(ခ)-အုပ်ချုပ်ရေးမြို့တော်၊နေပြည်တော်တွင်ဆိုင်ကယ် စီးသူများအနေဖြင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း များအားတိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၆)ရက်မြောက်နေ့ (၂၄.၈.၂၀၁၅)

နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အသီးသီးတွင် မော်တော်ဆိုင်ကယ်များကို တွင်တွင်ကျယ်ကျယ် စီးနင်းအသုံးပြုလျက် ရှိနေကြသဖြင့် အချိန်ကုန်သက်သာပြီး သွားလာရေး အဆင်ပြေလျက် ရှိကြပါကြောင်း၊ သို့သော် စီးနင်းသူအချို့၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းများကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားပြီး အသက်သေဆုံးသည်အထိ ခံစားနေကြရပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်များသာမက အုပ်ချုပ်ရေး မြို့တော်ဖြစ်သော နေပြည်တော်တွင်လည်း မီးပွိုင့်မီးနီနေစဉ် ဖြတ်သန်းမောင်းနှင်ခြင်း၊ ဆိုင်ကယ်တစ်စီးတွင် သုံးယောက်ထက်မက စီးနင်းခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ နံပါတ်ပြား၊ နောက်ကြည့်ဘက်မှန် များ၊ အချက်ပြမီးများ မကောင်းခြင်းများစသည့် စည်းကမ်းမလိုက်နာမှုများကို မကြာခဏ တွေ့မြင်နေကြရပါကြောင်း၊ တွေ့ရှိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ မော်တော်ဆိုင်ကယ် စီးနင်းသူများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား တိကျစွာ ရေရှည် လိုက်နာဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာတာဝန်ကျ ယာဉ်ထိန်းရဲများအနေဖြင့်လည်း အရေးယူဆောင်ရွက်ခြင်းများ အားနည်းနေခြင်းများအပေါ် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ယာဉ်တိုက်ခိုက်မှုအန္တရာယ် မဖြစ်ပွားစေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းပေးရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုကို အသိပညာပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန်၊ ဖြစ်ပွားသည့် ယာဉ်တိုက်မှုများအား စုံစမ်းဖော်ထုတ် တရားစွဲဆို တင်ပို့ရန်၊ အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်တော်ယာဉ်တန်းနှင့် နိုင်ငံတော်အဆင့် အခမ်းအနား များတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်ကို ဆောင်ရွက်ပေးရန်စသည့် ရည်မှန်းချက်တာဝန် (၅) ရပ်ကို ချမှတ်ပြီး ၈-၁၁-၂၀၁၂ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄၀/၂၀၁၂) အရ ယာဉ်ထိန်းရဲတပ်ဖွဲ့စု  ၆၅ စုအဖြစ် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါကြောင်း၊  ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ချမှတ်ထားသည့် ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးတာဝန်များကို အဓိကထား ဆောင်ရွက်လျက်ရှိရာ  ယင်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်ကို စည်းကမ်းပျက်ယာဉ်မောင်းများအား ပညာပေးဆောင်ရွက်ခြင်း၊ စစ်ဆေးအရေးယူခြင်းများကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ သော်လည်း တိုးတက်များပြားလာသည့် လူဦးရေ၊ ယာဉ်စီးရေ၊ မြို့ပြအခြေအနေများအရ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅) အရ ယာဉ်ထိန်းရဲတပ်ဖွဲ့စုကို ၁၂၆ စု အထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ အများပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကြပ်မတ်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၏ ၂၀၁၂ ခုနှစ်၊ မေလ ၂၅ ရက် ရက်စွဲပါ စာအမှတ်ဖြင့် နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်း ကြီးကြပ်ရေးကော်မတီကို နေပြည်တော် ကောင်စီဝင်၊ ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ဆပ်ကော်မတီကို ဥပဒေအရာရှိ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးအရေးယူရေး ဆပ်ကော်မတီကို နေပြည်တော်ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး၊ တက္ကစီနှင့် အငှားယာဉ် ကြီးကြပ်ရေးဆပ်ကော်မတီကို နေပြည်တော် ပို့/ဆက် ဦးစီးမှူး၊ ကုန်တင်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီအား ဌာနမှူး နေပြည်တော်စည်ပင်၊ ယာဉ်မတော်တဆမှုများအား စာရင်းကောက်ယူရေးနှင့် သုတေသနများပြုစုရေး ဆပ်ကော်မတီအား နေပြည်တော် ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆပ် ကော်မတီအား သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့မှ ဥက္ကဋ္ဌအဖြစ် အသီးသီးဦးဆောင် ဖွဲ့စည်းပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း။

နေပြည်တော်ကောင်စီနယ်မြေသည် မြို့နယ် (၈) မြို့နယ်ပါဝင်ပြီး အမှတ်(၁)ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲ (နေပြည်တော်) မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၈) စုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ထိန်းသိမ်းပေးခြင်း၊ အဝိုင်း၊ မီးပွိုင့်၊ လမ်းဆုံလမ်းခွများ၊ ကျောင်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ယာဉ်မတော်တဆမှုများအား စုံစမ်း ဖော်ထုတ် စစ်ဆေးအရေးယူခြင်း၊ အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်တော်ယာဉ်တန်းများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ယာဉ်လမ်းရှင်းလင်းရေး တာဝန်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း မီးပွိုင့်ပေါင်း ၂၈ ခုရှိရာ မီးပွိုင့်တစ်ခုလျှင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် နေ့စဉ်ပုံသေတာဝန်ချထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေ့စဉ် ယာဉ်စည်းကမ်းစစ်ဆေးရေးအဖွဲ့  (၉) ဖွဲ့ရှိပြီး (၈) မြို့နယ်အတွင်း ပုံသေ စစ်ဆေးခြင်း၊ ရွေ့လျား/ရှောင်တခင် စစ်ဆေးခြင်းများကို အရေးကြီးနေရာများ၊ ဈေးများ၊ ဆေးရုံများ၊ ကျောင်းများ၊ ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်သောနေရာများ၊ လူစည်ကားရာနေရာများတွင် စစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း မော်တော်ဆိုင်ကယ် စီးနင်းသူများအပါအဝင် ယာဉ်မောင်းသူများ၊ လမ်းအသုံးပြုသူများသည် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၂ ခုနှစ်တွင် မြို့ပေါ်၌ ၁၀၅ ကြိမ် တက်ရောက်သူဦးရေ ၂၉၅၀၀ ဦး၊ ကျေးရွာများ၌ ၆၃ ကြိမ် တက်ရောက်သူဦးရေ ၁၆၆၅၇ ဦး၊ ၂၀၁၃ ခုနှစ်တွင် မြို့ပေါ်မှာ ၁၆၀ ကြိမ်၊ တက်ရောက်သူဦးရေ ၂၈၃၀၀ ဦး၊ ကျေးရွာများ၌ ၈၄ ကြိမ် တက်ရောက်သူဦးရေ ၆၀၉၅ ဦး၊ ၂၀၁၄ ခုနှစ်တွင် မြို့ပေါ်တွင် ၂၅၂ ကြိမ် တက်ရောက်သူဦးရေ ၂၁၈၉၀ ဦး၊ ကျေးရွာများ၌ ၁၃၂ ကြိမ် တက်ရောက်သူဦးရေ ၁၇၅၀၅ ဦး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ အထိ မြို့ပေါ်တွင် ၁၂၅ ကြိမ် တက်ရောက်သူဦးရေ ၂၂၉၅၆ ဦး၊ ကျေးရွာများ၌ ၉၈ ကြိမ် တက်ရောက် သူဦးရေ ၂၃၂၅၃ ဦးကို အသိပညာပေးမှုများ ဟောပြောဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ ယာဉ်စစ်ဆေးရေး အဖွဲ့များက နေ့စဉ် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိရာ မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူမှုမှာ ၂၀၁၂ ခုနှစ်တွင် ၉၇၃၀ မှု၊ ၂၀၁၃ ခုနှစ်တွင် ၅၃၉၆ မှု၊ ၂၀၁၄ ခုနှစ်တွင် ၃၉၁၉ မှု၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့အထိ ၁၄၈၂ မှု ဖမ်းဆီး အရေးယူခဲ့ပြီးဖြစ်ပါကြောင်း၊ အရေးယူဖမ်းဆီးခြင်း မရှိဘဲ ၂၀၁၂ ခုနှစ်တွင် ၁၈၆၉ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂၉၄၈ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၃၂၁၃ ဦး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့အထိ ၃၄၆၄ ဦးကိုလည်း ပညာပေးဆောင်ရွက်မှုများ ပြုလုပ်ပြီး ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း။ 

မေးခွန်းပါ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် မီးပွိုင့်မှ အချက်ပြမီးနီများပြထားစဉ် ဖြတ်သန်းမောင်း နှင်ခြင်း၊ မော်တော်ဆိုင်ကယ်တစ်စီးတွင် သုံးယောက်ထက်မက စီးနင်းခြင်း၊ ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ မောင်းနှင်ခြင်း၊ မှတ်ပုံတင်နံပါတ်ပြားများ မပါရှိခြင်း၊ နောက်မီးရောင်ပြန်များ မပါရှိခြင်းနှင့် မီးများမကောင်းခြင်း စသည်တို့နှင့်ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းများကိုလည်း ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်းဥပဒေ ၂၆ (က)၊ ၂၆ (ဒ)၊ ၁၇၃ (ခ)နှင့် ၁၇၃ (င)တို့တွင် ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာ (၇၁/၂၀၁၁) ဖြင့်လည်း မော်တော်ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ လမ်းအသုံးပြုသူများ လိုက်နာရန် စည်းကမ်းများကိုလည်း ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသော စည်းကမ်းတစ်ရပ်ကိုဖြစ်စေ၊ အမိန့်တစ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ပါက ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၃ လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု နေပြည်တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၆ တွင်လည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း မော်တော်ယာဉ်စီးနင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်အတွင်းနှင့် ဆက်စပ်ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများကို အရေးယူခံရမည်ဖြစ်၍ လိုက်နာရသည် ဆိုသည့် အသိထက် ဥပဒေစည်းကမ်းလိုက်နာခြင်းဖြင့် ဘဝလုံခြုံမှုရရှိမည်ဆိုသော အသိကို သိရှိစေရန် အသိပညာပေးဆောင်ရွက်ရာတွင် ထည့်သွင်းဟောပြောဆောင်ရွက် လျက်ရှိပါကြောင်း၊ မြို့နယ်အလိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့စု ယာဉ်စစ်ဆေးရေးအဖွဲ့များက နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအချိန်အထိ စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးအရေးယူ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော် (၈) မြို့နယ်ရှိ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ စီစဉ်မှုဖြင့် ညပိုင်း ၆ နာရီခွဲအချိန်မှ ည ၈ နာရီအချိန်အထိ ပူးပေါင်းအဖွဲ့များ ဖြင့်လည်း ယာဉ်စစ်ဆေးမှု၊ အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လှည့်ကင်းယာဉ် တစ်စီးဖြင့်လည်း နေပြည်တော် (၈) မြို့နယ်အတွင်း လှည့်လည်ပြီး စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့တွင်းအဓိကကျသော အဝိုင်း၊ မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကလည်း စည်းကမ်းပျက်ယာဉ်များကို Hand Speaker ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတိပေးပြောကြားခြင်း၊ ခရာမှုတ်သတိပေးခြင်း၊ တင်းကြပ်စွာလိုက်လံဖမ်းဆီးပါက မတော်တဆမှုအန္တရာယ် ဖြစ်ပေါ်နိုင်သည့်အတွက် ယာဉ်စစ်ဆေးရေးအဖွဲ့များထံ ဆက်သွယ်ရေး စက်ဖြင့် အကြောင်းကြား၍ ဖမ်းဆီးအရေးယူခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြို့ တွင်း အချက်အချာကျသည့် နေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကြော်ငြာဆိုင်းဘုတ်များစိုက်ထူခြင်း၊ ယာဉ်ထိန်းနားနေဆောင်များရှိ LED မီးဆိုင်းဘုတ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ပုဒ်များ၊ စည်းကမ်းများထည့်သွင်းဖော်ပြ၍ အသိပညာပေး ဆောင်ရွက်ခြင်း၊ သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စည်းကမ်းပျက်မော်တော်ယာဉ်များ လျော့နည်းရေးအတွက်ကို နေပြည်တော်ကောင်စီ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် စစ်ဆေးအရေးယူဆောင်ရွက် လျက်ရှိသည့်အပြင် နေပြည်တော်ကောင်စီ နယ်မြေသည် နိုင်ငံ့ဝန်ထမ်းအများစု နေထိုင်သော နယ်မြေဖြစ်သည့်အတွက် ယာဉ်စည်းကမ်း အသိပညာပေးမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ ကို တိုးတက်ဖွံ့ဖြိုးလာသည့် ခေတ်ကာလနှင့်အညီ ပိုမိုပြည့်စုံသော ဥပဒေတစ်ရပ်ဖြစ်ရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အသစ်ရေးဆွဲခဲ့သော မော်တော်ယာဉ်ဥပဒေကြမ်းအား ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၌ အများပြည်သူသိရှိရန်၊ လေ့လာ အကြံပြုနိုင်ရန် ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းဥပဒေကြမ်းကို အတည်ပြုပြီးပါက ပြဋ္ဌာန်းချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ချမှတ်ထားသော ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူတို့၏ အသက်အန္တရာယ် ကင်းရှင်းရေး အတွက်ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် မော်တော်ဆိုင်ကယ် စီးနင်းသူများ၊ ယာဉ်မောင်းသူများ၊ လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။