ကတူးကြီးကျေးရွာအုပ်စုသည် မောက်မယ်မြို့နယ်၏ တောင်ဘက်အစွန်းဆုံး ရှမ်း၊ ကယားနယ်စပ်တွင်တည်ရှိပြီး ယခင်က ကျေးရွာ ပေါင်း ၂၃ ရွာရှိသည့်အနက် အချို့ကျေးရွာငယ်များမှာ နယ်မြေအခြေအနေအနေအထား အရ ပြောင်း ရွှေ့ကြပြီးဖြစ် ပါသည်။ လက်ရှိရွာကြီးများဖြစ်ကြသော ဒေါသမ၊ နားဟီး၊ ဘဏ်မန်နဲ အိမ်ခြေ ၅၀ အထက်ရှိကြသဖြင့် အိမ်နံပါတ်တပ်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ သို့ရာတွင် ရွာငယ်များဖြစ်ကြသော ကျူးတဝီး၊ ဘဏ်မန်နဲ၊ နမ့်မတက်၊ ဘဏ်လမ်းနှင့် နောင်ခိုက်ကျေးရွာများမှာ ယခင်စစ်သုံးမြေပုံများတွင်လည်း အမည်ပေါက်ဖြစ်ကြပြီး ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် စိုက်ပျိုး လယ်ယာမြေများ တည်ရှိကြပြီး လက်ရှိတွင်လည်း ရွာသားများအခြေကျနေထိုင် လျက်ရှိကြပါသည်။
သို့ရာတွင် ယခုအခါ သစ်တောကြိုးဝိုင်းသတ်မှတ်ချက်အရ အိမ်ခြေ ၅၀ အောက် ရှိသော ကျေးရွာ များမှာ ပြောင်းရွှေ့ရမည့် အနေအထား ရောက်ရှိနေပြီး ကြိုးဝိုင်း သတ်မှတ်ချိန်တွင်လည်း ဒေသခံများအနေဖြင့် သိရှိခွင့်မရရှိကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကြိုးဝိုင်းဧရိယာအတွင်း ကျရောက်နေသော မောက်မယ်မြို့နယ် ကတူးကြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငယ်များနှင့် စပ်လျဉ်း၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း-
မောက်မယ်မြို့နယ် ကတူးကြီးကျေးရွာအုပ်စုအတွင်းရှိ ကြိုးဝိုင်းသစ်တောများကို မည်သည့်အချိန်မှ စတင်သတ် မှတ်ဆောင်ရွက်ခဲ့ပါသနည်း။
ဘုန်းကြီးကျောင်း အခြေခံပညာမူလတန်းကျောင်းနှင့် စိုက်ပျိုးလယ်ယာမြေများအတည်တကျတည်ရှိ သည့် အိမ်ခြေ ၅၀ အောက်လျော့နည်းသော ကျေးရွာငယ်များကို ကြိုးဝိုင်းဧရိယာမှ ပလပ်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည် အစီအစဉ်မရှိ ပါက အဘယ်ကြောင့် မဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ တောင်ကြီး၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကတူးကြီးကျေးရွာ အုပ်စုတွင် ၁၄-၉-၁၉၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂၇/၉၉) ဖြင့် ဧရိယာ ၁၉၂၀၀ ဧကရှိ ရေတလျောက် ကြိုးဝိုင်း၊ ၁၄-၉-၁၉၉၉ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၃၀/၉၉) ဖြင့် ဧရိယာ ဧက ၅၁၈၄၀ ရှိ ဟိုလွယ်ကြိုးဝိုင်း၊ ၂၅-၁-၂၀၀၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁/၂၀၀၀) ဖြင့် ဧက ၁၉၂၂၅၆ ဧကရှိတဲ့ ကန်တုလုံကြိုးဝိုင်း၊ ၃၀-၃-၂၀၀၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၀၀) ဖြင့် ဧက ၇၆၀၃၂ ဧကရှိ မောက်မယ်ကြိုးဝိုင်းကို အသီးသီးဖွဲ့စည်း တည်ထောင်ထားရှိပါကြောင်း။
ယင်းကြိုးဝိုင်းများကို မြို့ပြကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင် အထည်ဖော် ရာတွင် ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက် သက်သာစွာ ဆောင်ရွက်ပေးနိုင်ရန်နှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုစေရန် အတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောအတွင်းမှာ နှစ်ကာလ အတန်ကြာ တရားဝင်ခွင့်ပြုချက်မရှိဘဲ အခြေချနေထိုင်လျက်ရှိသောရွာစုနှင့် အိမ်ထောင်စုစာရင်းများကို စနစ်တကျ ကောက်ယူခဲ့ပြီး ကျေးရွာသစ်များ ပြန်လည်ဖွဲ့စည်း နေရာချထားနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းစီမံချက်ရေးဆွဲ အကောင်အ ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကောက်ယူရရှိထားသော စာရင်းဇယားများကို အခြေခံပြီး အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက်၊ အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည် မပေါက်၊ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက်၊ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေး အမည်မပေါက် ပြန့်ကျဲအိမ်စု၊ ရွာစုစသည့်ဖြင့် အဆင့်ဆင့်စိစစ်ဆောင်ရွက်ရန် စီမံထားရှိပါကြောင်း။
အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေး အမည်ပေါက် ကျေးရွားများနှင့် စပ်လျဉ်း၍ ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေများကို ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးပြီး ယာမြေများကို သီးနှံသစ်တောရောနှော စနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက် ခွင့်ပြုသွားမှာဖြစ် ပါကြောင်း။
ကွင်းဆင်စစ်ဆေး တွေ့ရှိချက်များအရ ပန်မန်ကျေးရွာသည် ကန်တုလုံကြိုးဝိုင်းအတွင်းရှိ ပြည်ထဲရေး အမည်ပေါက် ကျေးရွာ ဖြစ်ပြီး ရွာမြေ ဝ.၇၉ ဧက၊ လယ်မြေ ၈.၅ ဧက၊ သာသနာ/အများပိုင်မြေ ၂.၉၂ ဧက၊ ယာမြေ ၁၂ ဧက၊ စုစုပေါင်း ၂၄.၂၁ ဧကရှိကြောင်း၊ နမ့်ပါတက်ကျေးရွာသည်လည်း ကန်တုလုံကြိုးဝိုင်းအတွင်း ကျရောက်ပြီး ပြည်ထဲရေးအမည်ပေါက်ကျေးရွာဖြစ်ကာ ရွာမြေ ၂.၂၁ ဧက၊ သာသနာ/အများ ပိုင်မြေ၂.၇၈ ဧက၊ ယာမြေ ၆၄ ဧကနှင့် စုစုပေါင်း ၆၈.၉၉ ဧက၊ ကျူးတဝီးကျေးရွာ ပြည်ထဲရေး အမည်ပေါက်ကျေးရွားဖြစ်ပြီး ကန်တုလုံကြိုးဝိုင်းအတွင်းမှာ ကျရောက်ခြင်းမရှိပဲ ကြိုးဝိုင်း ချန်လှပ်ကွက်မှာ ကျရောက်ပါကြောင်း။ ထို့ပြင် ပန်လန်းကျေးရွာမှာ ပြည်ထဲရေးအမည်ပေါက် ကျေးရွားဖြစ်ပြီး ကန်တုလုံကြိုးဝိုင်းအတွင်း တည်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် နယ်မြေလုံခြုံရေး အကန့်အသတ်ရှိခြင်းတို့ကြောင့် လက်ရှိအခြေအနေမှာ ကွင်းဆင်စစ်ဆေးနိုင်မှု မရှိသေးကြောင်း၊ နောက်ခိုက်ကျေးရွာမှာလည်း ကန်တုလုံကြိုးဝိုင်းအတွင်း ကျရောက်ပြီး ပြည်ထဲရေးအမည်ပေါက် ကျေးရွာ စာရင်းမှာတော့ ပါဝင်မှုမရှိသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးနှင့် လုံခြုံမှု အခြေအနေကြောင့် ကွင်းဆင်း စစ်ဆေးချိန်မှာ စာရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိသေးကြောင်း။
သို့ပါ၍ တင်ပြပါ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံပြီး ကန်တုလုံ ကြိုးဝိုင်းအတွင်းမှာ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက် ပန်မန်ကျေးရွား၊ နမ့်ပါတက်ကျေးရွာများကို သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့် အညီ ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းပြီး ရွာမြေ၊ လယ်မြေနှင့် သာသနာနှင့် အများပိုင်မြေများကို ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးမည်ဖြစ်ပြီး ယာမြေများကို မူလလျာထားချက်ပါအတိုင်း သီးနှံရောနှော သစ်တော စိုက်ခင်းထူထောင်တဲ့ ဒေသပိုင်အစု အဖွဲ့အပိုင်သစ်တောလုပ်ငန်း များနဲ့ နှစ်ရှည် လုပ်ကိုင်ခွင့်ပြုသွား မှာဖြစ်ပါကြောင်း၊ ကျူးတဝီးကျေးရွာမှာ မူလကပင် ကန်တုလုံကြိုးဝိုင်းအတွင်းမှာ ကျရောက်မှု မရှိဘဲ ကြိုးဝိုင်း ချန်လှပ်ကွက် ဧရိယာအတွင်းမှာ တည်ရှိတဲ့အတွက် ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ရေးကို သီးခြားဆောင်ရွက်ရန် မလိုကြောင်း။
ကွင်းဆင်းစစ်ဆေးရာမှာတွင် စာရင်းကောက် နိုင်ခြင်းမရှိသေးတဲ့ ပြည်ထဲရေးအမည်ပေါက် ပန်လန်းကျေး ရွာ၊ ပြည်ထဲရေး အမည်မပေါက် နောင်ခိုက်ကျေးရွာတို့နဲ့ပတ်သက်လို့ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု အခြေအနေ ပေးလာတဲ့အမျှ လုပ်ထုံးလုပ်နည်းနှင့်အညီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းစဉ်များအရ ဆက်လက် စီမံ ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်းရှင်းလင်းဖြေကြားပါသည်။
