(ဂ)-ကယားပြည်နယ်၊မြို့နယ်အသီးသီးရှိကျေးရွာများ အားလျှပ်စစ်မီး သွယ်တန်းပေးခြင်း ဆောင်ရွက်ရာ တွင်ကျေးလက်နေပြည်သူများ၏ထည့်ဝင်ငွေများကို မည်ကဲ့သို့ဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၃၀.၁၂.၂၀၁၅)

ဒုတိယဝန်ကြီး ဦးအောင်သန်းဦးကယားပြည်နယ်ခုနစ်မြို့နယ်တွင်ရှိသော ကျေးရွာများအား လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၁၃-၁၄ ဘတ်ဂျက်နှစ်မှ စတင်၍ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်စေခဲ့သော်လည်း မြို့နယ်အသီးသီးတွင်ရှိ ကျေးရွာများအချို့တွင် ယနေ့အထိပင် မီးလင်းနိုင်ရေး အခြေအနေမရှိခြင်း၊ ပြည်သူထည့်ဝင်ငွေ သိန်းတစ်ရာနှင်‌့ ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီးသွယ်တန်းမှုများ လက်စသတ်နိုင်မှု မရှိခြင်း၊  ကောက်ခံထားသည့် ငွေနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းများကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြို့နယ်အသီးသီးရှိ ကျေးရွာများကို မည်သည်‌့အချိန်တွင် အပြီးဆောင်ရွက်ပေးမည်၊ မည်သည်‌့အချိန်တွင် လျှပ်စစ်မီးစတင်သုံးစွဲနိုင်မည် စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

 

 

 

 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

ဒုတိယဝန်ကြီး ဦးအောင်သန်းဦးလျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဓာတ်အားတိုးတက် ဖြန့်ဖြူးပေးနိုင်ရေးအတွက်  ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရရန်ပုံငွေ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများက ပေးအပ်သည့် ချေးငွေနှင့် ဒေသခံပြည်သူတို့၏ ထည်‌့ဝင်ငွေများဖြင့် နှစ်စဉ်တိုးချဲ့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း  ကယားပြည်နယ်အတွင်းရှိ ကျေးရွာ ၄၇ ရွာ ဓာတ်အားရရှိရေးအတွက် ၃၃ ကေဗွီလိုင်း မိုင် ၃၀ ၊ ၁၁ ကေဗွီ လိုင်း ၆၃.၄၆ မိုင်နှင့်  ၁၁/ဝ.၄ ကေဗွီထရန်စဖော်မာ ၄၃ လုံးနှင့် ၄၀၀ ဗို့လိုင်း ၂၁.၂၂ မိုင် တည်ဆောက်ပေးခဲ့ပါကြောင်း၊ အဆိုပါ ၄၇ ရွာအတွက် လိုအပ်သည့် ၁၁ ကေဗွီလိုင်းနှင့် ထရန်စဖော်မာများကို ပြည်ထောင်စုဘတ်ဂျက်မှ ကျခံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင်ပြည်နယ် အစိုးရနှင့်ဝန်ကြီးဌာနက ကြီးကြပ်ပြီး ပြည်သူထည်‌့ဝင်ငွေဖြင့် ၄၀၀ ဗို့လိုင်း တည်ဆောက်ခြင်း လုပ်ငန်းကို ကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးရွာ ၄၇ ရွာအားလုံး မီးလင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၉၅ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၃၃ ကေဗွီလိုင်း ၁၀ မိုင်၊ ၃၃/၁၁ ဓာတ်အားခွဲရုံ ၄ ရုံကို ပြည်ထောင်စု ဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၁၇၇၄ သန်းဖြင့်လည်းကောင်း၊ ၁၁ကေဗွီလိုင်း ၁၆၈.၂၇ မိုင်၊ ၁၁.၄ ထရန်စဖော်မာ ၁၁၃ လုံးနှင့်  ၄၀၀ ဗို့လိုင်းတစ်ရွာလျှင် ၁၅၀၀ ပေနှုန်းဖြင့် စုစုပေါင်း ၂၉.၄၆ မိုင်ကို ပြည်နယ်အစိုးရ၏ ဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၆၆၀၃.၇၆ သန်း ကျခံ၍လည်းကောင်း တည်ဆောက်ပေးခဲ့ပါကြောင်း၊ ထိုသို့  ကျေးရွာအတွင်း လိုအပ်သော ၄၀၀ ဗို့လိုင်းများကို ပြည်နယ် အစိုးရဘတ်ဂျက်မှ ကျေးရွာတစ်ရွာလျှင် ပေ ၁၅၀၀ သာကျခံ တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ရန် ကျန်ရှိသော အချို့ရွာများကို ပြည်သူများ၏ ထည်‌့ဝင်ငွေဖြင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ခဲ့ပါကြောင်းနှင့် တည်ဆောက်ပြီး ၄၀၀ ဗို့လိုင်း ၁၅၀၀ ပေအတွင်း ဓာတ်အားပေးနိုင်သည့် အိမ်ခြေများကို  ဓာတ်အားပေးနိုင်ခဲ့ပြီဖြစ်သည့်အတွက် စုစုပေါင်း ၉၅ ရွာရှိသည့်အနက် ၂၆ ရွာတွင် လျှပ်စစ်မီးအပြည့်အဝရရှိပြီး ဖြစ်ပါကြောင်းနှင့် လျှပ်စစ်မီးရရှိရန် ကျန်ရှိသောရွာများအတွက် လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၁၁၄ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၃၃ ကေဗွီ လိုင်း ၇၉.၃၅ မိုင်၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံနှင့် ၁၁ ကေဗွီလိုင်း ၂၀၄.၆ မိုင်၊ ထရန်စဖော်မာ ၁၁၉လုံးနှင့် ၄၀၀ ဗို့လိုင်း ၈၅.၄၁ မိုင်တို့ကို တည်ဆောက်ရေးအတွက် ဓာတ်အားရရှိရေးကို ပြည်ထောင်စုဘတ်ဂျက်မှ ၈၆၂.၅၃ သန်းနှင့် ပြည်နယ်အစိုးရရန်ပုံငွေမှ ကျပ်သန်းပေါင်း ၁၂၀၉၉.၁၃၇ သန်းဖြင်‌့ ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူပြီး လုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ လတွင်  အပြီးဆောင်ရွက်နိုင်အောင် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယားပြည်နယ် အတွင်းရှိ ဓာတ်အား မရရှိသေးသည့် ကျေးရွာများ ပြည်နယ်အစိုးရဘတ်ဂျက်များဖြင့် ပေါင်းစပ်ပြီး ဓာတ်အားလိုင်းနှင့် ထရန်စ‌ဖော်မာများ တည်ဆောက်ပေးခဲ့ပြီး ကျေးရွာအတွင်းရှိ ၄၀၀ ဗို့လိုင်း အချို့ကို ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကုန်တွင်  ကယားပြည်နယ် အတွင်းရှိ ကျေးရွာပေါင်း ၅၁၁ ရွာ အနက် ၃၆၄ ရွာသည် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးသွားနိုင်ဖြစ်ပါကြောင်းနှင့် ကျန်ရှိ ကျေးရွာများကို အခြားနည်းလမ်းဖြင့် လျှပ်စစ်မီးရရှိစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ကယားပြည်နယ်အတွင်းရှိ ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ပြည်သူ့ထည့်ဝင်ငွေအဖြစ် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျေးရွာအလိုက် မီးလင်းရေးကော်မတီများကို ဖွဲ့စည်းစေခဲ့ပြီးနောက် ထိုကော်မတီများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အတည်ပြုချက်ဖြင့် တာဝန်ယူ ဆောင်ရွက်စေခဲ့ပါကြောင်း၊ ရွာတစ်ရွာလျှင် ငွေကျပ်သိန်းတစ်ရာဖြင့် စုဆောင်းစေပြီး ပြည်နယ် အစိုးရအဖွဲ့က  သတ်မှတ်ပေးသည့် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံဆောင်ရွက်စေပါကြောင်း၊  ဆက်လက်ပြီး ကျေးရွာတစ်ရွာချင်းအလိုက် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော ၄၀၀ ဗို့ လိုင်း အရှည်ပမာဏနှင့်‌ ကုန်ကျငွေကို ဌာနနှင်‌့မီးလင်းရေးကော်မတီတို့က ကွင်းဆင်းတိုင်းတာတွက်ချက်ပြီး ပြည်နယ် အစိုးရအဖွဲ့တွင် တင်ပြပြီးနောက် ပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီ များကို ကန်ထရိုက်စနစ်ဖြင့် ရွေးချယ်ပြီး လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆို၍ လုပ်ငန်းဆောင်ရွက်စေပါ ကြောင်း၊ လုပ်ငန်းပြီးစီးမှုပေါ်မူတည်ပြီး ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်နှင့် ဌာန ကိုယ်စား လှယ်တို့က စစ်ဆေးကြပ်မတ်ထောက်ခံပြီးမှသာလျှင် မီးလင်းရေးကော်မတီများက သက်ဆိုင်ရာ ကုမ္ပဏီများသို့ လုပ်ငန်းကုန်ကျစရိတ်အတွက် တာဝန်ယူ ငွေပေးချေပါကြောင်း၊ ထို့ကြောင့် ကျေးရွာတစ်ရွာချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၏  စစ်ဆေး ကြီးကြပ်တာဝန်ခံမှုဖြင့် သက်ဆိုင်ရာ မီးလင်းရေးကော်မတီများမှ တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။