ညောင်ရွှေမြို့နယ်အတွင်းရှိ ခေါင်တိုင်- အင်းတိန်- မှော်ဘီလမ်းသည် ၂၉ မိုင်ရှည်လျားသော လမ်းဖြစ်ပြီး ခေါင်တိုင်မှအင်းတိန်ရွာအထိ လမ်းပိုင်းကိုမူရှိပြီးသား မူလလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးပြီးဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာသော်လည်း အင်းတိန်ရွာမှ မှော်ဘီအထိ လမ်းပိုင်းမှာမူ မြေသားလမ်းသာဖြစ်နေပါသဖြင့် ရာသီမရွေးသွားလာရန် ခက်ခဲနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ခေါင်တိုင်- အင်းတိန်- မှော်ဘီလမ်းပိုင်းရှိ အင်းတိန်- မှော်ဘီလမ်း ပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ခေါင်တိုင်- အင်းတိန်- မှော်ဘီလမ်းဟာ အရှည်မိုင်အားဖြင့် ၂၇ မိုင်ရှိပါကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် မိမိတို့ ကတ္တရာလမ်း ၁၀ မိုင် ခင်းပေးခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ကတ္တရာလမ်း ၁ မိုင်၊ မြေသားလမ်း ၂ မိုင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စုစုပေါင်း ကျန်ရှိသည့် ၂၇ မိုင်မှာ ကတ္တရာလမ်း ၁၆ မိုင်နှင့် မြေသားလမ်း ၁၄ မိုင် ဆောင်ရွက်ရန် ကျန်ရှိပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး မိမိတို့ ဆောင်ရွက်ရန်ကျန်သည့် မြေသားလမ်း ၁၄ မိုင်အတွက် ခန့်မှန်း ကုန်ကျငွေ နောက် ကတ္တရာလမ်း ၁၆ မိုင်ခင်းရန်အတွက် ကုန်ကျငွစုစုပေါင်း ၂၁၇၉.၅၈ သန်းခန့် ကုန်ကျမည်ဟုခန့်မှန်းရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ယခုဘဏ္ဍာရေးနှစ် ရန်ပုံငွေ ၆၇၅၈.၄၃၆ သန်းကို လမ်းတံတားနှင့် ရေပြွန်များဆောင်ရွက်ရန် ခွင့်ပြုထားပါကြောင်း၊ ညောင်ရွှေမြို့အနေဖြင့် ယခု ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်ရရှိသည့် ဘဏ္ဍာရန်ပုံငွေအနေနှင့် လမ်းတံတားအတွက် ၈၀.၆၈ သန်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ညောင်ရွှေမြို့နယ် ခေါင်တိုင်-အင်းတိန်- မှော်ဘီလမ်း အင်းပတ်လမ်းဖြစ်ကြောင်း၊ ကျန်ရှိလမ်းအပိုင်းဖြစ်သည့် ကတ္တရာလမ်း ၁၆ မိုင်နှင့် မြေသားလမ်း ၁၄ မိုင် ခင်းရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေလျာထားထားခြင်း မရှိပါကြောင်းနှင့် လတ်တလောလည်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
