ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၇၅ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း (၆) ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးစိန်ဟန်၊ ကံမမဲဆန္ဒနယ်က မေးမြန်းသော ကံမမြို့နယ် မြို့နယ်သမဝါယမ အသင်းလီမိတက်သည် နိုင်ငံတော်မှ ချေးပေးသော သမဝါယမအသင်း ငွေချေး လုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့် မညီသော ဆိုင်ခန်း၊ အိမ်ခန်းငှားစား နေခြင်းကို ကွင်းဆင်းစစ်ဆေးရန်နှင့် ဥပဒေနှင့် မညီညွတ်ပါက မည်ကဲ့သို့အရေးယူ ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကံမမြို့နယ် သမဝါယမအသင်းစု လီမိတက်အနေဖြင့် China Exim Bank ချေးငွေများအား ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ (၆) လ တစ်ကြိမ်ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိပြီး၊ အသင်းစုပိုင်မြေနှင့် အဆောက်အဦများ ငှားရမ်းမှုတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်မှုများ မရှိပါကြောင်းနှင့် ဥပဒေနှင့်မညီညွတ်ပါက တည်ဆဲသမဝါယမဥပဒေ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းစန်သိန်း၊ မိုးနဲမဲဆန္ဒနယ်က မေးမြန်းသော မိုးနဲမြို့နယ်အတွင်းရှိ နမ့်တွန် ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်း၊ နောင်ကျော့အင်းနှင့် လွိုင်စယ်အင်း များအား အချိန်မီချဲ့ထွင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နမ့်တွန်ချောင်း တူးဖော်ခြင်းအား စတင်ဆောင်ရွက်နေပြီး နမ့်စလိုင်ချောင်းနှင့် နောင်ကျော့အင်း၊ လွိုင်စယ်အင်း တူးဖော်ခြင်းလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် နောင်အွန်ချောင်း တူးဖော်ခြင်းလုပ်ငန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေ တွင်လည်းကောင်း ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက် နှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ်က မေးမြန်းသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တည်ဆောက်မှုလုပ်ငန်းများအတွက် မည့်သည့်လမ်း ညွှန်မှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လမ်းညွှန်မှုများ ခွဲခြားထားခြင်း ရှိ၊ မရှိ၊ တင်ဒါခေါ်ယူအောင်မြင်ပြီးသော လုပ်ငန်းသုံး ပစ္စည်းများကို လုပ်ငန်းခွင်အရောက် ပို့ဆောင်ရာတွင် မည်သူက စိစစ်လက်ခံ ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်သမ္မတရုံး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်များ နှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ပြန်ထားသော ဝယ်ယူရေးဆိုင်ရာ လမ်းညွှန်ချက်များကို အခြေခံ၍ တင်ဒါစည်းကမ်းချက်များ သတ်မှတ်လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရှိ ဦးစီးဌာနများအလိုက် ဖွဲ့စည်းထားသော လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေး ကော်မတီတို့မှ စိစစ်လက်ခံပြီး အဆင့်ဆင့်လုပ်ငန်းခွင်အရောက် ကြီးကြပ်ဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ကျောက်ဖြူမြို့၊ ဦးပိုင်အမှတ် (၁၁၈/ခ)မြေကွက်သည် မြို့နယ်မြေစာရင်းဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် မြေပုံမိတ္တူများကို ရရှိနိုင်ရန် လျှောက်ထား သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနက မိတ္တူထုတ်ပေးရန် တာဝန်ရှိသော်လည်း မည်သည့်အတွက် လိုက်နာခြင်း မပြုသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် သက်ဆိုင်ရာ မှတ်ပုံတင်စာအုပ်များမှာ နည်းလမ်းတကျ မှတ်တမ်းတင်ထားရှိပါကြောင်းနှင့် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့်အချက်အလက်များကို ပြန်ကြားပေးပြီး ဖြစ်သည့်အတွက် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်က မေးမြန်းသော တမူးမြို့နယ်၊ အင်ဒိုင်းအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာနေ ပြည်သူများအတွက် လယ်ယာမြေဖော်ထုတ်လုပ်ကိုင်ခွင့် ရရှိရန်စီမံဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းရပ် ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်က မေးမြန်းသော ခရိုင်(သို့မဟုတ်)မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အဦနှင့် ခရိုင် (သို့မဟုတ်) မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အဦတို့ကို ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးအတွက် မြေနေရာရရှိခြင်း မရှိသေးပါသဖြင့် ရုံးဆောက် လုပ်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရုံးမြေနေရာရရှိပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦဆောက်လုပ်ရန် အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်တင်ပြပြီး တောင်းခံခွင့်ပြုချက်ရရှိပါက ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အဆောက်အဦဆောက် လုပ်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့သို့ ဦးစားပေး တင်ပြတောင်းခံပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီက အစီရင်ခံစာကို အဆိုတင်သွင်းပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၆.၉.၂၀၁၈ (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့ပုလဲ လုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၇.၉.၂၀၁၈ ရက် (သောကြာနေ့) ညနေ ၄ နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(၂) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
(ဃ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် သင်တန်း(Technical and Vocational Education and Training (TVET)ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စက်မှုလက်မှု အထက်တန်းကျောင်း(Technical High School)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (Government Technical Institute)၊ နည်းပညာတက္ကသိုလ် (Technical University) တို့ကို တိုးချဲ့ဖွင့်လှစ်သင်ကြားနေရာ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသော ကျွမ်းကျင်လုပ်သားများ (Skilled Workers)၊ ကျွမ်းကျင် ပညာရှင်များ (Technicians)၊ အင်ဂျင်နီယာပညာရှင်များ (Engineers)တို့၏ လိုအပ်သော အရေအတွက်ကို သုတေသန ပြုလုပ်ပြီးမှသာလျှင် သင့်လျော်သောမူဝါဒနှင့် နည်းဗျူဟာ(Appropriate Policy & Strategy) များချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရသို့ တိုက်သွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၁၃)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို မွန်းလွဲ ၂ နာရီ ၁၆ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၇.၉.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
