(င)-မကွေးမြို့နယ်၊မြို့နယ်နိမိတ်တိုးချဲ့ရေးစီမံကိန်း အားအကောင်အထည်ဖော်ရာတွင်ဒေသခံကျေးရွာ အုပ်စု (၁၃)အုပ်စုမှ ယာမြေဧက(၂၅၅၀၂)ကိုသိမ်း ဆည်းရေးနှင့်ပတ်သက်၍မည်ကဲ့သို့စဉ်းစားဆုံးဖြတ် မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၄)ရက်မြောက်နေ့ (၂၈.၅.၂၀၁၅)

ဒေါက်တာအောင်မိုးညို (ပွင့်ဖြူ)မိမိအနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေသည့် စီမံကိန်းများကို ကြိုဆိုပါကြောင်း၊ လယ်ယာမြေများကို လက်လွတ်စပယ်သိမ်းယူပြီး လယ်ပိုင်ရှင်များ၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို အလေးမထားသည့် ကိစ္စရပ်မျိုးကို လက်မခံနိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ လယ်ယာမြေများကို သိမ်းယူခဲ့သောလည်း မအောင်မြင်သည့် စီမံကိန်းများအကြောင်း ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလိုစိုက်ပျိုးရေးကို မှီခိုအားထားနေရသော ဖွံ့ဖြိုးမှုနိမ့်ကျသည့် လယ်ယာမြေများ၏ တန်ဖိုးရှိမှုသည်စာဖွဲ့လို့မရနိုင်ပါကြောင်း၊ တန်ဖိုးဖြတ်မရသည့် လယ်ယာမြေများကို မတန်တဆဈေးဖြင့် သိမ်းပိုက်ခံနေရသည့် ဥပမာများသည်လည်း မျက်မြင်ကိုယ်တွေ့ ဖြစ်ပါကြောင်း၊   သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မြို့နယ်နယ်နိမိတ် တိုးချဲ့ရေးစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ဒေသခံကျေးရွာအုပ်စု ၁၃ အုပ်စုမှ ယာမြေဧက ၂၅၅၀၂ ကို သိမ်းဆည်း ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့ စဉ်းစားဆုံးဖြတ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းမကွေးမြို့၏ မြို့နယ်နယ်နိမိတ်တိုးချဲ့ရန်အတွက် မြို့ပြစီမံကိန်း ရေးဆွဲဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်ဒေသစီမံကိန်း ဌာနခွဲမှ ၂၈-၁-၂၀၁၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား မြို့ပြစီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊

မကွေးမြို့၏ မြို့နယ်နယ်နိမိတ်တိုးချဲ့ရန်အတွက် နယ်နိမိတ်များသတ်မှတ်တိုင်းတာခြင်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတာဝန်ရှိသူများမှ ကွင်းဆင်းလေ့လာတိုင်းတာခဲ့ပါကြောင်း၊ မကွေးမြို့၏ မူလမြို့မြေသည် ၄၉၁၆ ဧကရှိပြီး နောင်တိုးတက်လာမည့် မြို့အခြေအနေ ဖွံ့ဖြိုးရေးဇုန်များနှင့် မကွေးမြို့အား မျှတစွာဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်တို့ဖြင့် မကွေးမြို့၏ နယ်နိမိတ်အား ၃၁၄၁၈ ဧကသို့ တိုးချဲ့သတ်မှတ်ရန် လျာထားတိုင်းတာခဲ့ပါကြောင်း၊ ထိုသို့ မြို့နယ်နိမိတ် တိုးချဲ့သတ်မှတ်နိုင်ရေး ဆောင်ရွက်ရာတွင် ထုံးပေါက်တော၊ နံကပ်ကျွန်း၊ နတ်ကန်၊ ဒဟတ်ကန်၊ ဆားတိုင်ကန်၊ ကံပြား၊ ဘုရားပြို၊ မကြီးကန်၊ ဖုတ်ကုန်း၊ သပြေစမ်း၊ မယ်လှတောင်၊ ဇီးကျွန်း၊ ပုထိုးစသည့် ကျေးရွာအုပ်စု ၁၃ အုပ်စုမှ စိုက်ပျိုးမြေ ၁၅၀၃၁ ဧက၊ မစိုက်ပျိုးနိုင်သောမြေ ၁၀၆၇၉ ဧက၊ ရွာမြေ ၇၆၇ ဧက၊ မြေရိုင်း ၂၅ ဧက စုစုပေါင်းမြေ ၂၆၅၀၂ ဧကတို့ ပါဝင်လာခဲ့ပါကြောင်း၊ မကွေးမြို့၏ မြို့နယ်နယ်နိမိတ် တိုးချဲ့ဖွဲ့စည်းရာတွင် ပါဝင်သောကျေးရွာများမှ ယာမြေများအား သိမ်းယူသွားမည် မဟုတ်ကြောင်းနှင့် နောင်တိုးတက်လာမည့် လူဦးရေအရ မြို့ပြစီမံကိန်းကိုသာ ရေးဆွဲဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။