(င)-ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်စွန်းရှိ သင်းပုန်းတန်းကျွန်းနှင့် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းတို့ ဆက်သွယ်သော ကျေးရွာချင်းဆက် လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၀)ရက်မြောက်နေ့ (၂၁.၅.၂၀၁၅)

ဦးထွန်းအောင်ကျော် ( ပုဏ္ဏားကျွန်း မဲဆန္ဒနယ်)ပုဏ္ဏားကျွန်းမြို့နယ်သည် မြောက်ဘက်တွင်တောင်ကုန်း၊ တောင်တန်းပေါများသော်လည်း အနောက်ဘက်နှင့် တောင် ဘက်တွင် မြစ်ဝမြေနုကျွန်းများပါကြောင်း၊ ထိုသင်းပုန်းတန်းကျွန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ သင်းပုန်းတန်းကျွန်းတွင် ကျေးရွာရှစ်ရွာရှိပါကြောင်း၊ ဒီကျေးရွာရှစ်ရွာ၏ လူဦးရေမှာလည်း ၁၀၀၀၀ နီးပါးရှိပါကြောင်း၊ မိုးတွင်းကာလများတွင် ရေကြောင်းလမ်းကိုသာ အသုံးပြုသွားလာရသည့် အတွက် စက်လှေနစ်မြုပ်မှုများ၊ အချိန်ကြန့်ကြာမှုနှင့်  ခရီးစရိတ်ကုန်ကျမှု စသည့်အခက်အခဲများကို ကြုံတွေ့ရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်းဖြင့်  အဆိုပါ ကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ သင်းပုန်းတန်းကျွန်းသည် ကျွဲခြားကျေးရွာမှ ကံပြင်အထိ ၅ မိုင်ခန့် ရာသီမရွေးသွားနိုင်သည့် လမ်းကြမ်းရှိပြီးသားဖြစ်သည့်အတွက် ယခုဖောက်လုပ်နေသည့် ရသေ့တောင်- ပုဏ္ဏားကျွန်းလမ်းနှင့် နားဋောင်းကျကျေးရွာ၊ မိုးတိမ်ပြင်ကျေးရွာကို ဆက်သွယ်ပြီး ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းနှင့် ဆက်သွယ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

မွေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျွန်းနှင့် နားဋောင်းကျ၊ မိုးတိမ်ပြင်ကျေးရွာကိုဖြတ်ပြီး ပုဏ္ဏားကျွန်း- ရသေ့တောင်လမ်းကို ဆက်သွယ်သည့်လမ်းသည် ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး အရှည်အားဖြင့် ၁၁ မိုင်ရှိပြီး မြေသားလမ်း ၆ မိုင် သာရှိပါကြောင်း၊ ကျန်ရှိ ၅ မိုင်သည် မြေသားလမ်း ဖောက်လုပ်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ စုစုပေါင်း သံကူကွန်ကရစ်တံတား၊ သစ်သားတံတား၊ ရေပြွန်များကို ဖောက်လုပ်မည်ဆိုလျှင် စုစုပေါင်း ၈၄၉.၈ သန်းလောက်ကုန်ကျမည်ဟု ခန့်မှန်းပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၅-၁၆ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၈၀၂၅.၇ သန်း လမ်းတံတားများအတွက် ခွင့်ပြုချမှတ်ပေး ပြီးဖြစ်ပါကြောင်း၊

၂၀၁၅-၁၆ ပုဏ္ဏားကျွန်းမြို့နယ်အတွက်ရရှိသည့် လမ်းတံတားရန်ပုံငွေမှာ ၁၅၆.၁၈၂ သန်း ဖြစ်သည့်အတွက်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာရှိသည့် သင်းပုန်းတန်းကျွန်းနှင့် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းကို ဖောက်ထားသည့် ကျေးရွာချင်းဆက်လမ်းကို မိမိတို့ ၂၀၁၅-၁၆ တွင် လျာထားခြင်းမရှိကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ် ဦးစားပေးစာရင်းတွင် ထည့်သွင်းရန် မှတ်တမ်းတင်ထားမည်ဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။