(က)-အခြေခံဆရာ၊ဆရာမများသင်ကြားမှုစွမ်းဆောင် ရည်မြင့်မားရေးသင်တန်းများကိုစဉ်ဆက်မပြတ် လေ့ ကျင့်သင်ကြားပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၉.၇.၂၀၁၄)

ဒေါ်နန်းနွံ (ရှားတော) ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံပညာကဏ္ဍတွင် ပညာရည်မြင့်မားရေးအတွက် မြှင့်တင်ဆောင် ရွက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာများအနေဖြင့် အတော်အသင့် ပြည့်စုံကောင်းမွန်လာပြီ ဖြစ်သော်လည်း ကျောင်းသား များ၏ အရည်အသွေးပြည့်မီရေးသည် များစွာလိုအပ်နေပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသေးသည် တိုင်းရင်းသားများ၏ ဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် ပိုမိုအားနည်းနေပါကြောင်း၊ အရည်အသွေးရှိသည့် သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးသည့်နေရာတွင် သင်ကြားရေးကို အဓိကတာဝန်ယူရသော ဆရာ/ဆရာမများ၏ အရည်အသွေးပြည့်မီရေးသည် အရေးပါသော အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများသည် သတ်မှတ်အရည်အချင်း ပြည့်စုံရမည့်အပြင် ဝါသနာ၊ စေတနာနှင့်အတူ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့်အညီ အတွေးအခေါ် ခံယူချက်များလည်း ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အရည်အချင်းဆိုသည်မှာ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်မှသာ သင်ကြားမှုစွမ်းရည် အစဉ် မြင့်မားနေမည်ဖြစ်ပါကြောင်း၊ ပညာရေးဌာနအနေဖြင့် ဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ပေးခြင်းကို ပြုလုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ဆရာ/ဆရာမများ၏ အရည်အသွေးသည် ပိုမိုပြည့်ဝလာပြီး လူသစ်စိတ်သစ်ဖြင့် မိမိ၏ အလုပ်အပေါ် မြတ်နိုးဂုဏ်ယူစိတ်များ ကိန်းအောင်းလာပြီး ပညာရေးအတွက်လည်း ကြီးမားသော ခွန်းအားတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်မိပါကြောင်း၊ ပညာရေးဌာနက ပြုလုပ်နေသော ဆွေးနွေးပွဲများ၊ ဉာဏ်သစ် လောင်းသင်တန်းများ၊ ဘာသာရပ် မွမ်းမံသင်တန်းများနှင့် မူလတန်းအဆင့် CCA သင်တန်း စသည်တို့ ပြုလုပ်နေသည့်အခါ အလယ်တန်းအဆင့်တွင် အနည်းငယ်ရှိပြီး သင်တန်းမရသော ဆရာ/ဆရာမများ ရှိပါကြောင်း၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်အားလုံးတွင် ဘာသာရပ်အားလုံး လွှမ်းခြုံမှုရရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာ ဆရာ/ဆရာမ များ သင်ကြားမှုစွမ်းရည်မြင့်မားရေး သင်တန်းများ စဉ်ဆက်မပြတ်ဖွင်‌့လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍတွင် ဆရာ/ဆရာမများ၏ သင်ကြားမှုအရည်အသွေး မြင့်မားရေးအတွက် ၂၀၁၂-၁၅ ခုနှစ်အတွင်း မူလတန်းအဆင့် ဆရာ/ဆရာမတိုင်း ကလေးဗဟိုပြု ချဉ်းကပ်မှုသင်ယူမှုဆိုင်ရာ သင်ကြား နည်းစနစ် (Child Center Approach-CCA) သင်တန်းများကို ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ယင်းသင်တန်းများကို မည်သို့သင်ကြားပေးနေသည်မှာ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် ဟူ၍ သတ်မှတ်ပြီး ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မြို့နယ်ပေါင်း ၉၃ မြို့နယ်၊ ၂၀၁၃ ခုနှစ်မှာ ၈၅ မြို့နယ်၊ ၂၀၁၄ ခုနှစ်တွင် ၇၂ မြို့နယ် တွင် ဖွင်‌့လှစ်သင်ကြား ပို့ချနိုင်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မြို့နယ် ၈၀ နှင့် အဆိုပါနည်းစနစ် သင်ကြားမှု အားနည်းသော မြို့နယ် ၃၀၊ စုစုပေါင်းမြို့နယ် ၁၁၀ တွင် ဘာသာရပ်မွမ်းမံသင်တန်းများ ဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဖွင့်လှစ်သင်ကြားပြီးပြန်လည်စိစစ်ကာ အားနည်းချက်၊ အားသာချက်များကို ပြန်လည်စိစစ်ပြီး ပြုပြင်ပို့ချနေသည်ကို တွေ့ရှိရပါကြောင်း။

၂၃-၄-၂၀၁၄ ရက်နေ့မှ ၂၃-၅-၂၀၁၄ ရက်နေ့အထိ အခြေခံဦးစီးဌာနများအလိုက် နေ့စားလပေး မူလတန်းပြဆရာ ဆရာမများအတွက် မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ စတင် ဝင်ရောက်လာသော မူလတန်း ဆရာ/ဆရာမများကို မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၊ မြို့နယ် ၁၈၈ မြို့နယ်တွင် ဘွဲ့ရခန့်ထားသော ၂၉၆၁၇ ဦးခန့်ကို မိမိတို့ ဆရာအတတ်ပညာအခြေခံရရှိစေရန် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပညာရေးကောလိပ်များတွင် အလယ်တန်းပြနှင့် မူလတန်းပြဆရာ ဆရာမများ သင်ကြားရေးမွမ်းမံသင်တန်းများကို ၂၀၀၇ ခုနှစ်တွင် စတငဖွင့်လှစ်ပေးခဲ့ရာ အလယ်တန်းပြ ၂၄၀၂၄ ဦးနှင့် မူလတန်းပြဆရာ ၄၃၀၈၇ ဦးတို့ကို လေ့ကျင်‌့ပေးနိုင်ခဲ့သည့်အပြင် မူလတန်းပြဆရာ ဆရာမများ အင်္ဂလိပ်စားအရည်အသွေးတိုးတက်မြင့်မားရေးအတွက် ို့ British  Concern ဖြင့် နားလည်မှုစာချွန်လွှာရေထိုးပြီး နှစ်နှစ်ကြာ ပညာရေးကောလိပ်များတွင် သင်ကြား ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာစွမ်းရည်မြင့်မားရေးသာမက သင်ရိုးညွှန်းတမ်း သို့မဟုတ် သင်ရိုးမာတိကာ စသည်ဖြင့် အကြံပြုပြီးတော့ ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံပညာအထက်တန်းအဆင်‌့တွင် ၂၀၀၈ ခုနှစ်တွင် စတင်ပြီး ဘာသာရပ်ကျောင်းသုံးစာအုပ်များနှင်‌့အညီ ဉာဏ်သစ် လောင်းသင်တန်းများကို တက္ကသိုလ်၊ ဒီဂရီကောလိပ် ၂၇ ခုတွင် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်၊ ဗဟိုအဆင်‌့နည်းပြသင်တန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ်အဆင့် မွမ်းမံ သင်တန်းများကို ဖွင်‌့လှစ်ခဲ့ရာ ဆရာ/ဆရာမပေါင်း ၁၃၀၆၆၂ ဦး တက်ရောက်ခဲ့ပါကြောင်း။

ထို့အပြင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကြီးမှူးပြီး အခြေခံပညာမူလတန်းပြ ဆရာ/ဆရာမများ၏ သင်ကြားမှုအရည်အသွေး မြင့်မားစေရန် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံနှင့် လူမှုရေးဘာသာရပ်များဆိုင်ရာ နည်းပြသင်တန်းများကို ၂၀၁၄ ခုနှစ် မေလတွင် အခြေခံပညာဦးစီးဌာနများမှ မဟာပညာရေးဘွဲ့ရ ၃၁၅ ဦးနှင့် ပညာရေးကောလိပ်များမှ ဆရာ ဆရာမ ၁၀၅ ဦး စုစုပေါင်း ၄၂၀ ဦးတို့အား နည်းပြသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ဆက်လက်၍ ဆင့်ပွားသင်တန်းများကို ယခုနှစ် အောက်တိုဘာလတွင် ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ယင်းသင်တန်းများကို ဖွင့်လှစ်ရာတွင် သင်ကြားသင်ယူမှု မထိခိုက်စေသော ကျောင်းပိတ်ရက်များတွင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာအခြေခံပညာ ဆရာ/ဆရာမများ သင်ကြားမှုစွမ်းရည်မြင့်မားရေးသင်တန်းများကို အတန်းစုံ၊ ဘာသာစုံ နှစ်စဉ် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပညာရေးကောလိပ်များ၏ ဝင်ဆံ့အင်အားများကို တိုးချဲ့ပြီး အဆင့်မြှင့်ကာ လုပ်ငန်းခွင်ဆရာအတတ်ပညာများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလျက် အတတ်ပညာဖွံ့ဖြိုးမည် အစီအစဉ်များကို စဉ်ဆက်မပြတ်တိုးချဲ့လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အဆိုပါ ဖြေကြားချက်အပေါ် ဒေါ်နန်းနွံ (ရှားတော) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သင်တန်းများကို ဖွင်လှစ်ပေးရာတွင် ဆရာ/ဆရာမများသည် တချို့က ရွာကနေပြီး မြို့နယ်အဆင့်ကို လာတက်ရပါကြောင်း၊ တချို့က မြို့နယ်ကနေပြီး ပြည်နယ်/တိုင်းအဆင့် သင်တန်းသွားတက်ရသည့်အတွက် သွားလာရေး၊ နေထိုင်စားသောက် ရေး အခက်အခဲရှိနိုင်သည့်အတွက် ဆရာ/ဆရာမ များ အဆင်ပြေစွာ တက်ရောက်နိုင်ရေးအတွက် လိုအပ်သော ဘတ်ဂျက်များကို ပြည့်ပြည့်စုံစုံချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်

ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်ကို မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သိရှိပါသဖြင့် သင်တန်းများ ဖွင့်လှစ်ရာတွင် အဆင်ပြေချောမွေ့စေနိုင်ရန် အတတ်နိုင်ဆုံး ပံ့ပိုးကူညီနိုင်ရန်အတွက် သက်ဆိုင်ရာ အဆင့်ဆင့်တင်ပြပြီး ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။