(ဂ)-နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရာတွင် ကလေး သူငယ်များအတွက် ဘတ်ဂျက်ပိုချပေးရန်နှင့်(၁)လ လျှင်လူမှုထောက်ပံ့ကြေး(၂၅၀၀၀)နှုန်းဖြင့်ထောက် ပံ့နိုင်ပါရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၆.၁၂.၂၀၁၅)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်း လျှောက်လမ်းလာပြီဖြစ်သည့်အတွက် လူငယ်လူရွယ်များ အခန်းကဏ္ဍမှာ ပိုပြီးဒေါ်ဇာတလဲမ်း (ထန်တလန်) အရေးကြီးလာပါကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ ဘက်ပေါင်းစုံဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် (၁) နိုင်ငံတော်ဘတ်ဂျက်ရေးဆွဲရာတွင် ကလေးသူငယ်များ အတွက် ဘတ်ဂျက်ပိုချပေးပါရန်၊ (၂) ဒီမိုကရေစီနှင့်အညီ NGO ၊ INGO များနှင့် အလှူရှင်များနှင့်ပူးပေါင်းပြီး ထိုက်သင့်သောထောက်ပံ့ကြေး ထုတ်ပေးနိုင်ပါရန် (ဥပမာ- တစ်လလျှင် ၂၅၀၀၀ကျပ်) နှင့် (၃) ၂၀-၃-၂၀၁၅ တွင် မေးမြန်းခဲ့သော အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများအတွက် ထောက်ပံ့ကြေးဆိုင်ရာကိစ္စရပ်များကို မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်နိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

 

 

 

 

ဖြေကြားသူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်ကလေးသူငယ်များအတွက် ရှေးဦးအရွယ် ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဖြစ် သော မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့် ကလေးသူငယ်ဥပဒေပုဒ်မ ၃၂ အရ ကာကွယ် စောင့်ရှောက်ရန် လိုအပ်သော ကလေးများအတွက် ကလေးပြုစု ရေးဌာနများ၊ လူငယ်သင်တန်း ကျောင်းများ ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးလျက်ရှိရာ နိုင်ငံတော်ဘတ်ဂျက်မှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၁၃၅.၇၅၊ ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်းပေါင်း ၁၇၃၈.၂၅၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်  ကျပ်သန်းပေါင်း ၁၇၄၇.၅၇ နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်းပေါင်း ၂၀၄၄.၆၈ တို့ကို သုံးစွဲခဲ့ပြီး ကလေးသူငယ်များအတွက် နှစ်စဉ်တိုးမြှင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊

လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးများအတွက် သင်တန်း ကျောင်းအခြေပြုအဖြစ် လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးကလေးများ သင်တန်းကျောင်း ၁၀ ကျောင်းဖွင့်လှစ်၍ ကလေးများအား အသက်အရွယ်အလိုက် ပညာသင်ကြားပေးခြင်း၊ အတန်းပညာ သင်ယူရန် အခက်အခဲရှိသည့် ကလေးများအတွက် ဝါသနာပါရာ အသက်မွေးဝမ်းကြောင်း ပညာများကို သင်ကြားပေးလျက်ရှိခြင်း၊ သင်တန်းကျောင်းများတွင် အထက်တန်းအောင်မြင်ပြီးသော ကလေးများအား အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော CPT သင်တန်းကိုလည်း စေလွှတ်ပြီး အသက်မွေးမှုအတတ်ပညာများ သင်ကြားစေလျက်ရှိပါကြောင်း၊  သင်တန်း ပြီးဆုံးပါက လုပ်ငန်းခွင် များတွင် အလုပ်အကိုင်ရရှိရေးအတွက်လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဘက်စုံ ထူးချွန်ပါက အာဆီယံနိုင်ငံများတွင်ကျင်းပသည့် လူငယ်ရေးရာ နှီးနှောဖလှယ်ပွဲများ၊ လေ့လာရေး ခရီးစဉ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များတွင်လည်း စေလွှတ်ပေးလျက်ရှိခြင်း၊ ပရဟိတ  စိတ်ရှိသော လူငယ်လူရွယ်များအား လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး သင်တန်းများအား NGO, INGO များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာ ဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က မိတ်ဆက်ဖြန့်ချိခဲ့ပြီးပြီဖြစ်ပါကြောင်း၊ စီမံချက်တွင်ပါရှိသည့် လုပ်ငန်းအစီအစဉ် (၈)ရပ်မှာ (၁) ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ (၂) မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ (၃) အသက်သုံးနှစ်မှ ၁၅ နှစ်အထိ ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ (၄) သက်ကြီး ရွယ်အိုများအတွက်  လူမှုရေးပင်စင်ပေးခြင်း၊ (၅) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း၊ (၆) အများပြည်သူ အလုပ်အကိုင် ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများပေးခြင်း၊ (၇) အသက်ကြီးသူ ချင်းကူညီ စောင့်ရှောက်ရေးအဖွဲ့များအား ထောက်ပံံ့ကူညီခြင်းနှင့် (၈)ဘက်စုံလူမှု ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းတို့ဖြစ်ပြီး ယခုအချိန်တွင် သက်ကြီး ရွယ်အိုလူမှုရေး အထောက်အပံ့ပေးရေး၊ ဘက်စုံလူမှုကာကွယ် စောင့်ရှောက်ရေးဝန်ဆောင်မှုများ အတွက် စနစ်တည်ထောင်ခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်နှစ်နှစ်အရွယ်အထိ ကလေးသူငယ်များ ကို ထောက်ပံ့ငွေပေးအပ်ခြင်းစသည့် အစီအစဉ် (၃)မျိုးကို စီစဉ်ဆောင်ရွက်လျက် ပါကြောင်းနှင့် အသက်သုံးနှစ်မှ ၁၅ နှစ်အတွင်း ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအစီအစဉ်အား ရေရှည်တွင် ဆောင်ရွက်ပေးနိုင်ရန်အတွက် မျှော်မှန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ကလေးသူငယ်များအတွက် NGO ၊ INGO များ၊ နိုင်ငံတကာ အလှူရှင်များနှင့်ပူးပေါင်းပြီး တစ်လလျှင် လူမှုထောက်ပံ့ကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေး ရန်အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။