ကလေးမြို့နယ်၏ ၈၀ ရာခိုင်နှုန်းခန့်သည် ရေအခက်အခဲမရှိသောဒေသ ဖြစ်သော် လည်း ကုက္ကိုကျေးရွာအုပ်စု၊ နွားကျေးရွာ၊
တွံတေးကျေးရွာအုပ်စု၊ မှန်တောကျေးရွာ၊ တင်ဆန်းကျေးရွာအုပ်စု၊ မင်းလှ(အောင်မင်္ဂလာ) ရွာသစ်ကလေး၊ ကြက်ဖနပ်ကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာနှင့် ခုန်ဆိုင်ကျေးရွာ အုပ်စု ၅၆ မိုင်ရွာတွင် သောက်သုံးရေ အခက်အခဲရှိနေသည့်အတွက် တင်ပြ ရခြင်းဖြစ်ကြောင်း၊ ထောက်ကြံ့ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေး ရွာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ကျောင်း အပါအဝင် ၄၉ အိမ်အတွက် လည်းကောင်း၊ တင်ဆန်းကျေးရွာအုပ်စု၊ မင်းလှအောင် မင်္ဂလာကျေးရွာ ၅၆ အိမ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတို့အတွက် လည်းကောင်း ဆိုလာမီး လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ယင်းကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုတိုးတက်ရေးအတွက် လိုအပ်နေခြင်းကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ကလေးမြို့နယ်အတွင်း သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးရန် ကျေးရွာ ၅ ရွာအနက် ၅၆ မိုင်ကျေးရွာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၌ ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်းကို ၈.၃၈ သန်းဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ပြီး မင်းလှကျေးရွာရေရရှိရေးကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် လျာထားပါကြောင်း၊ ထို့နောက် မှန်တောကျေးရွာ၊ ကန်ဦးကျေးရွာနှင့် နွားကျေးရွာများ ရေရရှိရေးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း၊ ကလေးမြို့နယ်၊ ကျွန်းချောင်းကျေးရွာအိမ်ခြေ ၄၇ အိမ်၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ မင်းလှမြို့နယ်၊ အောင်မင်္ဂလာရွာသစ် အိမ်ခြေ ၅၆ အိမ် ဘုန်းတော်ကြီးကျောင်း အပါအဝင် စုစုပေါင်းအိမ်ခြေ ၁၀၅ အိမ်ကို ဆိုလာ မီးလင်းရေးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် လျာထားပြီးဖြစ်ပါကြောင်း။
ထို့အပြင် ကလေးမြို့နယ်၊ နွားကျေးရွာ အိမ်ခြေ ၆၄ အိမ်၊ လူဦးရေ ၂၄၃ ဦးတွင် တွင်းတိမ် ၂ တွင်း၊ တွင်းနက် ၁ တွင်း၊ လက်တူးတွင်း ၂ တွင်းရှိသော်လည်း တွင်းနက်သည် လက်ရှိအခြေအနေတွင် သုံးစွဲ၍ မရပါကြောင်း၊ မှန်တောကျေးရွာ အိမ်ခြေ ၃၀၅ အိမ်၊ လူဦးရေ ၁၆၉၃ ဦးတွင် လက်တူးတွင်း ၂၂ တွင်း၊ မင်းလှကျေးရွာ အိမ်ခြေ ၆၇ အိမ်၊ လူဦးရေ ၃၀၃ ဦးတွင် တွင်းတိမ် ၅ တွင်း၊ လက်တူးတွင်း ၄ တွင်း၊ ကန်ဦးကျေးရွာ အိမ်ခြေ ၁၈၄ အိမ်၊ လူဦးရေ ၉၀၀ တွင် လက်တူးတွင်း ၃ တွင်း၊ ပိုက်ခပ်တွင်း ၁ တွင်း၊ ၅၆ မိုင်ကျေးရွာ အိမ်ခြေ ၁၆၀၊ လူဦးရေ ၉၆၀ တွင် တွင်းတိမ် ၁၅ တွင်း၊ တွင်းနက် ၁ တွင်း၊ လက်တူးတွင်း ၂၀ တို့ဖြင့် ရေကို ရယူသုံးစွဲလျက် ရှိပါသဖြင့် နွေရာသီတွင် ရေအခက်အခဲ အနည်းငယ် ရှိပါကြောင်း၊ ၅၆ မိုင်ကျေးရွာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရန်ပုံငွေ ကျပ် ၈.၃၇ သန်းဖြင့် ၄ လက်မ စက်ရေတွင်း ၃၅၀ ပေအနက် တူးဖော်ခြင်း၊ ရေကန်ရေစက်ရုံများတည်ဆောက်ခြင်း၊ မှန်တောကျေးရွာ၌ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၉ သန်းဖြင့် ၄ လက်မတစ်တွင်း၊ မင်းလှကျေးရွာ၌် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဘတ်ဂျက်နှင့် လျာထားပြီး ကျန်ရှိသောကျေးရွာ များကို နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးမြို့နယ်၊ ကျွန်းချောင်းကျေးရွာ၊ မင်းလှ (အောင်မင်္ဂလာ)ရွာသစ် ကိုလည်း ဆိုလာမီးတပ်ဆင်ရေးနှင့်ပတ်သက်၍ တစ်မြို့တွင် ဆိုလာအရေအတွက် ၂၅၀ အစုံ လျာထားပြီး မြို့နယ်များရှိ ကျေးရွာအလိုက် တန်းစီဇယားလျာထားချက် ခွဲဝေချက်ဇယားကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့၏ ညှိနှိုင်းအတည်ပြုချက်ဖြင့် လျာထားချက်ကို ရန်ပုံငွေပေါ်မူတည်ပြီး ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
