(ဆ)-ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်တို့တွင် လိုအပ်လျက်ရှိသော လျှပ် စစ်ဓာတ်အားလုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၉)ရက်မြောက်နေ့ (၂၀.၅.၂၀၁၅)

ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံတည်ရှိသော ကျိုင်းတောင်းမြို့ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၅)နှင့် ရပ်ကွက်(၆)တို့တွင် ပြုပြင်သွယ်တန်းပေးမည့် လျှပ်စစ်ဓာတ်အားလုပ်ငန်းအစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

အမှတ် (၆) ရပ်ကွက်တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်လျာထားချက်တွင် ပါဝင်နိုင်ခြင်းမရှိသဖြင့် နောင်လာမည့်ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အမှတ် (၅) ရပ်ကွက်တွင် ၁၁ ကေဗွီ လိုင်း ပေ ၁၀၀၀ နှင့် ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ပါဝင်သည့်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အမှတ် (၂) ရပ်ကွက် ၁၁ ကေဗွီလိုင်း ပေ ၂၀၀၀ နှင့် ၁၆၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး ၄၀၀ ဗို့ ဓာတ်အားလိုင်း ပေ ၂၆၀၀ ခန့်တည်ဆောက်ခြင်းလုပ်ငန်းကိုလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အမှတ် (၅) ရပ်ကွက်တွင် ဓာတ်အားဖြန့်ဖြူးပေးထားသော ၄၀၀ ဗို့လိုင်း ၃ မိုင်ရှိ Aluminium ကြိုး (ACSR 25 mm2 နှင့် 35 mm2 ကြိုးများ) အား လျှပ်ကာအခွံပါသော (AAC ကြိုး) များ ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်ရန်ပုံငွေတွင် ပါဝင်သည့်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/ဝ.၄ ကေဗွီ ဓာတ်အားခွဲရုံငယ်များနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း အသစ်တည်ဆောက်ခြင်း၊ အဟောင်းများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် ကုန်ကျစရိတ်ရန်ပုံငွေများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၏ ရန်ပုံငွေလျာထားချက်တါင် ထည့်သွင်းလျာထား တောင်းခံပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းပါ  ကျိုင်းတောင်းမြို့ပေါ် ရပ်ကွက် (၃) တွင် ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ထည့်သွင်းလျာထား တောင်းခံဆောင်ရွက်ပေးရန် တင်ပြညှိနှိုင်းပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။