(ဂ)-ဂန့်ဂေါမြို့နယ်ရှိကျေးလက်မီးလင်းရေးလုပ်ငန်း များဆောင်ရွက်ရာတွင်မြို့ပေါ်ရပ်ကွက်များလျှပ်စစ်မီး လင်းရေးအတွက်စီမံဆောင်ရွက်ပေးသည့်နည်းလမ်း များ အတိုင်းနိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၃)ရက်မြောက်နေ့ (၅.၂.၂၀၁၅)

နိုင်ငံတော်က ဂန့်ဂေါမြို့ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ လျှပ်စစ်ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီးရရှိရေးကို ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုအခါ ၂၄ နာရီ လျှပ်စစ်မီးများ ရရှိနေကြပြီဖြစ်ပါကြောင်း၊ လူနေမှုအဆင့်အတန်းများလည်း မြင့်မားစွာခံစားနေကြရပြီဖြစ်၍ ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်အစိုးရသစ်အား ဂန့်ဂေါမြို့သူမြို့သားများက အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ ဂန့်ဂေါမြို့နယ်အတွင်း ကျောင်းအုပ်စု ၆ ရွာ ပျား၊ နွားဘို့၊ အနောက်ဂန့်ဂေါ၊ ဆုံကြည်ကျေးရွာနှင့် ဇောင်းကျေးရွာများသည် ယခုအခါ လျှပ်စစ်ဓာတ်အားလိုင်းစနစ်မှ ၂၄ နာရီ လျှပ်စစ်မီးများရရှိနေကြပြီဖြစ်၍ လူနေမှုအဆင့်အတန်းမြင့်မားကာ ပျော်ရွှင်ကြည်နူးနေကြပါကြောင်း။

ဂန့်ဂေါမြို့နယ်တွင် လျှပ်စစ်မဟာဓာတ်အားလိုင်းကြီးများသည် ကျေးရွာများအနီး ၁ မိုင်နှင့် ၂ မိုင်ခန့်အကွာ အဝေးများက ဖြတ်သန်းသွားလာသည့်အတွက် ရွာတိုင်းနီးပါးခန့်က လျှပ်စစ်မီးရရှိရေးကို နိုင်ငံတော်မှ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို အထူးမျှော်လင့်နေကြပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်ပြီးဖြစ်ကြသည့် ကျေးရွာများတွင် အိမ်ထောင်စုတစ်စုလျှင် ၅ သိန်းနှင့် ၆ သိန်းခန့် ကုန်ကျမှုများ ရှိကြသည့်အတွက်လည်း ကျေးရွာများမှာ အများအားဖြင့် အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းခန့်သာ အကုန်အကျခံပြီး လျှပ်စစ်မီးရယူအသုံးပြုနိုင်ကြပြီး ၆၀ ရာခိုင်နှုန်းခန့်သည် ငွေကြေးအခက်အခဲများကြောင့် လျှပ်စစ်မီး သုံးစွဲလိုကြသော်လည်း မသုံးစွဲနိုင်ကြပါကြောင်း၊ နိုင်ငံတော်မှ မြို့ပေါ်ရှိရပ်ကွက်များတွင် ဆောင်ရွက်ပေးသော ကုန်ကျစရိတ်နှုန်းထားများဖြင့်လည်းကောင်း၊ သက်သာသောအတိုးနှုန်းထားဖြင့် ချေးငွေရရှိရေးတို့ကို လည်းကောင်း ကူညီဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးရွာများရှိ အိမ်ထောင်စုအားလုံး လျှပ်စစ်မီးကို သုံးစွဲနိုင်ကြမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိရပ်ကွက်များ လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်စီမံပေးသည့် နည်းလမ်းများအတိုင်း နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ (၂) အစိုးရသစ်လက်ထက် ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ မည်ကဲ့သို့သော အကူအညီအထောက်အပံ့များ ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့် (၃) ဂန့်ဂေါမြို့နယ်အတွင်းရှိ လျှပ်စစ်မီးလင်းရန် ကျန်ရှိနေသောကျေးရွာများ အမြန်ဆုံး မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ထားရှိမှုအား သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

ဂန့်ဂေါမဲဆန္ဒနယ်ကို ၁၃-၁၀-၂၀၁၃ ရက်နေ့မှစပြီး ဓာတ်အားစနစ်မှ ဓာတ်အားစတင် ဖြန့်ဖြုးပေးခဲ့ပါကြောင်း၊ ဂန့်ဂေါမြို့နယ်တွင် ကျေးရွာအုပ်စု ၇၁ အုပ်စုနှင့် ကျေးရွာပေါင်း ၁၁၃ ရွာရှိပြီး ကျောအရှေ့၊ ကျောအနောက်၊ ပဲမစား၊ ရွာငယ်၊ စခါးနှင့် ကျွဲလိုင်းကျေးရွာ စသည့် ကျေးရွာ (၆) ရွာကို ဓာတ်အားစနစ်မှ ဓာတ်အားစတင်ဖြန့်ဖြူးပေးထား လျက်ရှိပါကြောင်း၊ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ရွာပေါင်း ၁၀၁ ရွာကို မီးလင်းပြီးဖြစ်၍ လာပို့ရွာ၊ ပျားရွာ၊ စိုင်ဒူးရွာ၊ ဇာဟောရွာ၊ လက်ပန်ရွာနဲ့ အုတ်လှကျေးရွာ စသည့် ကျေးရွာ (၆) ရွာတွင် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးအကောင်အထည်ဖော်ဆောင်ရွက် တည်ဆောက်ဆဲ ဖြစ်ပါကြောင်း။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နိုင်ငံတစ်ဝှမ်းလုံးရှိ ဓာတ်အားသုံးစွဲသူများသို့ ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားပေးစက်ရုံကြီးများ၊ ၅၀၀/၂၃၀/၁၃၂ ကေဗွီ ပင်မဓာတ်အားခွဲရုံကြီးများနှင့် ဓာတ်အားသယ်ပို့ရန် ၅၀၀ကေဗွီ၊ ၂၃၀ကေဗွီနှင့် ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားဖြန့်ဖြူးမည့် ၆၆ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ၆၆/၃၃ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို အဓိကထားပြီး အစီအမံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ် မူတည်ပြီး အပိုင်းအလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထိုနည်းတူ ကျေးရွာများရှိ အိမ်ထောင်စုများစွာကို ဓာတ်အားပေးနိုင်ရန်အတွက် ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံ၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများမှ ဓာတ်အားလိုင်းများတည်ဆောက်၍ တည်ဆောက်မှုကုန်ကျစရိတ်နှင့် ပစ္စည်းများတန်ဖိုးကို နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲလျက်ရှိပါကြောင်း၊ ကျေးရွာများသည် လူဦးရေနည်းပါးခြင်း၊ တစ်ရွာနှင့် တစ်ရွာ အလှမ်းကွာဝေးခြင်း၊ တောတောင်ပေါများခြင်းကြောင့် ကုန်ကျစရိတ်များသဖြင့် ဓာတ်အားရရှိမှု အိမ်ထောင်စုဦးရေ အကျိုးသက်ရောက်မှုအရ ဦးစားပေးအဆင့် စဉ်းစားပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

၂၃၀/၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများနှင့် ၆၆ ကေဗွီဓာတ်အားလိုင်းများ ဖြတ်သန်းသွားသည့် ပတ်ဝန်းကျင်ရှိမြို့များ၊ ကျေးရွာများသည် ယင်းဓာတ်အားလိုင်းမှ တိုက်ရိုက်ဆက်သွယ်ပြီး  သုံးစွဲ၍ မဖြစ်နိုင်သည့်အတွက် အိမ်သုံးလျှပ်စစ်ဓာတ်အား ၂၃၀ ဗို့အဆင့်သို့ ‌ရောက်ရှိစေရန် ဓာတ်အားခွဲရုံကြီးများ တည်ဆောက်ပြီး ၎င်းမှတစ်ဆင့် ၃၃ ကေဗွီနှင့် ၁၁ကေဗွီ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ တပ်ဆင်မှသာ သုံးစွဲသွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မဟာဓာတ်အားလိုင်းများ၊ ဗို့အားမြှင့်လိုင်းများမှ မြို့/ကျေးရွာများ ဓာတ်အားအသုံးပြုနိုင်ရေးအတွက် ဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံကြီးများနှင့် ၃၃/၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများသို့ ဦးစားပေးဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွင်း ကျေးရွာပေါင်း ၆၄၉၀၀ ကျော်ရှိပြီး ယနေ့ထိ ဓာတ်အားမရရှိသေးသော ကျေးရွာပေါင်း ၃၉၉၀၀ ရွာခန့် ရှိနေပါကြောင်း၊ ၎င်းကျေးရွာအားလုံးကို နှစ်အနည်းငယ်အတွင်းမှာ မီးလင်းရန် ဆောင်ရွက်ပါက သုံးစွဲရမည့် ရန်ပုံငွေပမာဏ များစွာလိုအပ်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် မေးခွန်း (၁) နှင့်စပ်လျဉ်း၍ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့ပေါ်ရပ်ကွက်များ မီးလင်းရေးဆောင်ရွက်သကဲ့သို့ ၂၀၃၀ ခုနှစ်၌ မြန်မာနိုင်ငံအတွင်းရှိ ဒေသများအားလုံးတွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်အကူအညီဖြင့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (National Electrification Plan)ကို ရေးဆွဲလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွင့်ပြုပေးနိုင်သည့် ရန်ပုံငွေအပြင် ကမ္ဘာ့ဘဏ် (WB)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နှင့် အခြားနိုင်ငံများ၏ အကူအညီအထောက်အပံ့များကို ရယူ၍ ဦးစားပေးအစီအစဉ်များ ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မေးခွန်း (၂) နှင့်စပ်လျဉ်း၍ အစိုးရသစ်လက်ထက် ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဆောင်ရွက်ပေးသည့်နည်းတူ အသေးစားရေအား၊ နေရောင်ခြည်၊ ဇီဝလောင်စာ၊ စပါးခွံလောင်စာတို့ကို အသုံးပြု၍ ဓာတ်အားရရှိရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထက်ဖော်ပြပါ ရန်ပုံငွေ၊ ချေးငွေများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မေးခွန်း (၃) နှင့်စပ်လျဉ်း၍ လက်ရှိ  ချောင်းကူးခွဲရုံမှ ဂန့်ဂေါမြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းတည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးလျက် ရသည့်အပြင် ညောင်ပင်ကြီးခွဲရုံမှ ၂၃၀ ကေဗွီဓာတ်အားလိုင်းတည်ဆောက်ပြီး ဂန့်ဂေါမြို့တွင် ၂၃၀ ကေဗွီ မဟာဓာတ်အားခွဲရုံတည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်လည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

၂၃၀ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများကို ဓာတ်အားပိုမိုဖြန့်ဖြူပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်မီးလင်းရေးရန်ပုံငွေဖြင့် ဂန့်ဂေါမြို့နယ်၊ လာပို့၊ လက်ပန်ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ၆၆/၁၁ ကေဗွီ၊၂ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၅ မိုင် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ၎င်းဓာတ်အားလိုင်းမှ နှစ်မိုင်ပတ်လည် ကျေးရွာပေါင်း ၁၀ ရွာ ဓာတ်အားရယူသွားနိုင်မည်ဖြစ်ပါကြောင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများအား ဓာတ်အားစနစ် မီးလင်းနိုင်ရေး အတွက် ဂန့်ဂေါမြို့မှ ၃၅ မိုင်ကွာဝေးသော နှမ်းခါးကျေးရွာမှာ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားသော်လည်း ဘဏ္ဍာငွေခွဲဝေပေးနိုင်မှုအရ ပါဝင်ခဲ့ခြင်း မရှိသေးပါသဖြင့် နောင်လာမယ့် ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက ဓာတ်အားခွဲရုံအတွင်း ပတ်ဝန်းကျင် ၂ မိုင်စီ၊ ကျေးရွာ ၁၁ ရွာခန့် လျှပ်စစ်ဓာတ်အားရရှိမည်ဖြစ်ပါကြောင်း။

ဓာတ်အားစနစ်နှင့် အလှမ်းကွာဝေးသောကျေးရွာများမှာ ဓာတ်အားရရှိရေးအတွက် အခြားနည်းလမ်းများ ဖြစ်သည့် ဒီဇယ်ဓာတ်အားပေးစက်၊ နေရောင်ခြည်စွမ်းအင်၊ ဇီဝဓာတ်ငွေ့စသည့် နည်းလမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာမီးလင်းရေး အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ဘတ်ဂျက်ရန်ပုံငွေ ခွင့်ပြုနိုင်မှုအရ ဓာတ်အားစနစ် တိုးချဲ့တည်ဆောက်ပြီးပါက တစ်ဆင့်ပြီးတစ်ဆင့် ကျေးရွာများကို ဓာတ်အားဆက်သွယ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။