မကြာခင်ဖွင့်လှစ်မည်ဖြစ်သည့် မယ်စဲ့ကုန်သွယ်ရေးစခန်းတွင် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်ရေး ဆောင်ရွက် သည့်နေရာများ၌ မိမိတို့ နိုင်ငံသားများအနေဖြင့် နစ်နာမှုများ မရှိစေရန်လိုအပ်ပါကြောင်းနှင့် မိမိတို့နိုင်ငံက ကုန်ပစ္စည်းများကို တစ်ဖက်နိုင်ငံအတွင်းသို့ တိုက်ရိုက်တင်သွင်း ရောင်းချပါက ဈေးနှိမ်ခြင်းနှင့် အခြားအခက်အခဲများ ကြုံတွေ့နိုင်ရပါကြောင်း၊ သို့ဖြစ်ပါ၍ မယ်စဲ့နယ်စပ်ကုန်သွယ်ရေး စခန်းနှင့်အနီးကပ်ဆုံးတည်ရှိသော ဖာဆောင်းမြို့နယ် သို့မဟုတ် အခြားသင့်တော်သည့်နေရာတွင် ကုန်သွယ်ရေးဇုန်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဦးရဲထွဋ်တင် (ဖာဆောင်း) ကိုယ်စား ဦးကျော်ခိုင်ဝင်း (မယ်စဲ့) မေးမြန်းပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ကယားပြည်နယ်၊ မယ်စဲ့မြို့တွင် ကုန်သွယ်ရေးစခန်းအသစ်အား
ဦးစားပေးဖွင့်လှစ်ရန် အဆိုတင်သွင်းခဲ့သည့်အတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ အတည်ပြုချက်ဖြင့် သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကွင်းဆင်းလေ့လာရေး အဖွဲ့သည် ကွင်းဆင်းစစ်ဆေး၍ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူခဲ့ပါကြောင်း၊ ထို့နောက် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ဘတ်ဂျက်တောင်းခံပေးခဲ့ပြီး ဝင်/ထွက်လမ်းနှင့် အဆောက်အဦမြေနေရာ မြေညှိခြင်း၊ အဆောက်အဦတည်ဆောက်ခြင်း လုပ်ငန်းများအား ကယားပြည်နယ်အစိုးရအဖွဲ့သို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် လုပ်ငန်းများပြီးစီး၍ ဌာနမှပြန်လည်လွှဲပြောင်း လက်ခံခဲ့ပြီးဖြစ်ပါကြောင်း၊
မယ်စဲ့ကုန်သွယ်ရေးစခန်း တည်ဆောက်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် One Stop Service အဖွဲ့ဖြင့်ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး အဆိုပါ One Stop Services အဖွဲ့တွင်အဖွဲ့ဝင်ဌာနများဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနတို့မှ အရာထမ်း ၄ ဦး၊ အမှုထမ်း ၂၃ ဦး စုစုပေါင်း ၂၇ ဦးဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊
မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဒေသခံတိုင်းရင်းသားများ ရိုးရှင်းလွယ်ကူစွာ ကုန်သွယ်မှုဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်ရောက်ရှိပြီး ကုန်သွယ်မှုပမာဏတိုးမြင့်လာစေရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ တိုးတက်ရရှိစေရေးတို့ကို ရည်ရွယ်၍ တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual Trading Card-ITC) များ ထုတ်ပေးလျက်ရှိပြီး ၁၃.၁၁.၂၀၁၅ ရက်နေ့ အထိ ITC ကတ်ပေါင်း ၃၂ ကတ်ထုတ်ပေးခဲ့ပြီးဖြစ်ကာ ပို့ကုန်/သွင်းကုန်လိုင်စင်များ လျှောက်ထားလာပါက ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါကြောင်း၊
မယ်စဲ့-ဟွေ့တနွန် စခန်းသစ်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံဘက်မှ အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ထိုင်းနိုင်ငံဘက်မှ အဆင်ပြေမည့်နေ့ရက်တွင် မယ်စဲ့-ဟွေ့တနွန် BP-13 အား တစ်ပြိုင်နက် ဖွင့်လှစ်လိုပါကြောင်း၊ တရားဝင်ဖွင့်လှစ်နိုင်မည့်နေ့ရက်အား ပြန်ကြားပေးစေလိုကြောင်း ထိုင်းနိုင်ငံဘက်သို့ အကြောင်းကြားခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံဘက်မှလည်း (၅)ကြိမ်မြောက် JTC နှင့် (၆)ကြိမ်မြောက် JTC အစည်းအဝေးတို့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးတိုးတက်ကောင်းမွန်မှု၊ ကုန်သွယ်မှုဆောင်ရွက်နိုင်မည့်ဒေသ ဖွံ့ဖြိုးမှုပေါ်မူတည်၍ ဟွေ့တနွန်-မယ်စဲ့၊ ဘုရားသုံးဆူနှင့် ကွေ့ဖာဘောက်-ပုံပါကျင် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါကြောင်း၊
သတ္တမအကြိမ် မြန်မာ-ထိုင်းကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ Grand Amara Hotel ၌ ၁၄.၁.၂၀၁၆ ရက်မှ ၁၅.၁.၂၀၁၆ ရက်ထိ လက်ခံကျင်းပ ပြုလုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အစည်းအဝေးတွင် မယ်စဲ့-ဟွေ့တနွန် ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ နယ်စပ်စခန်းနှစ်ခုအား တရားဝင်ပြိုင်တူ ဖွင့်လှစ်နိုင်မည့်နေ့ရက်ကို ထိုင်းဘက်မှ ပြန်ကြားပေးပါရန် မြန်မာဘက်မှ ဆက်လက်တောင်းဆိုမှာ ဖြစ်ပါကြောင်း၊ မယ်စဲ့ (BP-13) နယ်စပ်စခန်းအား ဆောက်လုပ်မှုပြီးစီးခဲ့သဖြင့် ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ၂.၇.၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ တရားဝင်အကြောင်းကြား ထားခဲ့ပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ တရားဝင် အကြောင်းပြန်ကြားခြင်းမရှိသေးပါကြောင်း၊
ဖာဆောင်းမြို့နယ်အတွင်း ကုန်သွယ်ရေးဇုန်တည်ဆောက်ပေးရေးနှင့်စပ်လျဉ်းပြီး မယ်စဲ့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဟွေ့တနွန်မြို့တို့အနေဖြင့် ကုန်းတွင်းပိတ်ဒေသများဖြစ်နေခြင်း၊ ဒေသတွင်းနေ ပြည်သူများအတွက်သာ တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုဆောင်ရွက်နေခြင်းအချက်များကို တွေ့ရှိရပါ ကြောင်း၊ မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းကို ဒေသခံပြည်သူများ ကုန်သွယ်မှုပြုလုပ်နိုင်ရန် ၂၀၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သော်လည်း ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်မှု မရှိသေးခြင်း၊ ဒေသတွင်းကုန်ထုတ်လုပ်မှုနှင့် ထုတ်ကုန်နည်းပါးခြင်း၊ ကျယ်ပြန့်သောဈေးကွက်မရှိခြင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏနည်းပါးခြင်းနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ အခက်အခဲများအရ ဖာဆောင်းမြို့နယ်အတွင်းတွင် ကုန်သွယ်ရေးဇုန် တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပေးပါသည်။
