ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်တောင်ပေါ်ဒေသရှိ ပြည်သူများ ဆက်သွယ်သွားလာရေး ခက်ခဲလျက်ရှိရာ ယခင်ဘဏ္ဍာနှစ်၌ ကျောက်ကခြား၊ လိန်းကလ၊ ထိသန်းလိတ် တောင်ပေါ်ဒေသရှိ ပါခက်၊ ပန်ကလားကျေးရွာများသို့ ဆက်သွယ်သွားလာသည့် မြေသားလမ်းကို နိုင်ငံတော်မှ ဖောက်လုပ်ပေးခဲ့ရာ ပြည်သူများများစွာ ဝမ်းသာအားရဖြစ်လျက်ရှိပါကြောင်း၊ ယခုအခါ အဆိုပါလမ်းနှင့် ချိတ်ဆက်ထားသည့် ပါခက်- ပန်ကလား- ဗန်းစောင်းလမ်း၊ လိန်းကလ- ဟိုက်နွဲလမ်း လမ်းနှစ်လမ်းကို မြေသားလမ်းအဖြစ် ထပ်မံဆန္ဒပြုလာကြပါသည်။ တစ်ဆက်တည်းမှာပင် အဆိုပါ လမ်းပေါ်ရှိတံတားများကိုလည်း လမ်းများရေရှည်ခိုင်ခံ့တည်တံ့စေရန် နိုင်ငံတော်မှထပ်မံတည် ဆောက်ပေးရန် လိုလားလျက်ရှိနေကြပါသည်။ ထို့အပြင် မဲနယ်တောင်ထိပ် လိန်းကလရွာသည် သောက်သုံးရေ အခက်အခဲရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဖော်ပြပါမဲနယ်တောင် တောင်ပေါ်ဒေသနေ ပြည်သူများ သွားလာရေးအတွက် မြေသားလမ်းနှင့် ၎င်းလမ်းကြောင်းပေါ်ရှိ တံတားများအပြင် ရွာသူရွာသားများ သောက်သုံးရေရှိရေးကို နိုင်ငံတော်မှမည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ဟိုပုန်းမြို့နယ်ရှိ ပါခက်- ပန်ကလား- ဗန်းစောင်း လမ်းနှင့် လိန်းကလ- ဟိုက်နွဲလမ်းသည် စုစုပေါင်း ၁၁ မိုင်နှင့် ၆ ဖာလုံရှိပါကြောင်း၊ အဆိုပါလမ်းနှစ်လမ်းကို ကျောက်ချောလမ်း ခင်းမည်ဆိုလျှင် ခန့်မှန်းအားဖြင့် တံတားအပါအဝင် စုစုပေါင်း ၁၂၆၈.၉၉ သန်း ကုန်ကျမည်ဖြစ်ပါသည်။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ယခုနှစ် ၂၀၁၅-၁၆ တွင် မိမိတို့ ကျေးလက်ဒေသ လမ်းများအတွက် ခွင့်ပြုငွေစုစုပေါင်းမှာ ၁၂၂၈.၅၄ သန်းဖြစ်ပါကြောင်း၊ အလားတူ ဟိုပုန်းမြို့နယ် အတွက်ဆိုလျှင် ၂၀၁၅-၁၆ ယခု ဘဏ္ဍာရေးနှစ်တွင် ၄၀၃.၄၀ သန်း၊ ကျောက်ချောလမ်းများ ခင်းရန်အတွက် လျာထား ဆောင်ရွက်ထားပါကြောင်း၊ ဆက်လက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ယခုနှစ် ဘဏ္ဍာနှစ်တွင် ရေတွင်းများ အတွက် ရန်ပုံငွေ ၇၄၉.၇၅ သန်း၊ ကျေးရွာပေါင်း ၆၈ ရွာ တွင်းတိမ် ၁၅ တွင်း၊ တွင်းနက် ၃ တွင်း၊ လက်တူးတွင်း ၁၅ တွင်း၊ စိမ့်စမ်းရေသွယ်ယူခြင်း ၃၂ ခု၊ အခြားရေလုပ်ငန်း ၃ ခု စုစုပေါင်း ၆၈ ခုဆောင်ရွက်ရန်ရှိပါကြောင်း၊ ဟိုပုန်းမြို့နယ် ရေရရှိရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၂၅၂.၅၄ သန်း စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ၁၅ ခု ဆောင်ရွက်ခွင့်ပြုထားပြီးလည်း ဖြစ်ပါကြောင်း၊ ဟိုပုန်းမြို့နယ် အတွင်းရှိ ပါခက်- ပန်ကလား- ဗန်းစောင်းလမ်း၊ လိန်းကလ- ဟိုက်နွဲလမ်းနှင့် အဆိုပါလမ်းများပေါ်ရှိ တံတားများ၊ ဟိုပုန်းမြို့နယ်အတွင်းမှာရှိ လိန်းကလကျေးရွာ ရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူရေး လုပ်ငန်းများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားထားခြင်းမရှိသေးပါကြောင်းနှင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် လက်ရှိခွင့်ပြုထားသော လုပ်ငန်းများမှာလည်း ဆက်လက်ပြီး လိုအပ်သည့် နေရာများကို ဦးစားပေးအလိုက် လွှဲပြောင်းလျာထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
