ကချင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံတစ်ခုအဖြစ် ၁၉၆၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ ခုတင် ၅၀ ဆံ့ စံကိုက်ဆေးရုံရှိဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံသုံးရန် လူနာတင်ယာဉ်ကား မရှိသဖြင့် မြို့နယ်လူမှု ကူညီရေးအသင်းသို့ အကူအညီ တောင်းခံနေရပါကြောင်း၊ အသင်း၏လုပ်ငန်းနှင့် တိုက်ဆိုင်နေပါက လူနာသယ်ပို့ရေးအတွက် ခက်ခဲမှု ရှိလာသည့်အတွက် မြို့လူထုမှလူနာတင်ယာဉ်ကား သို့မဟုတ် အထွေထွေသုံးရန် ယာဉ်ကားတစ်စီး လိုအပ်လာပြီဖြစ်ကြောင်းကို တင်ပြလာကြပါကြောင်၊ ရွှေကူမြို့နယ်၊ စီသောင်ကျေးရွာအုပ်စုသည် စီသောင်တိုက်နယ်ကျေးလက်ကျန်းမာရေးဌာနရှိသော်လည်း အလှမ်းဝေးသဖြင့် သွားလာမှုတွင် အန္တရာယ်များခြင်းများကြောင့် အမျိုးသမီးသားဖွားဆရာမများသွားလာမှု အဆင်မပြေဖြစ်လျက် ရှိပါကြောင်း၊ အချိန်မီ လူနာထံမရောက်ခြင်းကြောင့် မဖြစ်သင့်သည်များဖြစ်ခဲ့ဖူးသည်များ လည်းရှိသည့် အတွက် ကျေးရွာပြည်သူလူထုမှ စီသောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုဖွင့်လှစ်ပေးပါရန် တင်ပြ တောင်းဆိုလာကြပါကြောင်း၊ တစ်ဖန်ရွှေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာသည် နတ်လိုင်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့်နီးစပ်သော်လည်း ဝင်ဝရွာသစ်ကုန်း၊ ဝေခူး၊ ပူခန်တို့သည် တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးကြပြီး နတ်လိုင်ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် အလား တူ နောင်လတ်ကြီးကျေးရွာအုပ်စု၊ ဝင်ဝရွာသစ်ကုန်းတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ် ပေးပါရန် တင်ပြလာကြပါကြောင်း၊ ထို့ကြောင့် သို့ပါ၍ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံတွင် လူနာတင် ယာဉ်ကားတစ်စီး ခွင့်ပြုချထားပေးရန်၊ ကချင်ပြည်နယ်၊ ရွှေကူ မြို့နယ် စီသောင်ရွာနှင့် နောင်လတ်ကြီးကျေးရွာအုပ်စု၊ ဝင်ဝရွာသစ်ကုန်းတို့တွင် ကျေးလက်ကျန်းမာရေးဌာနတစ်ခုစီ ဖွင့်လှစ်ပေးရန်တို့ကို အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်နှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကျန်းမာရေးဦးစီးဌာနသည် ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာတင် ယာဉ်ထားရှိခြင်းဖြင့် လူနာလွှဲပြောင်းပေးပို့ခြင်းတွင် အထောက်အကူဖြစ်စေမည်ဖြစ်သဖြင့် လူနာတင် ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ အလှည့်ကျတာဝန်ယူစဉ်ကာလအတွင်း အသုံးပြုမည့် လူနာတင်ယာဉ် ၁၉ စီးအား ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)တွင် တာဝန်ချထားပြီး ၂၀၁၅ ခုနှစ်၊ အစည်းအဝေးများ ပြီးဆုံးချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အင်အား ထပ်မံဖြည့်နိုင်ရေးအတွက်လည်းကောင်း၊ လုပ်ငန်း လိုအပ်ချက်ရှိသော ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုနိုင်ရေးအတွက်လည်းကောင်း အဆိုပါ လူနာတင်ယာဉ်များကို ထပ်မံခွဲဝေထောက်ပံံ့ပေးမည် ဖြစ်ပါတယ်။ ၎င်းအပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အဆင့်ထိ လူနာယာဉ်များ ထောက်ပံ့ပေးနိုင်ရေး စီမံချက်ရေးဆွဲဆောင် ရွက်လျက်ရှိပြီး၊ ပြည်သူ့ဆေးရုံ၊ ရွှေကူမြို့နယ်တွင် လိုအပ်လျက်ရှိသော လူနာတင်ယာဉ်တစ်စီးအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ပေးနိုင် ရေးအတွက် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဝင်ဝရွာသစ်ကုန်းကျေးရွာတွင် လူဦးရေ ၂၁၅၇ ဦးရှိပြီး ရွှေကူမြို့နယ်မှ ၁၀ မိုင်၊ စီသာကျေးလက်ကျန်းမာရေးဌာနနှင့် ၅ မိုင်၊ နန့်လန်ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ၂ မိုင် ဝေခူး၊ ပူခိုင်၊ နောင်လက် ကြီးကျေးရွာများ၏ ဗဟိုအချက်အခြာကျသော နေရာဒေသဖြစ်ပါသဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ နောင်လက်ကြီးကျေးရွာသည် စီသာကျေးလက် ကျန်းမာရေးဌာနနှင့် ၃ မိုင်သာကွာဝေးပါသဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း၊ ဝင်ဝရွာသစ်ကုန်းကျေးရွာ နှင့် နောင်လက်ကြီးကျေးရွာတို့မှာ တဆက်တည်းကျေးရွာများဖြစ်ပါသဖြင့် ဝင်ဝရွာသစ်ကုန်းကျေးရွာ တွင် ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်မည်ဖြစ်ပါသဖြင့် နောင်လက်ကြီးကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲဖွင့်လှစ်ရန် မလိုအပ်သေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
