(စ)-မန္တလေး၊မြစ်ကြီးနား မီးရထားလမ်းအား အ ဆင့်မြှင့် တင်ရန်နှင့် ရထားစက်ခေါင်း၊လူစီးတွဲများ အရည်အသွေးပြည့်မီစေရန်မည်ကဲ့သို့စီမံထားရှိ သည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၉.၉.၂၀၁၄)

ဗိုလ်မှူးခင်စိုး (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးခင်စိုး (တပ်မတော်သားကိုယ်စားလှယ်)ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တခြားမြို့ရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူ များသည် မြေပြန့်ဒေသ ပြည်မနှင့်ဆက်သွယ် သွားလာရာတွင် ရေကြောင်းပို့ဆောင်ရေး နှင့် မီးရထားပို့ဆောင်ရေးကို အဓိက ထား သွားလာကြရာ၌ အခြေခံလူတန်းစား ခရီးသွားပြည်သူ များအနေဖြင့် ရထားပို့ဆောင်ရေးကို အများဆုံး မှီခိုအားထားသွားလာရလျက်ရှိပါကြောင်း၊ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသည် ၃၃၇ မိုင် ရှည်လျားပြီး ပုံမှန် ခုတ်မောင်းချိန်အားဖြင့် ပျမ်းမျှ ၂၂ နာရီခန့် ကြာမြင့်ပါကြောင်း၊

သို့ရာတွင် ရထားတိမ်မှောက်မှု၊ လမ်းချော်မှုများဖြစ်ပွားချိန်၌ လမ်းကြောင်းများ ပိတ်ပြီးအချိန် များနောက်ကျကာ ခရီးသွားလုပ်သားပြည်သူအခက်အခဲများကြုံတွေ့ကြရပါကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကုန်တင်တွဲ ချော်ရာမှ တိမ်းမှောက်မှု နှစ်ကြိမ်၊ မီးရထားတွဲချော်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့သည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းသည် ရာသီဥတုနှင့် ရေမြေသဘာဝအရ လမ်းချော် တိမ်းမှောက်မှုများဖြစ်ပွားလေ့ရှိသည်မှာ      မှန်သော်လည်း ရထားသံလမ်းနှင့် တွဲများကောင်းမွန်ပါက ဖြစ်ပွားမှု လျော့နည်းနိုင်သည်ဟု ယူဆမိပါကြောင်း၊၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအတွက် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ETCS မှ အမေရိကန် ဒေါ်လာ ၄၅ သန်းချေးယူရေးကို လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် မန္တလေး-မြစ်ကြီးနား မီးရထား လမ်းအား အဆင့်မြှင့်တင်ရန်နှင့် ရထားစက်ခေါင်း လူစီးတွဲများ အရည်အသွေး ပြည့်မီစေရန် မည်ကဲ့သို့ စီမံထား ရှိသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းမန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ကြံ့ခိုင်တောင့်တင်းစေရန်အတွက် ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်မှစတင်၍ ကွန်ကရစ်ဇလီဖားတုံး ဖြည့်ထည့်ခြင်းနှင့် လမ်းခင်းကျောက်ဖြည့်တင်းခြင်းလုပ်ငန်း များကိုဆောင်ရွက်ခဲ့ရာ ယနေ့အထိ ခရီးမိုင် ၃၃၇ မိုင်အနက် ၂၅၆ မိုင်ခန့်သည် ကြံ့ခိုင်မှုရရှိပြီးဖြစ်၍ ကျန် ၈၁ မိုင်ခန့်အား ဆက်လက် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်  ခရီးသည်များ သက်သာ၊ ငြိမ့်ညောင်း၊ ချောမွေ့စွာ သွားလာ နိုင်ရေးအတွက် သံလမ်းအဆက်(Joint) ဆက်များအား ဂဟေဆက်ခြင်းနှင့် စက်ကြီးများအသုံးပြု၍ လမ်းခင်း ကျောက် ပက်ကင်ရိုက်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီ ၃ ခု၏ တင်ဒါများကို တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီက ၂၁-၈-၂၀၁၄ ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အထိ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုကဲ့သို့ မြန်မာ့မီးရထား အစီအစဉ်ဖြင့် ရေတိုဆောင်ရွက်နေသကဲ့သို့ ရေရှည်မျှော်မှန်း၍ ကိုရီးယားနိုင်ငံ၏ ချေးငွေဖြင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ရန် ညှိနှိုင်းရရှိပြီးဖြစ်၍ ကိုရီးယားနိုင်ငံမှ ပညာရှင်များလာရောက်ကာ ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို လုပ်ဆောင်မည်ဖြစ်ကာ အစီရင်ခံစာ ထွက်ရှိ လာပါက လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

ပြေးဆွဲရထားများသတ်မှတ်ချိန်အတွင်း အချိန်မှန်ရောက်ရှိရေးအတွက် စက်ခေါင်းများ ကောင်းမွန် ရေးသည်လည်း အဓိကကျသည်ဖြစ်ပါကြောင်း၊  သတ်မှတ်မိုင်နှုန်း ပြေးဆွဲနိုင်ရေးအတွက် မန္တလေး စက်ခေါင်း ရုံမှ စက်ခေါင်းပြေးဆွဲသော မိုင်/နာရီ အဆင့်အလိုက် ပြုပြင်ပေးခြင်း၊ ရွာထောင်ဒီဇယ် စက်ခေါင်းရုံနှင့် အင်းစိန် စက်ခေါင်းရုံတို့မှ အကြီးတန်းပြုပြင်ပြီးစီးသော စက်ခေါင်းများဖြင့် အစားထိုး ပြေးဆွဲခြင်းများ ဆောင်ရွက်လျက် ရှိသည့်နည်းတူ စက်ခေါင်းအသစ်များ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေဖြင့် နေပြည်တော်တွင် စက်ခေါင်းသစ် တည်ဆောက်ရေးစက်ရုံတည်ထောင်၍ တစ်နှစ်လျှင် စက်ခေါင်းသစ် ၂၀ ခေါင်း ထုတ်လုပ်ကာ စက်ခေါင်းလိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဖြစ်ပါကြောင်း၊ စက်ခေါင်းစက်ရုံ မပြီးသေးမီ နိုင်ငံပိုင် နိုင်ငံခြားငွေဖြင့်လည်း စက်ခေါင်းအသစ် စက် ၁၁ ခေါင်းဝယ်ယူရေးအတွက် တင်ဒါခေါ် ယူခဲ့ပြီးဖြစ်သည့်အပြင် အိန္ဒိယ နိုင်ငံချေးငွေဖြင့်လည်း စက်ခေါင်းအသစ် ၁၈ ခေါင်းကို ဝယ်ယူရန်စီစဉ်လျက် ရှိပါကြောင်း၊

မန္တလေး- မြစ်ကြီးနားလမ်းပိုင်းတွင် အမြန်ရထား ၈ စီး (အမှတ်-၅၅ အဆန်၊ ၅၆-အစုန်၊ အမှတ်-၅၇ အဆန်၊ ၅၈- အစုန်၊ အမှတ်-၃၃ အဆန်၊ ၅၄-အစုန်၊ အမှတ်-၃၇ အဆန်၊ ၃၈-အစုန်) လူစီးကုန်တင်ရထားနှစ်စင်း (အမှတ်-၄၃ အဆန်၊ ၄၄-အစုန်)၊ စာပို့ရထားနှစ်စင်း (အမှတ်-၄၁ အဆန်၊ ၄၂ အစုန်) စုစုပေါင်း ၁၂ စင်း ပြေးဆွဲလျက် ရှိပါကြောင်း၊ ယင်းတို့အနက်မှ ပြေးဆွဲချိန်များသော အမှတ်-၅၅ အဆန်၊ အမှတ်-၅၆ အစုန်၊ ရထားတွဲဆိုင်း သုံးဆိုင်းအနက်မှ မြစ်ငယ်တွဲတည်ဆောက်ရေးစက်ရုံမှ အသစ် တည်ဆောက်ထားသော ရိုးရိုးတန်းတွဲသစ် ၈ တွဲ၊ ထိုင်ခုံအသစ် တပ်ဆင်ပြုပြင်ထားသော အထက်တန်း တွဲ နှစ်တွဲ၊ အကြီးတန်းပြုပြင် ထားရှိသော ပထမတန်းတွဲ တစ်တွဲ၊ ဘရိတ်တွဲ တစ်တွဲတို့ပါဝင်ဖွဲ့စည်းထားသည့် တွဲဆိုင်းတစ်ဆိုင်းတို့ဖြင့် ၁-၂-၂၀၁၄ ရက်နေ့တွင် အစားထိုးအဆင့်မြှင့်ပြေးဆွဲခြင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြစ်ငယ်တွဲ တည်ဆောက်ရေး စက်ရုံ၌  နှစ်စဉ် ရိုးရိုးတန်းတွဲသစ် ၅၀ တွဲ အသစ်တည်ဆောက် ပေးလျက်ရှိတဲ့အပြင် တွဲဟောင်းများကိုလည်း အကြီးတန်း ပြုပြင်မွမ်းမံမှုများကို အချိန်ကျ ဆောင်ရွက်ပြီး ထွက်ရှိတွဲများကို လမ်းပိုင်းများသို့ ဖြည့်တင်း ပေးလျက် ရှိပါကြောင်း၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံချေးငွေကိုရယူပြီး မြစ်ငယ်တွင် တွဲသစ်တည်ဆောက် ရေးစက်ရုံ အသစ်ကို တည်ဆောက်ကာ နှစ်စဉ် လူစီးတွဲ ၁၂၀ တွဲထုတ်လုပ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင် ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ထိုစက်ရုံမပြီးမီ တွဲလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေးအတွက် ကိုရီးယား သမ္မတနိုင်ငံချေးငွေနှင့် အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် အထက်တန်း Air Con ပါ တွဲ ၂၀၊ အထက်တန်း Air Con မပါ တွဲ ၂၀ နှင့် ရိုးရိုးလူစီးတန်းတွဲ ၆၀ စုစုပေါင်းတွဲ ၁၀၀ ဝယ်ယူရေးအတွက် Korea EXIM Bank ဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါတွဲများ ရရှိလာပါက ဦးစားပေးဖြည့် တင်းသွားမည်ဖြစ်ပါကြောင်း၊

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ရထားစီးခရီးသည်များအတွက် ကောင်းမွန်သန့်ရှင်းရေး၊ ရေမီးပြည့်စုံစွာ ရရှိရေးစသည့် ဝန်ဆောင်မှုများတိုးမြှင့်ရေးအတွက် ၁-၅-၂၀၁၄ ရက်နေ့မှစ၍ မန္တလေး-မြစ်ကြီးနား ပြေးဆွဲသော အမှတ်-၅၅ အဆန်၊ ၅၆-အစုန်၊ အမှတ်-၃၇ အဆန်၊ ၃၈- အစုန်ရထားတွဲဆိုင်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ တွဲထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများအတွက် ကန်ထရိုက်စနစ်ဖြင့် တင်ဒါ ခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း ရထားစီးခရီးသည်များ ပိုမို အဆင်ပြေ စေရေးအတွက် စင်းလုံးငှားစနစ်ဖြင့် ဝန်ဆောင်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ယူ ဆောင်ရွက်ခဲ့ရာ အမှတ်-၃၇ အဆန် နှင့် အမှတ်-၃၈ အစုန် အမြန်ရထားတွဲဆိုင်း နှစ်ဆိုင်းအား တင်ဒါ အောင်မြင်သည့် ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီသို့ ရထားတွဲဆိုင်းများအပ်နှံ၍ ဝန်ဆောင်မှုအပြည့်ဖြင့် ဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊  မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ လမ်းပြင်ဆင်မှု၊ စက်ခေါင်းနှင့် တွဲများ အဆင့်မြှင့်တင်ရေးတို့အတွက် ရေတို ရေရှည်လုပ်ငန်းစဉ်များ ချမှတ်၍လည်းကောင်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုမြှင့်တင်ရေး စီမံဆောင်ရွက်နေမှုများကို လည်းကောင်း ပြန်လည် ရှင်းလင်း ဖြေကြားပါသည်။