တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ခန့်အပ်မည့် တပ်မတော်သားများ၏ ရာထူးကို လက်ရှိ ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တိုးမြှင့်ခန့်ထားပေးရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အမြဲတမ်းကော်မတီဝင်အဖြစ် ခန့်အပ်မည့် တပ်မတော်သားများ၏ ရာထူးကို လက်ရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ တိုးမြှင့်ခန့်ထားပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် တာဝန်ထမ်းဆောင်သည့် ရဲမှူးကြီးများအား ၂၀-၈-၂၀၁၅ ရက်နေ့တွင် ရဲမှူးချုပ်အဖြစ် တိုးမြှင့်ခန့်ထားခြင်းကို ကြိုဆိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂)တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်တော်သည့် တပ်မတော်သားများ၏ အမည်စာရင်းများကို တောင်းခံရမည်ဟု ဖော်ပြထားပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးများသည် ပြည်ထောင်စုဒုတိယဝန်ကြီးများနှင့် အဆင့်ညီမျှသည့်ရာထူး၌ ခန့်ထားခြင်းခံရသူများပင် ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် တပ်မတော်သား ကိုယ်စားလှယ်များကို အဆင့်မြှင့်တင်ပေးခြင်းအားဖြင့် ဝန်ကြီးဌာန၏ တာဝန်ဝတ္တရာများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်မည့်အပြင် နယ်မြေလုံခြုံရေးကိစ္စရပ်များကိုလည်း ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်မည့်တပ်မတော်သားများ၏ ရာထူးအဆင့်အတန်းကို လက်ရှိ ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ တိုးမြှင့်ရွေးချယ်ခန့်ထားနိုင်မည့်အစီအစဉ်ရှိ/မရှိနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်အတွင်းရှိ အမြဲတမ်း ကော်မတီဝင်အဖြစ် ခန့်အပ်ပေးမည့် တပ်မတော်သားများ၏ ရာထူးအဆင့်အတန်းကို လက်ရှိဒုတိယ ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်အထိ တိုးမြှင့်ရွေးချယ်ခန့်ထားနိုင်မည့်အစီအစဉ်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
