(ဆ)-ဘားအံ မြို့ နယ်၊သံလွင်မြစ်အနောက်ဘက် ကမ်း ရှေးဟောင်းသမိုင်းဝင် ရသေ့ပျံ ဂူဘုရားသို့ သွားသောလမ်းကို ကျောက်ချောလမ်းအဖြစ်၂၀၁၅- ၁၆ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့်ဆောင်ရွက်ပေး ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၃)ရက်မြောက်နေ့ (၂၇.၅.၂၀၁၅)

ဒေါ်နန်းစေအွာ(ဘားအံ မဲဆန္ဒနယ်)ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်း ရှေးဟောင်းသမိုင်းဝင် ရသေ့ပျံဂူဘုရား လမ်းသည် ဘားကပ်-ကော့ဂွန်း ကျေးရွာချင်းဆက်လမ်းနှင့် ၃ မိုင်ခန့် ကွာဝေးပြီး ဤဂူဘုရားသို့ သွားရာ လမ်းတစ်လျှောက်သည် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ဖြင့် ကျပ်သိန်း (၅၀) ကူညီပံ့ပိုးပြီး ကျေးရွာလူထု၏ လုပ်အားဖြင့် ကွန်ကရစ်လမ်းခင်းခဲ့ပါကြောင်း၊ ထို့အပြင် ရသေ့ပျံဂူအဝ၏ ခြေရင်းတွင်လည်း ကျေးလက်ဦးစီးဌာန၏ ပံ့ပိုးငွေ ကျပ်သိန်း (၃၀) နှင့် ကျေးရွာလူထု၏ ပူးပေါင်းပါဝင်မှုနှင့် လမ်းကို ပြုပြင်ခဲ့ပါကြောင်း၊ ကျေးရွာအဝင်ရွာဦးထိပ်နှင့် ဂူဝတောင်ခြေရင်းသည် လမ်းကောင်းသော်လည်း အလယ်လမ်းတစ်လျှောက်သည် မြေသားလမ်းများ ဖြစ်သည့်အတွက် မိုးရာသီတွင် ရွှံ့ဗွက်များ ထပြီး အဆင်မပြေမှုများ မရှိခဲ့ပါကြောင်း၊ မိုးရာသီပါ နွေရာသီတစ်လျှောက်လုံး အသုံးပြုနေကြရသော ဘားကပ်ကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေရသော ကျောင်းသူကျောင်းသားများအတွက် အခက်အခဲများ ဖြစ်စေပါကြောင်း၊ ထို့ကြောင့် ရှေးဟောင်းသမိုင်းဝင် ရသေ့ပျံဂူဘုရားလမ်းကို သွားသော လမ်းတစ်လျှောက်ကို ကျောက်ချောလမ်းအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန် ပုံငွေ ဖြင့်သော်လည်းကောင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

မွေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်း ရှေးဟောင်းသမိုင်းဝင်ရသေ့ပျံဂူဘုရားကို သွားသော ဘားကပ်-ရသေ့ပျံဂူလမ်းသည် အရှည် ၁ မိုင် ၆ ဖာလုံရှိပြီး ကတ္တရာလမ်းခင်းမည်ဆိုပါက ကျပ် ၁၄၈.၇၅ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်ချုပ်အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အနေဖြင့် ကျပ် ၄၂၃၇.၅၀ သန်း လမ်းတံတားအတွက် ခွင့်ပြုထားပါကြောင်း၊ ဘားအံမြို့နယ်ချုပ်အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လမ်းတံတားအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅၇.၇၃ သန်း ခွင့်ပြုထားပါကြောင်း၊ ဘားအံမြို့နယ်အတွင်းရှိ သံလွင်မြစ်အနောက်ဘက်ခြမ်း ရှေးဟောင်းသမိုင်းဝင် ရသေ့ပျံဂူဘုရားကို သွားသော ဘားကပ်-ရသေ့ပျံဂူလမ်းနှင့် စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လျားထားခြင်းမရှိသော်လည်း ဘားအံ-ဘားကပ်-ရသေ့ပျံလမ်းကို ကတ္တရားခင်းရန် မိမိတို့ စစ်ဆေးတွက်ချက်ပြီးပါက ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အတိုင်း လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။