စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ထမံသီရေအားလျှပ်စစ် စီမံကိန်း ကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်ကစပြီးတော့ ဖော်ဆောင်ခဲ့ရာတွင် ဆည် တည်ဆောက်ခြင်းအဆင့်ကို မရောက်ရှိသေးဘဲနှင့် ဆည်တည်ဆောက်သည့်အ ခါ ရေနစ်မြှုပ်နိုင်သော ဧရိယာအတွင်းပါရှိမည့် ပတ်ဝန်းကျင်ဒေသခံတို့အတွက် မြို့သစ်တည်ထောင်ရန်နှင့် စိုက်ပျိုးမြေရရှိဖို့ရာ သစ်တောဧရိယာဧက ရှစ်သောင်းကျော်နှင့် ထမံသီရေဝပ်ဧရိယာအတွက် သစ်တော ဧရိယာပေါင်း ၃၀၀၄၈၅ ဧကကိုလည်း အပြောင်ရှင်းစနစ်နှင့် ခုတ်ထွင်ခဲ့ကြပါကြောင်း၊ ဆည်တည်ဆောက် သည့်အခါ တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်း အပြီးရှင်းလင်းထုတ်နိုင်ခဲ့ ပါလျက် ယခုကဲ့သို့ပြု လုပ်ခဲ့ခြင်းသည် တိုင်းပြည် အတွက် ကြိုတင်ဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့ရသည့်အပြင် ထိုအခွင့် အရေးအပေါ် စီးပွားရေးသမားများ၏ ပိုမို အခွင့်အရေးယူမှုတွေ၊ ဥပဒေ လက်တစ်လုံးခြားကာ အမြတ်ထုတ်နေခဲ့ခြင်းများသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မြင်မကောင်း ရှုမကောင်းဖြစ်ကြရသည် အထိဖြစ်ပါကြောင်း၊ စီမံကိန်းမအောင်မြင်သည့်အခါတွင်လည်း တိုင်းပြည်အတွက် ရည်မှန်းချက်ပျောက်ဆုံးရသည့်အပြင် ဒေသခံများလည်း လျှပ်စစ်မရရှိခဲ့ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာ မှုများနှင့် သဘာဝဘေးအန္တရာယ်များ၊ အတားအဆီးမဲ့မြစ်ကြောင်းတိမ်ကောမှုနှင့် ရာသီဥတုဖောက်ပြန်မှုများ ကို တောင်သူများ ခံစားနေကြရပါကြောင်း၊ ယခုကဲ့သို့ မအောင်မြင်သော စီမံကိန်းများတွင် သဘာဝသယံဇာတများ များစွာဆုံးရှုံးခဲ့ရပါက တာဝန်ရှိသူတွေများ မည်ကဲ့သို့ကုစားကြမည်နည်းဆိုသည့်အဖြေကို စဉ်းစား ထားရန် လိုအပ်မည်ဟု ထင်ပါကြောင်း၊ ထိုကဲ့သို့ အလျင်စလိုကြိုတင်ပြီး အပြောင်ရှင်းလင်းခဲ့ခြင်းသည့် ပြည်သူများအတွက် သံသယရှိဖွယ်လည်း ဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့်
(က) ထမံသီရေအားလျှပ်စစ်စီမံကိန်းကို မည်သည့်ခုနှစ်ကစတင်ခဲ့သည်။
(ခ)ထမံသီရေအား လျှပ်စစ်စီမံကိန်းကို မည်သည့်အတွက်ကြောင့် မည်သည့်အချိန်ကစပြီးတော့ ရပ်ဆိုင်းခဲ့ပါသည်။
(ဂ) မလိုအပ်သေးပါပဲ ဆည်ရေဝပ်ဧရိယာ ၃၀၀၄၈၅ ဧကရှိ သစ်တောတွေကို အပြောင်ရှင်းထုတ် လုပ်ခဲ့ခြင်းကို မည်သူက တာဝန်ယူပြီး ပြန်လည်စိုက်ပျိုးပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ထမံသီရေအားလျှပ်စစ်စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ တဇုန်းကျေးရွာအနီးတွင် တည်ရှိပြီး စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၂၀၀ ဖြင့် မဟာဓာတ်အားလိုင်း ကို နှစ်စဉ်ပျှမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၇၃၇.၄၇ ခန့် ထုတ်လုပ်ဖြန့်ဖြူးသွားနိုင်ရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သော ရေအားလျှပ်စစ်စီမံကိန်း ဖြစ်ပါကြောင်း။
ထမံသီရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်သော အကြိုလေ့လာ စူးစမ်းမှုများကို ၁၉၆၂ ခုနှစ်တွင် UNDP အဖွဲ့အစည်းမှ ချင်းတွင်းမြစ်ဝှမ်း ဖွံ့ဖြိုးရေး လေ့လာမှု၊ ၁၉၇၁ ခုနှစ်တွင် MEPE နှင့် United Nation ၏ ပဏာမစူးစမ်းလေ့လာခြင်းနှင့် ကွင်းဆင်းတိုင်းတာမှု၊ ၁၉၇၄ MEPE နှင့် အကြိုဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာလေ့လာပြုစုမှုအရ လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် DAEWOO Corporation ၏ ကွင်းဆင်းလေ့လာမှုအစီရင်ခံစာ၊ ၁၉၉၉ ခုနှစ်တွင် CEA(INDIA) နိုင်ငံကုမ္ပဏီ၏ ဒေသ တိုးတက်ဖွံ့ဖြိုးရေး လေ့လာခြင်းအစီရင်ခံစာ၊ ၂၀၀၀-၀၂ခုနှစ်တွင် CEA(INDIA) နိုင်ငံကုမ္ပဏီ၏ ဘူမိဗေဒ တိုင်းတာခြင်း အစီရင်ခံစာ၊ ၂၀၀၃ ခုနှစ်တွင် KANSAI(Japan) နိုင်ငံမှ မြစ်ဝှမ်းတစ်လျှောက် ဖွံ့ဖြိုးရေး လေ့လာခြင်းအစီရင်ခံစာ၊ ၂၀၀၃ ခုနှစ်တွင် NHPC(INDIA) နိုင်ငံ၏ အကြို ဖြစ်မြောက်နိုင်စွမ်း ပြန်လည်လေ့လာခြင်းအစီရင်ခံစာ၊ ၂၀၀၆ ခုနှစ် CPE တရုတ်နိုင်ငံ ၏ ဖြစ်မြောက်နိုင်စွမ်းလေ့လာတင်ပြခြင်း၊ ၂၀၀၇ ခုနှစ် CPE ကုမ္ပဏီ၏ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာတို့နှင့် ထမံသီရေအား လျှပ်စစ်စီမံကိန်းကို အိန္ဒိယနိုင်ငံအစိုးရ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တို့အရ ၁၉၉၉ မှစ၍ ၂၀၀၃ ခုနှစ်အထိ (၂) ကြိမ်လေ့လာဆောင်ရွက်ခဲ့ပါကြောင်း၊ ထမံသီရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်လေ့လာနိုင် ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် (NATIONAL HYDROELECTRIC POWER COPORATION- NHPC) INDIA Government တို့သည် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း။
ထမံသီရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အကြိုတည်ဆောက်မှု လုပ်ငန်းများ အဖြစ် မော်လိုက်စခန်း၊ ဟုမ္မလင်းစခန်း၊ တဇုန်းစခန်းတို့တွင် ဝန်ထမ်းနေအိမ်၊ ဆီလှောင်ကန်များ၊ ပစ္စည်းသိုလှောင် ရုံများကို ၂၀၀၂-၀၃ ဘဏ္ဍာရေးနှစ်မှ စတင်ဆောက်လုပ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ထမံသီရေအား လျှပ်စစ် စီမံကိန်း၏ စီမံကိန်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စအပေါ် နည်းပညာ၊ စီးပွားရေးဆိုင်ရာ ရှုထောင့်များမှ သုံးသပ်ချက်များအရ စီးပွားရေးရလဒ်အားနည်းသော (Economically Unviable) စီမံကိန်းဖြစ်သည့်အပြင် လူမှုပတ်ဝန်းကျင် အပေါ်သက်ရောက်ခြင်း (Social Impact) နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးမှု (Environmental Impact) များ မြင့်မားနိုင်သည့်အတွက် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်လျော်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံတော်သမ္မတက ဆိုင်းငံ့ထားရန် ၁၉-၂-၂၀၁၃ ရက်နေ့တွင် လမ်းညွှန်မှုပြုထားပြီးဖြစ်သည့်အတွက် ဆိုင်းငံထားခဲ့ပြီးဖြစ် ပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ၂၀၀၄-၂၅ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး ဆည်ရေဝပ်ဧရိယာအတွင်း ကျရောက်ရေမြုပ်ပျက်စီးမည့် သစ်များကို စနစ်တကျဖယ်ရှားအသုံး ပြုနိုင်ရန်နှင့် အချိန်မီပြီးစီးနိုင်ရန်အတွက် သစ်ထုတ်ခြင်း လုပ်ငန်းကိုလည်း ၂၀၀၅- ၀၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း။
ရေအားလျှပ်စစ်စီမံကိန်းများ ရပ်ဆိုင်းထားကြောင်း သိရှိရသည့်အတွက် ၂၀၀၃-၀၄ ခုနှစ်တွင် ရေဝပ်ဧရိယာ အတွင်း အပြောင်ရှင်းသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး ရပ်ဆိုင်းချိန်မှာတော့ မူလခန့်မှန်းရိယာပမာဏ၏ ၁၀.၆ ရာခိုင်နှုန်းခန့်သာ သစ်ထုတ်လုပ်ဆောင်ရွက်နိုင်ခဲ့ရာ ရေဝပ်ဧရိယာ တစ်ခုလုံးကို အပြောင်ရှင်းထုတ်လုပ်ခြင်း မပြုရသေးပါကြောင်း၊ ထမံသီရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်း ကျရောက်နေသော ကျေးရွာများကို ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းဒေသတွင် ရွှေပြည်အေးမြို့သစ်နှင့် စိုက်ပျိုးမြေများ တည်ထောင် နေရာ ချထားပေးမည့် အစီအစဉ်အရ ဖော်ပြပါဒေသရှိ ဧရိယာဧက ရှစ်သောင်းအတွင်းတွင်လည်း အပြောင်ရှင်းသစ် ထုတ်လုပ်ငန်းကို ၂၀၀၅-၀၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး၂၀၁၂-၁၃ ခုနှစ် စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းချိန်တွင် အပြောင်ရှင်းသစ်ထုတ်လုပ်မှုကိုလည်း ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် မူလခန့်မှန်းဧရိယာ၏ ၇.၈၆ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထမံသီရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်မရှိပါက လက်ရှိသစ်ထုတ်ပြီးဧရိယာများတွင် သစ်ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီများကို ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သဘာဝတောတန်ဖိုးမြင့်စိုက်ခင်းများ တည်ထောင်စေခြင်း၊ စိတ်ပါဝင်စားသော နိုင်ငံသားများကို စည်းရုံးဖိတ်ခေါ်ပြီး ပုဂ္ဂလိကသစ်တော စိုက်ခင်းများတည်ထောင်ခွင့်ပြုခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်ခွင့်ပြုခြင်းများ စည်းရုံးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ခြင်းဖြင့် စိမ်းလန်းစိုပြေရေး သာမက ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိပြီး ဒေသဖွံ့ဖြိုးရေးကိုလည်း များစွာ အထောက်အကူဖြစ်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
