကို ရောက်ရှိစဉ်အချိန်က ကျိုင်းတောင်းမြို့ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက်ရှိသည့် ဆရာဝန်နှင့် အရေးကြီးဝန်ထမ်းများကို ခန့်ထားပေးနိုင်မည့် အခြေအနေနှင့် ကျိုင်းတောင်းမြို့၊ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အဆောက်အဦ ဆောက်လုပ်ပေးနိုင်မည့် အခြေအနေနှင့်အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ၂၅ ခုတင်ဆံ့ဆေးရုံတွင် ဆရာဝန်တစ်ဦး၊ အရေးကြီးဝန်ထမ်းများနှင့် ကျေးလက်ဆေးပေးခန်း အဆောက်အဦ ၁ လုံး ခွင့်ပြု ဆောက်လုပ်ပေးပါရန် မေးမြန်းလာခြင်းနှင့်ပတ်သက်၍ ၂၅ ခုတင်ဆံ့ ကျိုင်းတောင်းဆေးရုံတွင် လစ်လပ်လျက်ရှိသော ဆရာဝန်တစ်ဦးနေရာ အတွက် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦး ဒေါက်တာစည်သူဖေမြင့် (ဆမ-၂၅၆၇၈) အား ၁-၄-၂၀၁၅ ရက်စွဲပါ အမိန့်စာဖြင့် ပြောင်းရွှေ့တာဝန်ချထားပေးပြီးဖြစ်ပါကြောင်း၊ ကျိုင်းတောင်းဆေးရုံတွင် သူနာပြုခွင့်ပြု ၆ ဦး၊ ခန့်ထား ၄ ဦး၊ လစ်လပ် ၂ ဦးရှိရာ လစ်လပ်လျက်ရှိသော သူနာပြု ၂ ဦးနေရာတွင် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ ၂၇-၂-၂၀၁၅ ရက်စွဲပါအမိန့်စာဖြင့် သစ်လွင်သူနာပြုတစ်ဦးအား ခန့်ထား ပေးခဲ့ပြီး ကျန်လစ်လပ်တစ်ဦးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျိုင်းတောင်းမြို့ ၂၅ ခုတင်ဆံ့ဆေးရုံအတွက် ၅၇ ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်း ဓာတ်ခွဲကျွမ်းကျင် ၄ သင်တန်းဆင်းများမှ မလဲ့လဲ့ထွန်းအား ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန၏ ၁၁-၃-၂၀၁၅ ရက်စွဲပါအမိန့်စာဖြင့် ခန့်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ၄၆ ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးသူ ပထမတန်း ဓာတ်ခွဲကျွမ်းကျင် ၃ များအား ၂၀၁၅ ခုနှစ်တွင် သင်တန်းဆင်းသည့် အချိန်တွင် ထပ်မံဦးစားပေး ခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဦးစီးဌာန၏ ၂၈-၁၀-၂၀၁၄ ရက်စွဲပါအမိန့်စာဖြင့် နေ့စားဝန်ထမ်း ၉ ဦး ခန့်ထားပေးခဲ့ပြီးဖြစ်ရာ ဆက်လက်၍ လက်ရှိဖွဲ့စည်းပုံအရ လစ်လပ်ရှိသော အငယ်တန်းဝန်ထမ်းရာထူး ၇ ဦးနေရာအတွက် ခွင့်ပြုခန့်ထား လစ်လပ်စာရင်းဖြင့် ပြည်နယ် ကျန်းမာရေးဦး စီးဌာနမှူးမှတစ်ဆင့် တင်ပြလာပါက အမြန်ဆုံးခန့်ထားပေးရန် စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ လစ်လပ်လျက်ရှိသော ကျေးလက်ကျန်းမာရေး ဌာနခွဲများမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၂ များအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဖြည့်စွက် ခန့်ထားနိုင်ရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊
ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အဆောက်အဦ (၁)လုံး ခွင့်ပြုဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပါဝင်ခြင်း မရှိသည့်အတွက် လောလောဆယ်ဆောင်ရွက် ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက်ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
