ပညာရေး ဝန်ထမ်းများ ရာထူး တိုးမြှင့်ခြင်း၊ မြို့နယ် ပညာရေးမှူးများ၏ ရာထူးတိုးများ အတွက် ကန့်သတ်ချက်များ ရှိ/မရှိ၊ ရှိပါက မည်ကဲ့သို့ ကန့်သတ်ထားသည်၊ အဘယ့်ကြောင့် ဖြစ်သည်၊ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် မြို့နယ် ပညာရေးမှူးများ၏ ရာထူးတိုးများအတွက် အောက်ပါ အရည်အချင်းနှင့် ပြည့်စုံရမည်ဟု သတ်မှတ်ထားပါကြောင်း၊ ၎င်းတို့မှာ အထက်တန်းကျောင်းအုပ်ကြီး ရာထူးတွင် ၃ နှစ် ပြည့်ပြီးသူ၊ အသက် ၅၈ နှစ်ထက် မကြီးသူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ ၁ နှစ် အတွင်းပြစ်မှုကင်းရှင်းသူ၊ ကျောင်းအုပ်ချုပ်မှု စွမ်းရည် (Performance) မှတ်ချက် အနည်းဆုံး အဆင့် “သင့်” ရရှိသူ တို့ဖြစ်ပါကြောင်း၊ သို့သော်လည်း ဒေသလိုအပ်ချက်အရ အထက်ပါ အရည်အချင်းများအား လျော့ပေါ့စဉ်းစား ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်သန်းမြင့် (ငပုတော)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ ဝန်ထမ်းဘဝအနေဖြင့် ပင်စင်ယူသည့် အချိန်တွင် မိမိတို့၏ နောက်ဆုံး ကိုယ်ရသင့် ရထိုက်သည့် ရာထူးများကို ရယူပြီးမှ ပင်စင်ခံစားနေကြပါကြောင်း၊ အထက်တန်း ကျောင်းအုပ်ရာထူးလုပ်သက် ၃ နှစ်ပြည့်ပြီးသူများအနေဖြင့် ပညာရေးမှူးရာထူးများ ခန့်အပ်ရာ၌ အသက် ၅၈ နှစ်ထက်မကျော်ရဟုဆိုပါက ခံစားခွင့်များ ဆုံးရှုံးရပါကြောင်း၊ ထို့ပြင် အခြားဌာနဝန်ထမ်းများတွင် ထိုကဲ့သို့မူဝါဒကို ကျင့်သုံး ဆောင်ရွက်ခြင်း မရှိဘဲ ပညာရေးဝန်ကြီးဌာနတစ်ခုတည်းသာ အဆိုပါမူဝါဒကို ကျင့်သုံးဆောင်ရွက်နေခြင်းကြောင့် ပညာရေး ဝန်ထမ်းများအတွက် နစ်နာမှုများ ရှိသည်ကို တွေ့ရှိရပါကြောင်း။ ထို့ကြောင့် ပညာရေးဝန်ကြီး ဌာနအနေဖြင့် မည်သည့်အတွက် အသက် ၅၈ နှစ် ကျော်လျှင် ပညာရေးမှူးရာထူး မပေးသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ပညာရေးဝန်ထမ်းများအနေဖြင့် ပညာရေးမှူးတာဝန်များကို ထမ်းဆောင်ရာတွင် မြို့နယ်၏ ဖွံ့ဖြိုး တိုးတက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုပါကြောင်း၊ ပညာရေးမှူးဝန်ထမ်းများအနေဖြင့် Sustainable Development ရရှိရန် အချိန် အနည်းဆုံး ၂ နှစ်ခန့်ရရှိမှသာ အဆိုပါဒေသအတွက် သေချာစီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း၊
ပညာရေးဝန်ထမ်းများအနေဖြင့် နောက်ဆုံးအဆင့်တွင် ရာထူးတူ၊ လစာနှုန်းတူနှင့် ပင်စင်ရယူနိုင်သည့် အခြေအနေများလည်းရှိပါကြောင်း၊ ထိုကဲ့သို့ ချမှတ်ထားသည့် မူဝါဒများသည်လည်း ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒများ မဟုတ်ဘဲ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ Conservation Meeting များမှ ချမှတ်ထားသည့် မူဝါဒများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသက် ၅၈ နှစ်ဟု သတ်မှတ်ထားခြင်းမှာ Sustainable Development ရရှိရန် လျာထားခြင်းဖြစ်ကြောင်း၊
ဝန်ထမ်းများအနေဖြင့် ပင်စင်ယူချိန်တွင် အမြင့်ဆုံး ရာထူးနှင့် ပင်စင်ရယူမည်ဆိုပါက အခြားသောအလားတူ ရာထူးတူ၊ လစာနှုန်းတူရာထူးများဖြင့် ပင်စင်ရယူနိုင်ပါကြောင်း ဆက်စပ်မေးခွန်းကို ဖြေကြားပါသည်။
