လယ်ယာမြေဥပဒေတွင် အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားခွင့်ရှိသကဲ့သို့ ထိုဥပဒေ၊ နည်းဥပဒေများ တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေး၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက် စသည့် အဆောက်အဦများအတွက် လယ်ယာမြေကို အသုံးပြုနိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ အထက်ပါကဲ့သို့ ဥပဒေနှင့် နည်းဥပဒေများအရ ဥပဒေကို လေးစားလိုက်နာလိုသည့် ပြည်သူများ၊ ရပ်မိရပ်ဖအပေါင်းတို့က လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားခြင်းနှင့် မြေစာရင်းပုံစံ(၁၀၅) မြေပုံရေးကူးခွင့် လျှောက်ထားခြင်းများကို ပြုလုပ်ခဲ့သော်လည်း ခက်ခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ယခုအခါ လယ်ယာမြေကို မြေစာရင်းပုံစံ (၁၀၅) မြေပုံရေးကူးခွင့်လျှောက်ထားရာတွင် တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ ယင်းအဖွဲ့၏ ခွင့်ပြုချက်ကို ထောက်ခံချက်ပေါင်း ၂၅ ဆောင်ခန့် လျှောက်ထားနေရခြင်းများကြောင့် စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများ၊ ပေါ်ပေါက်ရေးအတွက် အခက်အခဲဟန့်တားမှုများ ဖြစ်နေရပါကြောင်း၊ ထို့အတူ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင်လည်း ခက်ခဲလှသည့် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့်အပါအဝင် အခြားအခက်အခဲများ ရှိနေပါကြောင်း၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်နှင့်ပတ်သက်၍ လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က လျှောက်ထားလာပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ရာ ဖြေကြားချက်အပေါ် ပေါက်မြို့အဝင် လယ်ယာမြေများကို အခြားနည်းအသုံးပြုနေကြသည့် တောင်သူ ၆၀ ဦးခန့်က လျှောက်ထားခဲ့သော်လည်း ယနေ့အထိ ခွင့်ပြုချက်မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ဥပဒေကို လေးစားလိုက်နာပါက ဥပဒေနှင့်အညီ လျှောက်ထားကြသော် လည်း ဆောင်ရွက်ပေးမှုအားနည်းနေပြီး ဥပဒေကို ဆန့်ကျင်ကာ ခွင့်ပြုချက် မလျှောက်ထားဘဲ အခြားနည်းအသုံးပြုနေမှုများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးနိုင်မှုမရှိခြင်း ကြောင့် ဥပဒေကို အမှန်တကယ်လေးစားလိုက်နာလိုသူ ပြည်သူများက ဥပဒေစိုးမိုးမှုအားနည်းနေသည်ဟု ထင်မြင်ယူဆနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိ၍ လိုအပ်နေသည့် လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့် (လယ-၃၀) လျှောက်ထားခြင်းနှင့် မြေစာရင်း ပုံစံ (၁၀၅) မြေပုံရေးကူးခွင့် လျှောက်ထားခြင်းများအပေါ် ညွှန်ကြားကန့်သတ်ချက်များနှင့်ပတ်သက်၍ (၁) လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေစာရင်းပုံစံ (၁၀၅) မြေပုံရေးကူးခွင့် လျှောက်ထားခြင်းများအပေါ် ညွှန်ကြားချက်၊ ကန့်သတ်ချက်များကြောင့် ဥပဒေကို လေးစားလိုက်နာလိုသူ ပြည်သူများနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် ရပ်မိရပ်ဖအဖွဲ့အစည်းများအတွက် အတားအဆီး အဟန့်အတားသဖွယ်ဖြစ်နေကာ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်နေသည့် စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများ ပေါ်ပေါက်ရေးအတွက် ခက်ခဲ ဟန့်တားမှုများ ဖြစ်နေသည်ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ပေါက်မြို့အဝင် တောင်သူ ၆၀ ဦး ခန့်က ၂၈-၁၁-၂၀၁၃ ရက်နေ့က လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသော်လည်း ယနေ့အထိ တစ်နှစ်ကျော်ကြာခဲ့သည့်တိုင် ခွင့်ပြုချက်မရခြင်းမှာ ၎င်းလျှောက်ထားချက်များ မည်သည့်အဆင့်ရောက်၍ မည်သည့်နေရာဌာနနှင့် ပုဂ္ဂိုလ်တို့တွင် မည်သို့သောအကြောင်းများကြောင့် အချိန်မည်မျှကြာနေသည်နှင့် ထိုသို့ ကြန့်ကြာမှုအပေါ် မည်သို့ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်၊ (လယ-၃၀)လျှောက် ထားခြင်းနှင့် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့် လျှောက်ထားခြင်းများအပေါ် ညွှန်ကြားချက်၊ ကန့်သတ်ချက်များအား ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပေါက်မြို့အဝင် တောင်သူ ၆၀ ၏ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ရရှိရေးအတွက် မြေစာရင်း ပုံစံ(၁၀၅) ရေကူးခွင့်လျှောက်ထားသည့်မြေနေရာသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် အင်းတောကျေးရွာအုပ်စု ကွင်းအမှတ်(၁၆၀၁) ရှိ တောင်သူ ၅၆ ဦး၏ ဦးပိုင်ပေါင်း ၆၁ ဦးပိုင်၊ ဧရိယာ ၂၇.၃၈ ဧကရှိသည့် ယာမြေအမျိုးအစားဖြစ်သဖြင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(ခ)အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြလျှောက်ထားရန်မလိုဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုနိုင်သည့် လုပ်ငန်းအမျိုးအစားဖြစ်ပါကြောင်း၊ လယ်ယာမြေကို အခြား နည်းအသုံးပြုခွင့်လျှောက်ထားရာတွင် လယ်ယာမြေနည်းဥပဒေ ၈၄ အရ မြေပိုင်ဆိုင်မှုနှင့် မြေရာဇဝင် သိရှိနိုင်ရန် စာရင်းမြေပုံကောက်နုတ်ချက်မိတ္တူ၊ မြေစာရင်းပုံစံ (၁၀၅) ပူးတွဲတင်ပြရန် လိုအပ်ပြီး လျှောက်ထားမှုနှင့် စပ်လျဉ်းပြီး မြို့မြေတိုးချဲ့ရန် ကိစ္စရပ်များဖြစ်ပါက မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများမှလည်းကောင်း၊ ကျေးရွာမြေတိုးချဲ့ရန်ဖြစ်ပါက သက်ဆိုင်ရာကျေးရွာအုပ်စု စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှလည်းကောင်း လျှောက်ထားရမည်ဖြစ်ပါကြောင်း။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီးနောက် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားသည့် ကိစ္စရပ်များအတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်ကို ယခင် ဗဟိုက ခွင့်ပြုချက်နှင့် ဆောင်ရွက်နေရာမှ ယခု သက်ဆိုင်ရာ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ရန် ဖြေလျှော့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးက ၁၁-၃-၂၀၁၃ ရက်နေ့တွင် မေးခွန်းဖြင့် မေးမြန်းခဲ့သည့်အပေါ် ၂၅-၆-၂၀၁၄ ရက်နေ့တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညီညွတ်စွာဖြင့် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ စိစစ်တင်ပြလာပါက ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါလျှောက်ထားမြေမှာ မြို့မြေတိုးချဲ့ရန်အကြောင်းအရာဖြင့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လျှောက်ထားရန် အင်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ၂၈-၁၀-၂၀၁၃ ရက်နေ့ ၄ လခန့်ကြာမြင့်ပြီးမှသာ မြေပုံရေးကူးခွင့် တင်ပြလာခြင်းအပေါ် စိစစ်ရာတွင် လျှောက်ထားလိုသော အကြောင်းအရာများ၊ မြို့မြေတိုးချဲ့ရန်ကိစ္စဖြစ်၍ မြို့နယ်မြေယာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လျှောက်ထားရန်ဖြစ်သော်လည်း အင်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လျှောက်ထားခဲ့သဖြင့် ရွာမြေတိုးချဲ့နိုင်ရန် အကြောင်းအရာဖြင့် ပြန်လည်လျှောက်ထားစေရန် ရှင်းလင်းခေါ်ယူအသိပေးပြီး ၂၂-၄-၂၀၁၄ ရက်နေ့ ၆ လခန့်ကြာမှသာလျှင် အင်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရေးကူးလိုသော အကြောင်းအရာ ရွာမြေတိုးချဲ့ရန်ဟု ပြန်လည်ဖော်ပြပြီး လျှောက်ထားလာသဖြင့် မှားယွင်းစွာလျှောက် ထားမှုအတွက် ကြန့်ကြာနေခဲ့ခြင်းဖြစ်ပါကြောင်း၊ လိုအပ်သော အထောက်အထားများကို စိစစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်တွင် မြေစာရင်းပုံစံ(၁၀၅) ရေးကူးပေးခဲ့ကြောင်း လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် ရရှိရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်လက်တင်ပြထားသည်ကို သိရှိရပါကြောင်း၊ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းပါလယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့်လျှောက်ထားခြင်းများအပေါ် ညွှန်ကြားချက်၊ ကန့်သတ်ချက်များ ဖြေလျှော့ပေးရန်နှင့် ပတ်သက်ပြီး လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားရန်အတွက် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့်ကို သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ စိစစ်ကြီးကြပ်မှုဖြင့် ရေးကူးခွင့်ပြုထားပြီးဖြစ်သည့်အပြင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း ကိစ္စရပ်များမှအပ အခြားလုပ်ငန်းကိစ္စရပ်များဖြစ်သော ဂရန်လျှောက်ထားခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်း စသည့်လုပ်ငန်းရပ်များကို နေပြည်တော်ကောင်စီ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များအတွင်းရှိ မြို့မြေများမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့မြေများနှင့် စပ်လျဉ်းသည့် မြေစာရင်းပုံစံ(၁၀၅) လျှောက်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနမှ ပြည်စုံစွာ လျှောက်ထားလာပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးခင်မောင်ညို (ပေါက်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြေကြားသွားသည်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပိုင်းကိုသာ အဓိက ဖြေကြားသွားသည်ဟု ယူဆမိပါသဖြင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုသည့်အခါ လျှောက်ထားရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တစ်ခုတည်းသာမက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်နေသည့်အတွက် မိမိအနေဖြင့် တစ်ဆက်တစ်စပ်တည်း မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ပေါက်မြို့နယ် မြို့အဝင်တွင် တောင်သူ ၆၀ ဦးခန့်က လျှောက်ထားသော လျှောက်ထားချက်များသည် သက်ဆိုင်ရာက ညွှန်ကြားသည့်အတိုင်း လျှောက်ထားခြင်းဖြစ်ပါကြောင်း၊ ညွှန်ကြားမှုအမျိုးမျိုးဖြစ်နေသည့်အတွက် ကြန့်ကြာနေရခြင်းကို ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဌာနချင်းညှိနှိုင်းပေါင်းစပ်ပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း၊ မြေပုံ(၁၀၅) ရေးကူးခွင့်ပြုသည့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့များက ညွှန်ကြားထားချက်များ ရှိသည်ဟု မိမိအနေဖြင့် လေ့လာသိရှိရပါကြောင်း၊ ထိုကဲ့သို့ ညွှန်ကြားချက်များတွင် ထောက်ခံချက်ပေါင်း ၂၅ စောင်ခန့်ပါပြီး ရေးကူးခွင့်လျှောက်ထားသည့်အခါ အခက်အခဲများနှင့် ပုံစံတည်ဆောက်ပြီးသည့်အခါမှ လျှောက်ထားသည့်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညှိနှိုင်းပေါင်းစပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပေါက်မြို့နယ်တွင် လျှောက်ထားချက်များနှင့် ပတ်သက်၍ ကြန့်ကြာနေမှုများသည် မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင် လယ်ယာမြေနှင့်ပတ်သက်၍ စီမံခန့်ခွဲသည့်ကိစ္စကို မိမိတို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သည့်အတွက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရနိုင်သည့်အထိ သက်ဆိုင်ရာမြို့နယ်မြေစာရင်းဦးစီးမှူး၊ ခရိုင်မြေစာရင်းဦးစီးမှူးများက ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ဗဟိုက ညွှန်ကြားချက်များ ထုတ်ပြီး ရက်ပေါင်း ၃၀ အတွင်း ပြည့်စုံသည်များကို ချက်ချင်း (၁၀၅) ရရှိစေရန် ဆောင်ရွက်ရန် မိမိတို့ ညွှန်ကြားထားခြင်းဖြစ်ပါကြောင်း၊ သို့သော် အများပြည်သူအကျိုးအတွက် အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် စာသင်ကျောင်း၊ ဆေးရံ၊ မြို့ရွာမြေ တိုးချဲ့သည့်ကိစ္စများသည် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်သော စီမံခန့်ခွဲရေးကော်မတီများက ဆုံးဖြတ်ချက်ချပြီး သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးမှ စတင်လျှောက်ထားရမည်ဖြစ်ပါကြောင်း။ လျှောက်ထားချက်များ အပေါ်တွင် မိမိတို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ညွှန်ကြာချက်အတိုင်း ချက်ချင်းဆောင်ရွက်ပေးနေသည်များ ရှိပါကြောင်း၊ ပေါက်မြို့နယ်အဝင် ဖြစ်သည်ကိစ္စသည် ကျေးရွာအုပ်စုက ယာမြေဖြစ်ပြီး မြို့မြေတိုးချဲ့ရန် လျှောက်ထားလာသည့်အတွက် ကြန့်ကြာနေခြင်းဖြစ်ပါကြောင်း၊ လျှောက်ထားမှု အနည်းငယ် လွဲနေသည့်အတွက် ချက်ချင်းပြန်ပြင်ပြီး ကျေးရွာမြေတိုးချဲ့ရန် ပြန်ပြီးလျှောက်ထားခဲ့သည့်အတွက် ချက်ချင်းပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့နောက် သက်ဆိုင်ရာထွေ/အုပ်ရုံးကို သက်ဆိုင်ရာ ကျေးရွာအုပ်စုက တင်ပြရခြင်းဖြစ်ပါေကြောင်း၊ ထွေ/အုပ်ကတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်သ့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုမိန့်ချပေးရသော လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာထွေ/အုပ်ရုံးတွင် ရောက်ရှိလာသည်ဟု သိရသည့်အတွက် သက်ဆိုင်ရာထွေ/အုပ်ရုံးနှင့် ဆက်စပ်ပြီး ဆောင်ရွက်သွားမည်ဆိုပါက အမြန်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
