၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်မှချမှတ် ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်း ပါရှိပါကြေင်း၊ နိုင်ငံသားတိုင်း မည်သည့်နေရာတွင်ရောက်နေသည်ဖြစ်စေ ပညာသင်ကြားပိုင်ခွင့် ရရှိရမည်ဖြစ်ပါကြောင်း၊ ပြစ်ဒဏ်ချမှတ်ခံရသည်မှာ ကျူးလွန်ခဲ့သည့်ပြစ်မှု၏ အတိုင်းအတာ အလျောက်သာ တရားဥပဒေကအပြစ်ပေးရသည်ဖြစ်၍ ပြစ်ဒဏ်ကျခံပြီးပါက ထောင်မှ လွှတ် ပေးလိုက်ရမှာဖြစ်ပြီး ယခင်က ထောင်ကျအကျဉ်းသားများကို လက်သမားပညာ၊ ကြိမ်ထိုး၊ ကြိုးထိုးပညာ၊ စက်ချုပ်ပညာ၊ အခြားလက်မှုပညာတို့ကို အသက်မွေး ဝမ်းကျောင်း ပညာအဖြစ် သင်ကြားပေးခဲ့ဖူးပါကြောင်း၊ ထို့ကြောင့် အကျဉ်းထောင်မှ ထွက်လာသည့်အခါ အသက်မွေး မှုပညာတစ်ရပ် တတ်လာခဲ့ကြပါကြောင်း၊ ယခု ထောင်ကျကျောင်းသားလူငယ်များအား နာမည် ကျော် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းဦးစီး ဌာန၏ဘတ်ဂျက်နှင့် အလယ်တန်းကျောင်း (ခွဲ)ဖွင့်လှစ်ထားပါကြောင်း၊
၂၀၁၆-၁၇ နှစ်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ တက္ကသိုလ်ဝင်တန်း အောင်ကျောင်းသား ၁၆ ဦးရှိခဲ့ကြောင်း၊ မန္တလေးအိုးဘိုထောင်မှ သုံးဘာသာ ဂုဏ်ထူးရှင် တစ်ဦး နှင့်အခြားတစ်ဘာသာဂုဏ်ထူးရှင်များ အောင်မြင်ခဲ့ကြောင်း၊ သုံးသာသာ ဂုဏ်ထူးရှင် မရွှန်းလဲ့ဝေ အပါအဝင်ဂုဏ်ထူးရှင်ကျောင်းသားများကို သြဂုတ်လ ၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပါကြောင်း၊ ထောင်တံခါးများကို လှပ်နိုင်ရန် ထောင်ထဲတွင် ကျောင်း ခွဲများ ဖွင့်ပေးရပါမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများတွင် ကျောင်းခွဲ များ ဖွင့်လှစ်ပေးသကဲ့သို့ အကျဉ်းထောင်အသီးသီးမှာလည်း ကျောင်းခွဲများ ဖွင့်ပေးရမှာ ဖြစ်ပါကြောင်း၊၂၀၁၆-၁၇ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အိုးဘိုအကျဉ်းထောင်မှ ကျောင်းသား/ ကျောင်းသူများကို သင်ကြားပေးခဲ့သူများသည် နှစ်ရှည်အကျဉ်းကျခံနေရသည့် အကျဉ်းသား ဟောင်းကြီးများဖြစ်ပါကြောင်း၊ ယခင်နှစ်က အကျဉ်းထောင်တံခါးများကို အကျဉ်းကျ ခံနေရသည့် ကျောင်းသားများသည် ပညာခွန်အားဖြင့် တွန်းဖွင့်နိုင်ခဲ့ပြီဖြစ်သောကြောင့် အကျဉ်းကျခံ ကျောင်းသားများ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်နှင့် အောင်မြင်ပြီးပါက အဆင့်မြင့်ပညာ သင်ယူခွင့်တို့ကို သက်ဆိုင်ရာမှ မည်ကဲ့သို့စီစဉ်ပေးထားပါသနည်းကို မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်အသီးသီးသို့ ပြစ်ဒဏ်ကျခံရန် ရောက်ရှိလာသော အကျဉ်းသားများအနက်မှ ပညာတစ်ပိုင်းတစ်စဖြင့်ရောက်ရှိလာသည့် အကျဉ်းသား/သူများကို ၎င်းတို့ပညာရေးဆုံးရှုံး နစ်နာမှုမရှိစေရန် အတန်းပညာ ဆက်လက် သင်ကြားလိုပါက မည်သူမဆိုသင်ကြားနိုင်ရေး၊ စာသင်နှစ် စတင်ချိန်မှာ အားလုံးကို အသိပေး ပြောကြားလျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်မှာ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုလိုကြောင်း တင်ပြလာသူများအား စိစစ်ပြီး သင်ကြားရန် အခက်အခဲရှိသည့် အကျဉ်းသား များကို အင်းစိန်မြို့၊ မန္တလေးမြို့နှင့် သာယာဝတီမြို့စသည့် ဗဟိုအကျဉ်းထောင်များသို့ ပြောင်းရွှေ့ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်၌အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ကျား ၁၃ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်မှာ ကျား ၁၉ ဦး၊ မ ၂ ဦး စုစုပေါင်း ၂၁ ဦး၊ သာယာဝတီအကျဉ်းထောင်မှာ ကျား ၃၈ ဦး၊ မ ၂ ဦး စုစုပေါင်း ၄၀ ဦး နဝမတန်းပညာ သင်ကြားပေးလျက်ရှိပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှာတော့ ကျား ၃၃ ဦး၊ မ ၁ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်မှာ ကျား ၅၃ ဦး၊ မ ၇ ဦး စုစုပေါင်း ၉၄ ဦးကို တက္ကသိုလ် ဝင်တန်းပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ပညာသင်နှစ်အစတွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ပညာသင်ကြားလိုကြောင်း စာရင်းပေးသွင်းခဲ့မှုမရှိသော်လည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် နဝမတန်းဖြေဆိုလိုသူ ကျား ၁၀၊ မ ၈ ဦး စုစုပေါင်း ၁၈ ဦးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေ ဆိုလိုသူ ကျား ၄၇ ဦး၊ မ ၁၃ ဦး စုစုပေါင်း ၆၀ ဦး ထပ်မံစာရင်းပေးသွင်းခဲ့ပါကြောင်း၊ ထပ်မံစာရင်း ပေးသွင်းသူများအား သက်ဆိုင်ရာကျောင်းများမှ လိုအပ်သည့် အထောက်အထားများရရှိစေရေးဆောင်ရွက်လျက်ရှိပြီး အထောက်အထား ပြည့်စုံပါက သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး ရုံးများသို့ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက် ပေး သွားမည် ဖြစ်ပါကြောင်း၊ ဖြေဆိုခွင့်ဆောင်ရွက်ထားပြီးသူများအား စာပေသင်ကြားမှုကို တနင်္လာနေ့မှစနေနေ့ထိ တစ်ရက်လျှင်ရှစ်နာရီ သင်ကြား ပေးလျက်ရှိပြီး စာသင်ချိန်တစ်ချိန်ကို ၄၅ မိနစ်သတ်မှတ်ကာ သင့်လျော်သောအားလပ်ချိန်များပေးပြီး စာပေသင်ကြားပေးလျက်ရှိပါကြောင်း၊ တနင်္လာနေ့မှသောကြာနေ့ထိ အကျဉ်းသားကျောင်းဆရာများ အဖြစ်သင်ကြားပေးလျက်ရှိပြီး စနေနေ့တွင် အစိုးရအထက်တန်းကျောင်းရှိ ကျောင်းဆရာများမှ ဝင်ရောက်သင်ကြား ပေးလျက်ရှိ သည့်အပြင် အကျဉ်းထောင်အစီအစဉ်ဖြင့် ပြင်ပနည်းပြဆရာများ ငှားရမ်းသင်ကြားပေး လျက်ရှိပါကြောင်း၊ ဘာသာရပ်အားလုံးကို အခန်းတစ်ခန်း ပြီးဆုံးတိုင်း အခန်းဆုံး စာမေးပွဲ ဖြေဆိုစေလျက်ရှိပြီး အစိုးရကျောင်းများတွင် ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် စာမေးပွဲ ဖြေဆိုသည့်အခါ အဆိုပါကျောင်းများ၏မေးခွန်းများကို ဖြေဆိုစေပြီး အဖြေလွှာများကို သက်ဆိုင်ရာအစိုးရကျောင်းဆရာများက စစ်ဆေးအတည်ပြုပေးလျက်ရှိပါကြောင်း၊ သင်ကြား သည့်အကျဉ်းသားများနှင့် အကျဉ်းသားကျောင်းဆရာများကို အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းကိုသာ ဝတ်ဆင်စေပြီး အကျဉ်းဦးစီးဌာနမှ ကုန်ကျစရိတ်ကျခံ ဝယ်ယူလျက် ရှိပါကြောင်း၊ထို့အပြင် ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများအပြင် အထူးထုတ် စာအုပ်များ ကိုလည်း အကျဉ်းဦးစီးဌာနအစီအစဉ်နှင့် ဝယ်ယူဖြည့်တင်းပေးလျက်ရှိပြီ်း တခါတရံ ပြင်ပအလှူရှင်များမှ ပေးအပ်လှူဒါန်းမှုများလည်းရှိပါကြောင်း၊ အင်းစိန်ဗဟို အကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်နှင့်သာယာဝတီဗဟိုအကျဉ်းထောင်များတွင် စာသင်ဆောင် များအား သီးခြားဆောက်လုပ်ထားရှိပြီး စာမေးပွဲဖြေဆိုခွင့်ရရှိရေးကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး ရုံးနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရန်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန် ဗဟို အကျဉ်းထောင်မှ အောင်မြင်သူများကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌၎င်း မန္တလေးဗဟို အကျဉ်းထောင်မှ အောင်မြင်သူများကို မန္တလေးတက္ကသိုလ်၌၎င်း၊ တက္ကသိုလ်ပညာ သင်ကြား နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အဝေးသင် တက္ကသိုလ်ပညာသင်ကြားနေသည့် အကျဉ်းသား ၁၃ ဦးရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
