(က)-ရွှေတိဂုံစေတီတော်ဩဝါဒစရိယဆရာတော် ကြီးများအဖွဲ့ ဖွဲ့စည်းရာတွင် ကျမ်းဂန်တတ် မွန် ဆရာတော်များကိုလည်း ထည့်သွင်းဖွဲ့စည်းပေး ရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့ (၉.၂.၂၀၁၅)

ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီးက အများဖူးမြော်ကြည်ညိုနိုင်ရန်အလို့ငှာ ဒဂုံဟု အမည်တွင်သောမြို့ရှိ သိမ်ငုတ္တရကုန်းတော်ပေါ်တွင် မွန်ဘာသာဖြင့် ကျိုက်တဂေါင်း (ရွှေတိဂုံစေတီ) ကို တည်ထားကိုးကွယ်ခဲ့ပါကြောင်း၊ ၎င်းစေတီတော်မြတ်ကြီးအား မွန်မင်းအဆက်ဆက်နှင့် ဗမာမင်းတို့က ပြုပြင်ကိုးကွယ်လာကြပြီး သြဝါဒစရိယဆရာတော်ကြီးများ အဖွဲ့ကိုလည်း ခေတ်အဆက်ဆက်ဖွဲ့စည်းထား ရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာမွန်ဘုန်းတော်ကြီးကျောင်းပေါင်း ၅၀ ခန့်ရှိပြီး သီလ၊ သမာဓိ၊ ပညာ၊ အကျင့်သိက္ခာနှင့် ပြည့်စုံ၍ မွန်၊ ဗမာ၊ ပါဠိစာပေများတို့ကိုလည်းကောင်း၊ ပရိပတ္တိ၊ ပရိယတ္တိကျမ်းဂန်များတို့ကို လည်းကောင်း ကျွမ်းကျင်စွာတတ်မြောက်ပြီး နိုင်ငံတကာမှဘွဲ့ထူး၊ ဂုဏ်ထူးများ ကိုပင် ဆွတ်ခူးရရှိထားသော ဆရာတော်ကြီးများလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရွှေတိဂုံစေတီတော်အကြောင်းအရာနှင့် စပ်လျဉ်းပြီး ရှေးဟောင်းမွန်စာပေများ၊ မြန်မာစာပေများကို မွန်-ဗမာသံဃာတော်များတို့က စုပေါင်းဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပါက ရလဒ်ကောင်းများရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွှေတိဂုံစေတီတော်မြတ်၏ သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့ကို ဖွဲ့စည်းရာတွင် ကျမ်းဂန်တက် မွန်ဆရာတော်ကြီးများကိုပါ ထည့်သွင်းဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သာသနာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေး
အဖြေ

ရွှေတီဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနိုင်ငံ၏ Landmark ဖြစ်သကဲ့သို့ မြန်မာနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသနာတော်၏ ခိုင်မာသောသမိုင်းသက်သေလည်းဖြစ်ပါကြောင်း၊ ထိုသို့ မြန်မာ့သမိုင်းဝင်၊ သာသနာဝင် ဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးကို ထေရဝါဒဗုဒ္ဓဘာသာဝင်များသာမက ကမ္ဘာ့ဗုဒ္ဓ ဘာသာဝင်များ၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသူများ၊ သမိုင်းရေးရာနှင့် ဘာသာသာသနာရေးရာ စိတ်ဝင်စားသူ များက အထူးအာရုံစိုက် တန်ဖိုးထားကြပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ၊ နိုင်ငံ အကြီးအကဲများနှင့် ဗုဒ္ဓဘာသာဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီး အရှည်တည်တံ့ခိုင်မြဲစေရန်၊ ဗုဒ္ဓသန္တက၊ စေတိယသန္တကပစ္စည်းများ မပျောက်မပျက် ထိန်းသိမ်းနိုင်ရန်အတွက် ဂေါပကအဖွဲ့ကို စဉ်ဆက်မပြတ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါပြီး ယင်းဂေါပကအဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် သြဝါဒလမ်းညွှန်မှုပြုနိုင်ရေးအတွက် သြဝါဒါဆရာတော်ကြီးများအဖွဲ့ကိုလည်း ဂေါပကအဖွဲ့စည်းမျဉ်းပါအတိုင်း ဖွဲ့စည်းထားရှိပြီး သြဝါဒခံယူဆောင် ရွက်လျက်ရှိပါကြောင်း၊ ရွှေတိဂုံစေတီတော် ဂါပကအဖွဲ့စည်းမျဉ်းအခန်း ၂ ပုဒ်မ ၃ နှင့် ပုဒ်မ ၆ တို့တွင် ရွှေတိဂုံစေတီတော် အဒွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေး ကိစ္စရပ်များကိုလည်းကောင်း၊ ယင်းစေတီတော်နှင့် ဆက်စပ်သည့် သာသနာရေးရာဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဂေါပကအဖွဲ့မှ ဆောင်ရွက်ရာတွင် သြဝါဒပေးနိုင်ရန်အလို့ငှာ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက တာဝန်ယူ၍ သြဝါဒစရိယဆရာတော် ၁၁ ပါးပါဝင်သည့် သြဝါဒစရိယ ဆရာတော်များအဖွဲ့ကို ဖွဲ့စည်းထားရှိရမည်။ သြဝါဒစရိယဆရာတော်နေရာ လစ်လပ်လျှင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနသည် လက်ရှိသြဝါဒစရိယ ဆရာတော်ကြီးများနှင့် ညှိနှိုင်း၍ ၃ လအတွင်း သင့်လျော်သော သြဝါဒစရိယ ဆရာတော်ကို ဖြည့်စွက်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

အထက်ပါဂေါပကအဖွဲ့စည်းမျဉ်းပြဋ္ဌာန်းချက်များနှင့်အညီ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ သြဝါဒ စရိယ ဆရာတော်များအဖွဲ့တွင် အကြောင်းအားလျော်စွာ လစ်လပ်မှုရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝါကပ်ဝါဆိုပြီး စာသင်တိုက်ကြီးကို ဦးဆောင်နေခြင်း၊ သံဃာ့ အဖွဲ့အစည်းတွင် ထင်ရှားစွာ တာဝန်ထမ်းဆောင်နေခြင်း၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံထားရခြင်း၊ သြဝါဒစရိယအဖြစ် ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း လျှောက်ထားခြင်းစသည့် အချက်များအပေါ်တွင် မူတည်လျက် အဖွဲ့ဝင်ဖြစ်သည့် ဆရာတော်များကို လက်ရှိအဖွဲ့ဝင်ဆရာတော်များထံ ဦးစွာလျှို့ဝှက် ဆန္ဒမဲရယူပါကြောင်း၊ ထို့နောက် သာသနာရေးဝန်ကြီးက နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့သို့ ဆက်လက် တင်ပြခွင့်ပြုချက်ရယူ၍ လစ်လပ်သြဝါဒစရိယ ဆရာတော်နေရာ၌ ဖြည့်စွက် အတည်ပြုပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ရွှေတိဂုံစေတီ တော်ဂါပကအဖွဲ့ သြဝါဒစရိယဆရာတော် ရွေးချယ်ခန့်အပ်ရာတွင် ဂေါပက စည်းမျဉ်းအရ သာသနာရေးဝန်ကြီးဌာနက သြဝါဒစရိယဆရာတော်များနှင့် သံဃာ့အဖွဲ့အစည်း ဆရာတော်များထံသို့ တင်ပြလျှောက်ထား၍ သံဃာ့မထေရ်ဆရာတော်များ၏ စိစစ်မှုဖြင့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သာသနာ့အကျိုးကိုဆောင်ရွက်ပြီး ဂုဏတုဎို၊ ဝယတုဎိုဂုဏ်နှင့် ပြည့်စုံသော ဆရာတော်များကို ပုဂ္ဂိုလ်ရေးမခွဲခြား၊ ဂိုဏ်းဂဏကန်သတ်ခြင်းမရှိ ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် သြဝါဒ စရိယဆရာတော်လစ်လပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အမြဲနေ ဝါကပ်ဝါဆို မည့် မည်သည့်ဂိုဏ်း၊ မည်သည့်မထေရ်ကြီးကိုမဆို ဆန္ဒရှိပါက အဆိုပြုနိုင်ပါကြောင်း၊ ယခုအခါ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ စည်းမျဉ်းအရ သြဝါဒစရိယဆရာတော်ကြီးများ အဖွဲ့တွင် ဆရာတော်ကြီး ၁၁ ပါးပြည့်ပြီးဖြစ်ပါသဖြင့် လစ်လပ်မှုမရှိပါသေကြောင့် ဖြည့်စွက်ဖွဲ့စည်းရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။