ဗိုလ်မှူးချုပ်တင့်ဆန်း (တပ်မတော်သား ကိုယ်စားလှယ်)
ယနေ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေရန် မဏ္ဍိုင်ကြီး သုံးခုဖြင့် ဟန်ချက်ညီ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရသစ်လက်ထက် သုံးနှစ်ကျော် ကာလ အတွင်းမှာ အထိုက်အလျောက်တိုးတက်မှုများရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မဏ္ဍိုင်ကြီး သုံးခုကို ဟန်ချက်ညီ ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး တစ်ခုချင်းစီအလိုက် အားသာချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများ တွေ့ရှိရမည်ဖြစ်သကဲ့သို့ ယင်းတို့ကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကို အားသာချက် အဖြစ်လည်းကောင်း၊ စိန်ခေါ်မှုများကို အခွင့်အလမ်းများ အဖြစ်လည်းကောင်း ဖန်တီးယူမှသာ ကျန်ရှိသော သက်တမ်းကာလအတွင်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြင့်မားလာမည်ဟု ယူဆရပါကြောင်း၊
ထို့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုလည်း လိုအပ်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်အစီအမံများကို ပြည်သူလူထုသိရှိမှသာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုအနေဖြင့် ကျန်ရှိသော သက်တမ်း ကာလအတွင်း နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဟန်ချက်ညီဆောင်ရွက်မည့် အနာဂတ်အစီအမံများ မည်သို့ချမှတ်ထားသည်နှင့် ထိုသို့အနာဂတ်အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့လာပါက စိန်ခေါ်လာမှုများကို အားသာချက်အခွင့်အလမ်းများအဖြင့် ဖန်တီးယူနိုင်ရန် မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)နှင့် (ခ) တို့အရ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုလုပ်ရမည် ဖြစ်ပြီး ယင်းသို့ပိုင်းခြားထားရှိသော နိုင်ငံတော်၏ အာဏာ ၃ ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများကို ခွဲဝေအပ်နှင်းထားရှိပါကြောင်း၊ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအာဏာနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က)အရ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို ခွဲဝေအပ်နှင်း ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းထားပါကြောင်း၊
အုပ်ချုပ်ရေးအာဏာနှင့်စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆ အရ နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်ပြီးတော့ ပုဒ်မ ၁၇ ပုဒ်မခွဲ(က) အရ နိုင်ငံတော် အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလည်းကောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာအား လည်းကောင်း ခွဲဝေအပ်နှင်းထားပါကြောင်း၊ နိုင်ငံတော်၏ တရားစီရင်ရေးအာဏာနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားရုံးများအပါအဝင် အဆင့်ဆင့်သောတရားရုံးများကို ခွဲဝေ အပ်နှင်းထားကြောင်း၊ အဆိုပါဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ(ခ)အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ကို ပြဋ္ဌာန်းထားပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများကို ချမှတ် ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး(၃)ရပ် ညီညွတ်မျှတစေရန် အပြန်အလှန်ထိန်းကျောင်းရေးမူနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အုပ်ချုပ်ရေး ပိုင်းတွင် ပြည်ထောင်စုအစိုးရအနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မတွေနှင့်အညီ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့်နည်းတူ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည်လည်း ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်သော အခါ ကူညီဆောင်ရွက် လျက်ရှိပါကြောင်း။ ပြည်ထောင်စုအစိုးရအနေဖြင့် ချမှတ်ထားရှိသော မူဝါဒများနှင့်အညီ လိုအပ်လျက်ရှိသော စီမံကိန်းများကို ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကြမ်းကိုလည်း ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းအတည်ပြုချက် ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး လိုအပ်သော ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုချက်ရယူကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့်လည်း မိမိဒေသအတွင်းတွင် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတွေများနှင့်စပ်လျဉ်းသော စီမံကိန်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော၏ အတည်ပြုချက်နှင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက် ခဲ့တဲ့အခါမှာ ပထမဆုံးအဆင့် (First Wave)၊ ဒုတိယအဆင့် (Second Wave) အဖြစ် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရယန္တရားတိုးတက်ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲမှုတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊
ယခုကျန်ရှိသော ကာလအတွင်းတွင် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ အခြေခံအုတ်မြစ်ခိုင်မာ အောင်ဆောင်ရွက်ပေးရမည့် တာဝန်နှင့် ပြည်သူတို့၏ လူမှုစီးပွားဦးစားပေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ို တတိယအဆင့်(Third Wave)အဖြစ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုမှု အပိုင်းအနေဖြင့် ပြည်သူ့လွှတ်တော်သည် ဥပဒေပြုရေးတာဝန်များကိုသာမက ပြည်သူလူထု၏ လိုလားချက် ဖြစ်သော မေးခွန်းနှင့်အဆိုများတင်သွင်းခြင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၉၆ နှင့်အညီ အစိုးရအဖွဲ့၏ ကတိကဝတ်များကိုစိစစ်ခြင်း၊ နည်းဥပဒေ ၁၀၀ နှင့်အညီ အစီရင်ခံစာတင်သွင်းခြင်းစသော တာဝန်များကိုပါဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော်ကလည်း အဓိကအားဖြင့် အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းလာသော ဥပဒေကြမ်းများ စသည့် အချက်များပေါ်တွင် အခြေခံပြီး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအချက်များမှာ -
(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်မှုရှိ/မရှိ၊
(ခ) နိုင်ငံတော်က ချမှတ်ထားသော မူဝါဒ၊ ဦးတည်ချက်များနှင့် ညီညွှတ်မှုရှိ/မရှိ၊
(ဂ) နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထား ကာကွယ် စောင့်ရှောက် ရေးကို ဦးတည်ခြင်းရှိ/မရှိ၊
(ဃ) နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကိုထိခိုက်စေသော အချက်များ ပါဝင်မှုရှိ/မရှိ၊
(င) အများပြည်သူ၏ အသက်အိုးအိမ်လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးတို့ကို ထိခိုက်စေခြင်း ရှိ/မရှိ၊
(စ) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား၊ အသုံး အနှုန်းများ ပါဝင်မှုရှိ/မရှိ၊
(ဆ) ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုနှင့်တစ်ခု၊ အစိုးရဌာနအဖွဲ့အစည်းတစ်ခုနှင့် တစ်ခုတို့ အကြား လုပ်ပိုင်ခွင့်များ ရောထွေးခြင်းရှိ/မရှိ၊
(ဇ) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ ဒါမှမဟုတ် ဒေသအချင်းချင်းဆိုင်ရာစာချုပ်များ၊ သဘော တူညီချက်များပါ တာဝန်အရ ရေးဆွဲထားသော ဥပဒေကြမ်းဖြစ်လျှင် ယင်းစာချုပ်များ၊ သဘောတူ စာချုပ်များပါ မြန်မာနိုင်ငံက သဘောတူလက်ခံထားသော အချက်များနှင့် လိုက်လျော ညီထွေမှုရှိ/မရှိ၊
(ဈ) မူပိုင်းဆိုင်ရာ အချက်အလက်များ၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှု အချက်အလက်များကို ပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိ၊
(ည) လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေရှိ/မရှိ စသည့်အချက် များဖြစ်ပြီး ယင်းအချက်များကို စိစစ်သုံးသပ်ပါကြောင်း၊
လွှတ်တော်သက်တမ်း ၃ နှစ်ကျော် ကာလအတွင်းတွင် တည်ဆဲဥပဒေ များကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ၂၀၁၅ ခုနှစ်မတိုင်မီ ကျန်ရှိသသော ဥပဒေများ ကိုလည်း ပြီးစီးအောင် စီမံချက်ချမှတ်ပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရေးမဏ္ဍိုင်သည် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိပါ ကြောင်း။ တရားမျှတမှုအလို့ငှာ အခွင့်အာဏာပိုင်းခြားသုံးစွဲရသည်များရှိသကဲ့သို့ အပြန်အလှန်ထိန်း ကျောင်းခြင်းများလည်း ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ ပါ တရားစီရင်ရေး မူတွေမှာ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးဆိုသည့် မူတစ်ရပ်ပါရှိပါကြောင်း၊ တရားရေး မဏ္ဍိုင်အနေဖြင့် အခြားသော မဏ္ဍိုင်တစ်ခုခု၏ စွက်ဖက်လွှမ်းမိုးမှုကိုခံရမည်ဆိုပါက နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေနိုင်သည့် အတွက် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးဆိုသည့်မူကို မဏ္ဍိုင် ၃ ခုစလုံးက အခိုင်အမာ စောင့်ထိန်းခြင်း သည်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သကဲ့သို့ အားသာချက်တစ်ခုလည်းဖြစ်ပါကြောင်း၊
မဏ္ဍိုင် ၃ ရပ်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန် အလှန်ထိန်းကျောင်းခြင်းအားဖြင့် ဟန်ချက်ညီ စီမံဆောင်ရွက်နိုင်ခြင်းအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်ခံလာကြပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာကြပြီ ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်များသည်လည်း အားနည်းချက်နှင့် စိန်ခေါ်မှုများကို အားသာချက်နှင့် အခွင့်အလမ်းတွေအဖြစ် ဖန်တီးနိုင်ခဲ့မှု၏ သက်သေတစ်ရပ်ဖြစ်ပါကြောင်း၊ ကျန်ရှိသော သက်တမ်းကာလများတွင်လည်း ယခုအတိုင်း ဆက်လက် ဆောင်ရွက် သွားခြင်းအားဖြင့် အားနည်းချက်များ၊ စိန်ခေါ်မှုများကို အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်းများအဖြစ် ဖန်တီးဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဗိုလ်မှူးချုပ်တင့်ဆန်း (တပ်မတော်သားကိုယ်စားလှယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်အစီအမံတွေကို သိရှိရခြင်းကြောင့် ပြည်သူလူထု ကိုယ်စား အထူးပဲဝမ်းမြောက်မိပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အကောင် အထည်ဖော်ရာ၌ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း ချမှတ်ထားသော မဟာဗျူဟာ၊ နည်းဗျူဟာများ အပေါ် မဏ္ဍိုင်ကြီးသုံးခုက အရှိန်အဟုန်မြင့်တင်ကာ ဟန်ချက်ညီဆက်လက် ဆောင်ရွက်သွားမည်ဆိုပါကရင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဆင့်ကို အလျင်အမြန်ရောက်ရှိလာမည်ဟုယုံကြည်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မည်သည့်ခန့်မှန်း မည်သည့်အချိန်ကာလတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ကို သိရှိလိုပါကြောင်း ထပ်ဆင့်မေးမြန်းပါသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း
မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ် စီမံကိန်း၊ ကာလလတ် ငါးနှစ်စီမံကိန်း၊ နှစ်ရှည် နှစ် ၁၀ စီမံကိန်းများကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစပါကြောင်း၊ နှစ်စဉ်စီမံကိန်းများကိုလည်း အစိုးရအဖွဲ့က တစ်ဆင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုချက်ကို ရယူပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ငါးနှစ်စီမံကိန်းကိုလည်း ၂၀၁၁-၁၂ ကစတင်ကာ ၂၀၁၅-၁၆ အထိ ငါးနှစ်စီမံကိန်းကို ရေးဆွဲပြုစုပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကိုရယူ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ဆက်လက်လည်းဆောင်ရွက်နေပါကြောင်း၊ ၂၀၁၁-၂၀၁၂ မှ ၂၀၃၀-၂၀၃၁ အထိ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းစီမံ ကိန်းအရ ငါးနှစ် စီမံကိန်းသက်တမ်းကာလများအလိုက် သတ်မှတ်ပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၃၀-၂၀၃၁ တွင် ကျွန်မတို့ လယ်ယာစိုက်ပျိုးရေးကို အားထားနေရသော ခေတ်မှ စက်မှုနိုင်ငံခေတ်ကို ကူးပြောင်းသွားနိုင်ရန် ရည်ရွယ်ချက်ချမှတ်ပြီး ငါးနှစ်အလိုက်စီမံကိန်းများဖြင့် မူဝါဒများ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ၂၀၃၀-၂၀၃၁တွင် စက်မှုနိုင်ငံအဖြစ် ကူးပြောင်းသွားရန်အတွက် ရည်ရွယ်ချက်ချမှတ် ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိပါ ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
