ပေါက်ခေါင်းမြို့နယ်တွင် အုပ်စုပေါင်း(၅၈)အုပ်စု ရှိသည့်အနက် တောင်ပေါ်(၁၄)အုပ်စုသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)ကို လာရောက်တည်ဆောက်ခဲ့ပါကြောင်း၊ ထိုအချိန်က ကပစ (၁၉)အနေဖြင့် တောင်ပေါ် ဒေသ(၁၄)အုပ်စုတွင်ရှိသော လယ်ယာမြေများအပါအဝင် ဧက ၃၃၀၀ ကျော်ကို သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှ မှတ်ပုံတင်ခဲ့ရာတွင် စက်ရုံသုံးနယ်မြေများအပြင် တခြားစက်ရုံ၏ပြင်ပ ရေတစ်တန်၊ ချောင်းတစ်တန် ကူးသန်းလာရသည့် လယ်ယာမြေယာများပါ ပါဝင်ခဲ့ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလှမင်း လက်ထက်တွင် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ရာမှ သီးစားခပေး၍ လုပ်ကိုင်နေရခြင်းမှ သီးစားခ ပေးရန်မလိုဘဲ လုပ်ပိုင်ခွင့်ရရှိခဲ့ပါကြောင်း၊
သို့ရာတွင် တောင်သူလယ်သမားများအနေဖြင့် လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ ၇ ရရှိရေးကို (က.ပ.စ.၁၉) စက်ရုံမှူးက ကန့်ကွက်ထားခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ဘဏ် ချေးငွေရရှိခြင်းမရှိဘဲ စားဝတ်နေရေးကို ခက်ခဲစွာဖြေရှင်းနေရပါသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အရာတော်အုပ်စု၊ အရာတော်ကျေးရွာရှိ တောင်သူ ၁၇ ဦး၏ လယ် ၃ ဧက၊ ယာ ၁၁၇ ဧက၊ မကျီးခုံအုပ်စု၊ မကျီခုန်ကျေးရွာရှိ တောင်သူများ၏ လယ်ဧက ၈၄ ဧက၊ ကိုင်း ၅၈ ဧက၊ သရက်တပင်ကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေဧက ၉၃၅ ဧက၊ ဘန့်ဘွေးအုပ်စု တောင်သူ ၈၂ ဦး၏ လယ် ၁၈၆ ဧက၊ ယာမြေ ၆၄၆ ဧက၊ ဝါးရုံပင်လယ်အုပ်စု၊ ကုတင်ငါးဆင့်ကျေးရွာရှိ တောင်သူ ၆၄ ဦး၏ လယ် ၈၃ ဧကကိုင်း ၆၀.၂၅ ဧက၊ ယာမြေ ၂၆၁ တို့အား လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ ၇ ဆောလျင်စွာအမြန်ဆုံးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်ခေါင်း မြို့နယ်၊ အရာတော်ကျေးရွာရှိ တောင်သူ ၁၇ ဦးတို့၏ လယ် ၃ ဧက၊ ယာ ၁၁၇ ဧက၊ မကျီးခုန် ကျေးရွာရှိ တောင်သူများ၏ လယ် ၈၄ ဧက၊ ကိုင်း ၅၈ ဧက၊ သရက်တစ်ပင်ကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေ ၉၃၅ ဧက၊ ဘန့်ဘွေးအုပ်စုတောင်သူ ၈၂ ဦး၏ လယ် ၁၈၆ ဧက၊ ယာမြေ ၆၄၆ ဧက၊ ကုတင်ငါးဆင့်ကျေးရွာရှိတောင်သူ ၆၄ ဦး၏ လယ် ၈၃ ဧက၊ ကိုင်း ၆၀.၂၅ ဧက၊ ယာမြေ ၂၆၁ ဧက တို့သည် အမှတ်(၁၉)ကာကွယ်ရေး ပစ္စည်းစက်ရုံမြေဧရိယာ ၃၅၅၀၀ ဧကအတွင်း ကျရောက်နေသည်ကို သိရှိရပါကြောင်း၊ အဆိုပါမြေများ သည် သစ်တောရေးရာဝန်ကြီးဌာန၏ ၇-၉-၂၀၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၇၄/၂၀၁၀) အရ အမှတ်(၁၉)ကာကွယ်ရေးပစ္စည်း စက်ရုံအသုံးပြုရန်အတွက် ဧရိယာ ၃၄၂၁၁ ဧကအား သစ်တောမြေမှပယ်ဖျက်ပြီး ပြည်ထဲရေးဝန်ကြီး ဌာန၏ ၁၅-၁၁-၂၀၁၀ ရက်စွဲပါစာအမှတ်၊၃၀၀/၂-၅/ဦး၁ ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအရ ကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့လွှဲပြောင်းထား ရှိပြီး ဖြစ်သည်ကိုလည်းသိရှိရပါကြောင်း၊
အမှတ်(၁၉) ကာကွယ်ရေးပစ္စည်းစက်ရုံ အသုံးပြုရန်မြေဖြစ်သော ဘန့်ဘွေးတောင်ကျေးရွာအုပ်စုနှင့် အရာတော် ကျေးရွာအုပ်စုတို့ရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧရိယာ ၃၅၈ ဧကတို့အား ပဲခူးတိုင်း ဒေသကြီး အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်မြို့၏ ၅-၁၀-၂၀၁၁ ရက်စွဲပါ စာအမှတ်၊ ၅/၁-၆/ဦး၆ ဖြင့် လ/န-၃၉ ခွင့်ပြုမိန့်ကိုလည်းကောင်း၊ အရာတော်ကျေးရွာအုပ်စုရှိ မြေဧရိယာ ၉၃၁ ဧကအား ပဲခူးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်မြို့၏ ၂၇-၁၂-၂၀၀၁ ရက်စွဲပါ စာအမှတ်၊၅/၁-၆/ဦး၆ ဖြင့် လ/န-၃၉ ခွင့်ပြု မိန့်ထုတ်ပြန်ခဲ့ပြီး၊ စုစုပေါင်းဧရိယာ ၁၂၈၉ ဧကအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၁-၁၂-၂၀၀၈ ရက်စွဲပါစာအမှတ်၊ ၃၀၀/၂-၅/ဦး ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ကာကွယ်ရေးဝန်ကြီးဌာနသို့အခမဲ့ လွှဲပြောင်းပေးအပ် ထားရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကာကွယ်ရေး ပစ္စည်းစက်ရုံမြေ ၃၅၅၀၀ ဧကဟာ စက်ရုံ မြေအဖြစ်ခွင့်ပြုမိန့်ရရှိခဲ့ပြီး၊ မြေနှင့် အခွန် အမိန့်ဆင့်ဆိုချက်(၃၃၃)အရ အမှတ်(၁၉) ကာကွယ်ရေး စက်ရုံ တပ်ပိုင်မြေအဖြစ်အသုံးပြုရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေး ဝန်ကြီးဌာနသို့ ဥပဒေနှင့် အညီ အခမဲ့လွှဲပြောင်းပေးအပ် ထားသည့် မြေနေရာဖြစ်သဖြင့် ၎င်းဧရိယာအတွင်း ကျူးလွန်စိုက်ပျိုး လျက်ရှိသော လယ်ယာမြေများသည် လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေး၍ မရရှိ သည့်မြေများဖြစ်ကြောင်း စိစစ်သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အမှတ်(၁၉)ကာကွယ်ရေးပစ္စည်းစက်ရုံ၏ဧရိယာ အတွင်းရှိ သီးနှံစိုက်ပျိုး လုပ်ကိုင်သောမြေများအား ကာကွယ်ရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည် စွန့်လွှတ်ပြီးမှသာလျှင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
