(ခ)-ကျောက်ဖြူမြို့ရှိ GTI ကျောင်းဆောက်လုပ်ရန် လိုအပ်သည့်မြေနေရာ ရရှိရန်မည်သို့စီစဉ်ဆောင် ရွက်မည်နှင့်ဆောက်လုပ်ရန်ရန်ပုံငွေများကိုမည်ကဲ့ သို့စီမံခွင့်ပြုမည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၇.၁.၂၀၁၆)

ကျောက်ဖြူမြို့တွင် နိုင်ငံတော် သမ္မတက GTI ကျောင်းတစ်ကျောင်း ဖွင့်လှစ်ခွင့်ပြုထားသည်မှာဦးဘရှိန် (ကျောက်ဖြူ) (၂) နှစ်ရှိပြီး ဖြစ်သော်လည်း မြေနေရာအတည်တကျ မရရှိသေးပါကြောင်း၊ ထို့ကြောင့် နံပါတ်(၁) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ GTI ကျောင်းဆောက်လုပ်ရန် လိုအပ်သည့် မြေနေရာရရှိအောင် ဆောင်ရွက်ရန် မည်သူ့တွင် တာဝန်ရှိသည်ကိုလည်းကောင်း၊  နံပါတ်(၂) ယခုအချိန်အထိ GTI ကျောင်းဆောက်ရန် မြေနေရာမရှိဘဲ မည်သည့်အတွက် ကြန့်ကြာနေသည်နှင့် မြေနေရာရရှိအောင် မည်သို့ စီစဉ်ဆောင်ရွက်နေသည်ကို လည်းကောင်း၊ နံပါတ်(၃) ကျောက်ဖြူမြို့ရှိ GTI ကျောင်းကို ဆောက်လုပ်ရန် ရန်ပုံငွေများကို မည်ကဲ့သို့ စီမံခွင့်ပြုပေးသည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

 

 

 

 

ဖြေကြားသူ
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်
အဖြေ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)ကို ၂၀၁၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျောက်ဖြူမြို့ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး ယာယီဖွင့်လှစ်ခဲ့ပါကြောင်း၊ ဖွင့်လှစ်စဉ်ကပင် Stateholder အားလုံးနှင့် အဆင်ပြေအောင် ညှိနှိုင်းခဲ့သည့်အပြင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို (ကျောက်ဖြူ)အတွက် မြေနေရာရရှိရေး တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊

ပထမအဆင့်အနေဖြင့် ကျောက်ဖြူမြို့နယ်၊ ကန္ဒီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၆၉) နှမ်းဖဲ တောင်ကွင်း လယ်ယာမြေဧက ၃၀ ကို မြေယာလျော်ကြေး ကျပ် ၅၄၀ သိန်း၊ သီးနှံလျော်ကြေး ၃၁၅ သိန်း စုစုပေါင်း ၈၅၅ သိန်းအပြင် မြေပြန်လည်ဖော်ထုတ်ခြင်းနှင့်   ဆည်တမံအသေးများ ဆောက်လုပ်မည့် လုပ်ငန်းများပါ ပါဝင် ပြီး လိုအပ်ငွေ ရန်ပုံငွေကျပ် ၁၇၇.၅ သန်း GRF ကတစ်ဆင့် တင်ပြတောင်းခံ ထားခဲ့ပါကြောင်း။ သို့သော်လည်း ထိုသို့ဆောင်ရွက်ခဲ့သည့်အချိန်သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ လကုန်ပိုင်း ဘတ်ဂျက်ပိတ်သည့်အချိန်ရောက်ရှိနေသည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိပါသဖြင့် မြေယာလျော်ကြေးပေးရန် ခွင့်ပြုချက်ရထားသည့် ငွေများကို အချိန်မီပြန်လည် အပ်နှံခဲ့ရပါကြောင်း၊

နိုင်ငံတော်သမ္မတရုံးကိုလည်း ထပ်မံတင်ပြခဲ့ရာတွင် ကျောင်းဖွင့်မည့် မြေနေရာကို သီးသန့်ရှာမည့်အစား အစိုးရပိုင်မြေ ဒါမှမဟုတ် မြို့အနီးအနား စိုက်ခင်းများ လွတ်သည့် မြေရှိ/မရှိကို ရှာဖွေပြီး ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတရုံးက လမ်းညွှန်မှုပြုခဲ့သည့်အတွက် မိမိတို့ အာက်ပါ အတိုင်း ဦးစားပေးရွေးချယ်ပေးခဲ့ပါကြောင်း၊

ဦးစားပေး(၁) ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမှတ်(၃၄) ခြေလျင်တပ်ရင်းမသို့ ဘက်စုံခြံမြေအဖြစ် အသုံးပြုရန် လွှဲပြောင်းပေးထားသည့် ကွင်းအမှတ်(၄၅၀) အောက်ပြိန်ကွင်းအတွင်း၊ မြေဧရိယာ ၂၀.၂၂ ဧက

ဦးစားပေး(၂) ကျောက်ဖြူမြို့နယ်၊ အမှတ်(၅၄၂) ခြေမြန်တပ်ရင်းမြေ၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၃၉) ငသံခဲကွင်းအတွင်း မြေဧရိယာ ၁၉.၆၇ ဧက

ဦးစားပေး(၃) ကျောက်ဖြူမြို့နယ် ကုလားပိုက်ဆိပ်ရပ်ကွက်၊ မြို့ကွက်အမှတ်(၆)နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ မြို့ကွက်အမှတ်(၅-က) စုစုပေါင်းမြေဧရိယာ ၂၆.၄၃၃ ဧက၊ မြို့မြေဧရိယာ အတွင်းကျရောက်၍ ကုလားပိုက်ဆိပ်ကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် အဆောက်အဦ တစ်ခုတည်ရှိပါကြောင်း၊

ဦးစားပေး(၄) ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဆားကွင်းမြေနေရာ၊  မြေဧရိယာ ၂၁.၁၇ ဧက

ဦးစားပေး(၅) ကျောက်ဖြူမြို့နယ်၊ တောင်းရင်းကျေးရွာ၊ ကွင်းအမှတ်(၄၃၇)၊ အဆိုပါမြေနေရာကို  လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ လွှဲပြောင်းထားပြီး ကျောက်ဖြူ (SEZ)အတွက် ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာရေး သင်တန်းကျောင်းအဖြစ် အသုံးပြုရန် လျာထားသည့် မြေဧရိယာ ၆.၄၃ ဧက

အဆိုပါဦးစားပေးနေရာများအနက်မှ ဦးစားပေး(၃)ဖြစ်သည့် ကျောက်ဖြူမြို့နယ်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ မြို့ကွက်အမှတ်(၆)နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ မြို့ကွက်အမှတ်(၅-က) စုစုပေါင်းမြေ ဧရိယာ ၂၆.၄၃၃ ဧကကို အစိုးရစက်မှုလက်မှုသိပ္ပံ ဖွင့်လှစ်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် ၉-၁၂-၂၀၁၅ ရက်နေ့တွင် စာအမှတ်၊ သပန/၃-၇(၁)က/၂၀၁၅(၁၉၃၄၀)ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ထားပြီးဖြစ်ပါသောကြောင့် မြေနေရာခွင့်ပြုမိန့်ရရှိပါက ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ယခုအချိန်တွင် သင်ကြားရေးလုပ်ငန်းများအတွက် သင်ထောက်ကူပစ္စည်းများ ဝယ်ယူနိုင်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်တွင်  တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။