ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်ဓာတာ်အားဝန်ကြီးဌာန၏ ဦးဆောင် မှုဖြင့် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ပင်မထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ရခိုင်ပြည်နယ် ကျောက်ဖြူဒေသသို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ပြီး လျှပ်စစ် ဓာတ်အားများကို ၃ မဂ္ဂါဝပ်ဖြင့် ဖြန့်ဖြူးပေး လျက်ရှိကြောင်း၊ ကျောက်ဖြူမြို့အပါအဝင် အနီးအနား ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၄၀၀၀ ကျော်ခန့်ကိုလည်း လျှပ်စစ်ဓာတ်အား၊ လျှပ်စစ်ဓာတ်မီးကြိုး သွယ်တန်းကာ မီတာတပ်ဆင်ပြီး လျှပ်စစ် Gas Engine စနစ်နှင့်လည်ပတ်လျက်ရှိကြောင်း၊ အခြားဒေသများသို့ ဖြန့်ဖြူးလျှင် နှစ်လခန့်အချိန်ပေးပြီး လက်ရှိ ၃ မဂ္ဂါဝပ်ထက် မြှင့်ပြီး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ရမ်းဗြဲမြို့နယ် သည် ကျောက်ဖြူမြို့နယ်နှင့် ကုန်းလမ်းဆက်စပ်မှုရှိသည့်အပြင် ၈ မိုင်သာ ကွာဝေး၍ ရမ်းဗြဲကျွန်းပေါ်တွင် အတူတကွ ယှဉ်တွဲ နေထိုင်ကြသည့် အပြင် ကျောက်ဖြူခရိုင်အတွင်း အနီးကပ်ဆုံးကျရောက်နေသည် တို့ကြောင့် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို Gas Energy စနစ်ဖြင့် ရမ်းဗြဲမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ပေးနိုင်မည်ကိုလည်းကောင်း၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင် ရန်အတွက် ကျောက်ဖြူ Gas Turbine မှတစ်ဆင့် ကျောက်ဖြူမြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅ မိုင်စီမံကိန်းကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ငွေ ပါဝင်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းကျောက်ဖြူ Gas Turbine တည်ဆောက်ရေးစီမံကိန်းအတွက် အကြိုလေ့လာမှု Feasibility Study နှင့် EIA Report များ ပြုစုတင်ပြခြင်းနှင့် International Tender ခေါ် ယူရန် ဆောင် ရွက်လျက်ရှိပြီး ၎င်း Gas Turbine တည်ဆောက်မှုမပြီးခင် ကာလအတွင်း ၁.၁ မဂ္ဂါဝပ် Gas Engine ၃ လုံးဖြင့် ၁၅-၉-၂၀၁၃ ရက်နေ့မှစ၍ ကျောက်ဖြူမြို့ကို Gas Engineများ မောင်းနှင်လည်ပတ်ပြီး ပတ်ဝန်းကျင်ကို ၁၁ ကေဗွီ ဓာတ်အားလိုင်း များဖြင့် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊
ရမ်းဗြဲမြို့နယ်သည် ကျောက်ဖြူမြို့နှင့် ၄၈ မိုင်ကွာဝေးပြီး ၁၁ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးနိုင်သော အကွာအဝေးထက် များစွာကျော်လွန်နေခြင်းကြောင့် ကျောက်ဖြူတွင် တည်ဆောက်မည့် Gas Turbine မှတစ်ဆင့် ကျောက်ဖြူ-ရမ်းဗြဲ ၆၆ ကေဗွီဓာတ်အားလိုင်း ၄၁ မိုင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ရရှိပြီးပါက ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ရမ်းဗြဲဓာတ်အားခွဲရုံ တည်ဆောက်ခြင်းတို့ကို ၂၀၁၄ ခုနှစ် အတွင်း ပြီးစီးအောင်ဆောင်ရွက်၍ ဓာတ်အားပေးနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန် လည်ဖြေကြားပါသည်။
