နိုင်ငံတော်မှပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေးအပိုင်းတွင် ကျေးရွာချင်းဆက် လမ်းများ၊ မြို့နယ်ချင်းဆက်လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများ၊ ပြည်နယ်ချင်းဆက်လမ်းများ၊ ပြည်ထောင်စုလမ်းမကြီးများ များစွာတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ပြည်သူများသည် လမ်းဘေးဝဲယာသို့ ရွှေ့ပြောင်းအခြေချ နေထိုင်မှုများလာပြီး ဈေးဆိုင်ခန်းများဆောက်လုပ်လာခြင်း အထူးပင်များပြား လျက်ရှိပါကြောင်း၊ ယင်းသို့ရွှေ့ပြောင်းနေထိုင်လာရာတွင် ဆောက်လုပ်ပြီးသည့်လမ်းများတွင် လမ်းအလုံ အလောက်မသတ်မှတ်ပေးခြင်း၊ လမ်းသားများလုံလောက်စွာ ဖောက်လုပ်ထားခြင်းမရှိသေးသည့်အတွက် ပြည်သူများသည် လမ်းဧရိယာအတွင်းတွင် ကျူးကျော်နေထိုင်သကဲ့သို့ ဖြစ်နေသည့်အပြင် အခိုင်အမာ အုတ်တံတိုင်းများခတ်ခြင်း၊ တိုက်အိမ်များဆောက်လာခြင်း ရှိသည့်အတွက် နောင်တွင်လမ်းချဲ့လာသည့် အခါ ပြည်သူနှင့်တိုက်ရိုက်ပြဿနာဖြစ်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းလုံးရှိ လမ်းများအား ဦးစားပေးအဆင့်များသတ်မှတ်ကာ လမ်းသားများ၊ လမ်းဧရိယာများကို လုံလောက်စွာရယူ ဖောက်လုပ် သတ်မှတ်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ လမ်းအရှည် ၉၈၉၉၃ မိုင် ရှိသည့်အနက် လမ်းမိုင်ပေါင်း ၂၄၉၃၄ မိုင် ၆ ဖာလုံ ရာခိုင်နှုန်းအားဖြင့် ၂၆% ခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရသည့် လမ်းများမှာ ကတ္တရာလမ်းအဆင့် ၅၁%၊ ကျောက်လမ်း၊ အမာခံလမ်း၊ မြေလမ်းအဆင့် ၄၉% ဖြစ်ပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတကာဆက်သွယ်ရေးလမ်းနှင့် ပြည်ထောင်စုလမ်းများကို ဦးစားပေး ၁ အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ချင်းဆက် လမ်းများကို ဦးစားပေး ၂ အဖြစ်လည်းကောင်း၊ ခရိုင်/မြို့နယ်ချင်းဆက်လမ်းများကို ဦးစားပေး ၃ အဖြစ်လည်းကောင်း စသည် ဖြင့်ခွဲခြားပြီး (၅) စီမံကိန်း၊ နှစ် (၂၀) စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာတွင် ပထမဦးစားပေးလမ်းများကို အာဆီယံလမ်းမကြီးများအဆင့် ၂ Class 2 ဖြစ်သည့် ၂၄ ပေအကျယ် ကတ္တရာလမ်းအဆင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒုတိယနဲ့တတိယ ဦးစားပေးလမ်းများကို အနည်းဆုံး ၁၂ ပေအကျယ် ကတ္တရာလမ်းအဆင့်အဖြစ်လည်းကောင်း၊ နိုင်ငံတကာနှင့် ပြည်ထောင်စုလမ်းမကြီး ပေါ်တွက်ရှိသည့် တံတားများကိုလည်း အမြဲတမ်းသံကူကွန်ကရစ်တံတားများအဖြစ်လည်းကောင်း တည် ဆောက်သွားမှာဖြစ်ပါသည်။ ထိုသို့လမ်းများကို ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် လမ်းနယ်နိမိတ်များကို သတ်မှတ်ထားရှိမှုများမှည အမြန်လမ်းမကြီးကို ၄၀၀ ပေ၊ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီးကို ၂၃၀ ပေ၊ ပြည်ထောင်စုလမ်းမကြီးကို ၁၅၀ ပေ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်/မြို့နယ်ချင်းဆက်လမ်းများကို ၁၅၀ ပေနှင့် မြို့နယ်/ကျေးရွာချင်းဆက် လမ်းများကို ၁၀၀ ပေ ဖြစ်ပါကြောင်း၊ လမ်းနယ်နိမိတ်နှင့် ပတ်သက်ပြီး ဖော်ပြပါအတိုင်း သတ်မှတ်ထားသော်လည်း မြို့တွင်းလမ်းများအတွက် လမ်းနယ်နိမိတ်ကို ၂၄-၇-၁၄ နေ့တွင် ပြဋ္ဌာန်းပြီးဖြစ်သဖြင့် လမ်းမကြီးများ ဥပဒေပုဒ်မ ၁၀-က တွင် ဖော်ပြထားသည့်အတိုင်း ဥပဒေများ၏ အကျိုးသက်ရောက်မှုတို့ကိုပါ ထည့်သွင်းစဉ်းစား၍ သတ်မှတ်ရမည်လို့ ဖော်ပြထားပြီးဖြစ်ပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်လမ်းများကို လမ်းအင်္ဂါရပ်များ၊ နည်းပညာဆိုင်ရာ စံညွှန်းသတ်မှတ်ချက်များ (Technical Specifications)အနေနှင့် ဆောင်ရွက်ရမည့် လမ်းနယ်နိမိတ်၊ လမ်းသား၊ အမာခံလမ်းပုခုံး၊ လမ်းဘေးရေမြောင်း၊ ကန့်လန့်ဖြတ် ရေမြောင်း၊ အကာအကွယ်တိုင်နှင့် လမ်းသတိပေးဆိုင်းဘုတ်များကို လမ်းနယ်နိမိတ်အတွင်း သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြို့တွင်း၊ ရွာတွင်းအပိုင်းများတွင် လမ်းမကြီးများ တိုးချဲ့ဖောက်လုပ် မည်ဆိုပါက လမ်းမကြီးများ မတည်ဆောက်မီက ဆောက်လုပ်ထားသည့် အဆောက်အဦများကို ဖယ်ရှားမည်မဟုတ်ဘဲ လက်ရှိတည်ရှိ နေသည့်အတိုင်းသာထားရှိမှာဖြစ်ပြီး သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ အိမ်ရာအဆောက်အဦများကိုလည်း လမ်းမကြီးများဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
