(ဃ)-ပြည်တွင်းဘဏ်များမှအပ်ငွေအပေါ်အပြိုင်အ ဆိုင်အတိုးနှုန်းပေးမှုအလွန်အကျွံမဖြစ်ပေါ်ရေးနှင့် Bankruptမဖြစ်ရေးတို့အားမည်သို့ထိန်းချုပ်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၀.၁၀.၂၀၁၄)

ဦးဘထီး (ရမ်းဗြဲ) (ကိုယ်စား) ဦးထွန်းအောင်ခိုင် (ပေါက်တော)မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိက ဘဏ်များသည် လွန်ခဲ့သော သုံးလခန့်မှစပြီး အပ်ငွေ Deposit အပေါ် တစ်ပြေးညီ အတိုးနှုန်း Interest Rate ၈ ရာခိုင်နှုန်းပေးနေကြရာမှ ပူးတွဲဇယားပါဘဏ် ၁၂ ဘဏ်သည် ဇယားပါ အတိုင်း ၈.၂၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးလာကြခြင်း၊ Fixed Deposit အပ်ငွေ အပေါ် အတိုးနှုန်း တစ်လအတွက်ဆိုရင် ၉ ရာခိုင်နှုန်း၊ သုံးလအတွက်ဆိုရင် ၉.၂၅ ရာခိုင်နှုန်း၊ ခြောက်လ အတွက် ၉.၅ ရာခိုင်နှုန်း၊ တစ်နှစ်အတွက်ဆိုရင် ၁၀ ရာခိုင်နှုန်း တစ်ပြေးညီပေးကြခြင်းများကို တွေ့ရှိရပါကြောင်း၊

ရက်တွက်အတိုးနှုန်း Call Deposit ဆောင်ရွက်လိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက် တင်ပြရသည်ကိုသိရှိရပါကြောင်း၊ AGD ဘဏ်၊ AYA ဘဏ်၊ Myanmar Apex ဘဏ် များက ခွင့်ပြုမိန့်တောင်းခံထားသော်လည်းပဲ ဗဟိုဘဏ်မှတရားဝင် ခွင့်ပြုချက် ထုတ်ပေးတာ မတွေ့ရ သေးပါ။ ငွေလွှဲပို့ခနှုန်း (Remittance Fee)ကိုလည်း ပုဂ္ဂလိကဘဏ်များ အပြိုင်အဆိုင်ဝန်ဆောင် မှုပေးနေကြရာ ငွေကျပ် ၁၀၀ ကျပ်လျှင် ၁၅ ပြား၊ နောက် ၁၀ ပြား၊ နောက် ၅ ပြားထိ လျှော့ယူခြင်း၊ သုံးကြိမ်ငွေလွှဲလျှင် တစ်ကြိမ် FOC အခမဲ့ပေးနေတာကိုလည်း စုံစမ်းသိရှိရပါတယ်။ IMF ကမ္ဘာ့ ငွေကြေးအဖွဲ့အစည်းကလည်း ပုဂ္ဂလိကဘဏ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အကျိုးစီးပွား ထိခိုက်မည့်ကိစ္စမှလွဲပြီး လိုအပ်မှသာ စည်းမျဉ်းစည်းကမ်းရေးဆွဲပြီး ထိန်းကျောင်းသင့်သည်ကို အကြံပေးထားသည်ကို သိရှိရပါကြောင်း၊

ယခုအချိန်တွင် ဗဟိုဘဏ်မှ အပ်ငွေ Deposit အပေါ် အတိုးနှုန်း ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ ချေးငွေ Loan အပေါ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်း တိုးမြှင့်ခွင့်ပြုထားကြောင်း၊  ဘဏ်များ အတိုးနှုန်းမြှင့်ပေးသည့် အတွက် အပ်ငွေ Deposit ပိုမိုစုဆောင်းလာနိုင်သော်လည်း ချေးငွေကို Secure Lending ဖြင့်သာ ထုတ်ချေးနိုင်သည့်အတွက် လျှင်မြန်စွာထုတ်ချေးနိုင်စွမ်းမရှိကြောင်း ကြားသိရရသည်အပေါ် ဘဏ်အပ်ငွေအပေါ်မှာ အတိုးနှုန်းမြှင့်ပေးပါက ဘဏ်ချေးငွေများထုတ်ချေးရာတွင် နှောင့်နှေးကြန့်ကြာ နေမည်ဆိုလျှင် ကုန်ကျစရိတ်မကာမိဘဲ ဘဏ်များဆက်လက်ရပ်တည်နိုင်ရန် အခက်အခဲရှိမည်ဟု ယူဆမိပါကြောင်း၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း၊ ငွေလွှဲပို့ခနှုန်း  Policy ကို မြန်မာနိုင်ငံ၏စီးပွားရေး၏ ငွေရေး ကြေးရေးအခြေအနေများနှင့်အညီ လိုက်လျောညီထွေရှိစေဖို့ စောင့် ကြည့်ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ စောင့်ကြည့်ထိန်းသိမ်းမှုအားနည်းလျှင် ပုဂ္ဂလိကဘဏ်များအနေ ဖြင့် အလွန်အမင်းပြိုင်ဆိုင်မှုများလာပါက နိုင်ငံတော်၏ငွေကြေးမူဝါဒ Monetary Policy နှင့် ငွေ ကြေးဈေးကွက် Monetary  Market တည်ငြိမ်မှုကို ထိခိုက်စေပြီး Bank Crisis နှင့် Monetary Crisis ဘက်ကို ဦးတည်သွားနိုင်ပါကြောင်း၊

ပြည်တွင်းဘဏ်များအပ်ငွေအပေါ် အပြိုင်အဆိုင်အတိုးနှုန်းပေးနေကြသည်ကို အလွန်အကျွံ အခြေအနေမျိုး မဖြစ်ပေါ်စေရေး Bankrupt  မဖြစ်စေရေး မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မည်ကဲ့သို့စီစဉ်ပြီး ထိန်းချုပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသော မေးခွန်းတွင့် အတိုးနှုန်းနှင့် အဓိက သက်ဆိုင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော အတိုးနှုန်းမူဝါဒနှင့် အတိုးနှုန်း Structure များအကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါကြောင်း၊ ၁-၁-၂၀၁၂ ရက်နေ့ကစတင်သတ်မှတ်ခဲ့ပြီး အခုထိမပြောင်းလဲဘထားရှိသော လက်ရှိဗဟိုဘဏ်၏ အတိုးနှုန်း Central Bank Rate ဟာ ၁၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ Central Bank Rate သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဘဏ်တွေများမှ ၎င်းတို့ ငွေ လိုအပ်သည့်အခါတွင် လာရောက်ပြီး ငွေချေးပါက သူတို့ဝယ်ယူထားသောBond တွေကို ပေါင်ထားပြီး ချေးသည့်အခါ ဗဟိုဘဏ်ကနေ ဘဏ်များကို သတ်မှတ်ပြီး ယူသော အတိုးနှုန်း ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်၏ အတိုးနှုန်းပေါ်မှာ မူတည်ပြီး စုဆောင်းမှု အပ်ငွေနှင့် ချေးငွေအပေါ် အတိုးနှုန်းကို အနည်းဆုံးနှင့် အများဆုံး သတ်မှတ်ပါကြောင်း၊

ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့်အပ်ငွေစသည့် စုဆောင်းမှုအပ်ငွေများအပေါ် ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်၏ အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်းနိမ့်ပြီး ၈ ရာခိုင်နှုန်း အနည်းဆုံးပေးရန်နှင့် ချေးငွေများနှင့် စာရင်းပိုထုတ်ချေးငွေများ အပေါ် တောင်းခံနိုင်သော အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်း၏ အထက် ၃ ရာခိုင်နှုန်း မြင့်သော ၁၃ ရာခိုင်နှုန်းထက်မကျော်လွန်စေရန် ဘဏ်များအားလုံးကို ဗဟိုဘဏ်က ညွှန်ကြားခဲ့ပါသည့် အပြင် ဘဏ်များအနေဖြင့် သတ်မှတ်ချက်ဘောင်အတွင်း အတိုးနှုန်းများကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ခြင်းများ ပြုလုပ်နိုင်သည်ကိုလည်း ညွှန်ကြားထားရှိပါကြောင်း၊ ထို့ကြောင့် ဘဏ်များသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းဘောင်အတွင်း လွတ်လပ်စွာယှဉ်ပြိုင် လုပ်ကိုင်ခွင့်ကို ပြုထားပြီး ဖြစ်ပါကြောင်းနှင့် နိုင်ငံတကာတွင် အတိုးနှုန်းကို ဗဟိုဘဏ်က ထိန်းချုပ်ထား ခြင်းမရှိဘဲ ဈေးကွက်ပေါ်မှာ မူတည်ပြီးတော့ ဘဏ်များက အတိုးနှုန်းကို သတ်မှတ်ကြသည်ဖြစ်ရာ ဗဟိုဘဏ်အနေဖြင့်လည်း သင့်လျော် သော အခြေအနေနှင့် အချိန်အခါတွင် အတိုးနှုန်းကို လွတ်လပ်စွာ သတ်မှတ်ရန် ဖြေလျှော့ပေးမည်ဖြစ်သည့်အတွက် ဘဏ်များကို အခုကတည်းက အတိုးနှုန်းများကို ဘောင်တစ်ခုအတွင်းတွင် သတ်မှတ်ပြီး ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊

ဘဏ်များအနေဖြင့် ဗဟိုဘဏ်က သတ်မှတ်ထားသော အတိုးနှုန်းဘောင်အတွင်း လွတ်လပ်စွာ ယှဉ်ပြိုင် လုပ်ကိုင်နေခြင်းသည် ဈေးကွက်အခြေခံစနစ် လမ်းကြောင်းပေါ် စတင် လျှောက်လှမ်းနေ သည်ဟုဆိုနိုင်ပါကြောင်း၊  ဘဏ်‌များသည် အများပြည်သူထံမှ အပ်ငွေများကိုလက်ခံပြီး ရင်းနှီးမြှုပ်နှံ သူများကို ချေးငွေများ ပြန်လည်ထုတ်ချေးကြပါကြောင်း၊ Saving Passbook နှင့် ငွေစုဘဏ်အပ်ငွေသည် အချိန်မရွေး အပ်နှံသူက ထုတ်ယူနိုင်သည်ဖြစ်သည့်အတွက် ကာလရှည်ချေးငွေအတွက် သတ်တမ်းလိုက် လျောညီ ထွေရှိမည့် အချိန်ပိုင်းအပ်ငွေများရရှိအောင် ဘဏ်များက ဆောင်ရွက်ကြရပါကြောင်း၊ ဘဏ်များ အနေဖြင့် အချိန်ပိုင်းအပ်ငွေများ ပိုမိုရရှိမှသာ ချေးငွေကို ကာလရှည်ချေးငွေနိုင်ရန် စီမံနိုင်မည်ဖြစ်ပါကြောင်း၊ ဘဏ်တွေက ငွေစုဘဏ် အပ်ငွေပေါ်တွင်ပေးသော အတိုးနှုန်းထက် အချိန်ပိုင်းအပ်ငွေများ ဖြစ်သော သုံးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်စသည့် အပ်ငွေများအပေါ် အတိုးနှုန်းကို မြှင့်ပြီးပေးလေ့ရှိပါကြောင်း၊ ယခုကဲ့သို့ ဘဏ်များက အချိန်ပိုင်းအပ်ငွေတွေအပေါ်မှာ အတိုးနှုန်းမြှင့်ပြီးပေးခြင်း ကလည်း နိုင်ငံတကာမှာ ဘဏ်များဆောင်ရွက်လေ့ရှိတဲ့ ဘဏ်လုပ်ငန်းစီမံခန့်ခွဲမှုတစ်ခု ဖြစ်ပါကြောင်း၊

့ ခေါ်ယူအပ်ငွေ Call Depositနှင့် ပတ်သက်ပြီး ၂၀၀၃ ခုနှစ်တွင် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပြဿနာဖြစ်ခဲ့ ခြင်းကြောင့်  ဗဟိုဘဏ် က ၅-၆-၂၀၀၃ ရက်စွဲပါအမှာစာနှင့် ပုဂ္ဂလိကဘဏ်တွေက လက်ခံထားသော ခေါ်ယူ အပ်ငွေတွေကို    ၃၀-၉-၂၀၀၃ ရက်နေ့ နောက်ဆုံးထားပြီးတော့ Customer ၏ ဆန္ဒအရ စာရင်းရှင် အပ်ငွေ၊ ငွေစုဘဏ် အပ်ငွေနှင့် စာရင်းသေအပ်ငွေအဖြစ် ရှင်းလင်းသွားပြီး ၁-၁၀-၂၀၀၃ ရက်နေ့ကနေစပြီး ခေါ်ယူအပ်ငွေများကို လက်ခံဆောင်ရွက်ခြင်းမပြုရန် ပုဂ္ဂလိကဘဏ်များကို ညွှန်ကြားထားခဲ့ပါကြောင်း၊ သို့သော် ဘဏ်၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ရှေးရှုပြီး ၃-၁၀-၂၀၁၄ ရက်နေ့ ရက်စွဲပါအမှာစာဖြင့် ပယ်ဖျက်ခဲ့ပြီး ခေါ်ယူအပ်ငွေ လက်ခံဆောင်ရွက်နိုင်ကြောင်း ညွှန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ချေးငွေများနှင့် ပတ်သက်ပြီး့ Secured Loan ကိုချေးခြင်းဖြင့် ဘဏေ်တွအတွက် ချေးငွေဆုံးရှုံးနိုင်မှုကို ကာကွယ်နိုင် မည်ဖြစ်ပါကြောင်း၊ ချေးငွေအတွက် အာမခံ အပေါင်ပစ္စည်းမယူဘဲ Unsecured Loan ကိုချေးမည်ဆိုရင် ဘဏ်များအနေဖြင့် Risk Management ကိုကောင်းစွာ စီမံဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ယခင်က မရွှေ့ပြောင်းနိုင်သော ပစ္စည်းအာမခံဖြင့် ထုတ်ချေးခွင့်ပြုခဲ့ရာမှ အခုအခါမှာ ရွှေနှင့် ရွှေထည်ပစ္စည်းအာမခံ၊ ဘဏ်အပ် ငွေအာမခံ၊ စက်ပစ္စည်းများ၊ ကုန်ပစ္စည်းများနှင့် ကောက်ပဲသီးနှံများ လက်ရောက်အပေါင်၊ အစိုးရငွေ တိုက်စာချုပ်များအား အာမခံရယူပြီးတော့ ချေးငွေခွင့်ပြုရန် ဖြေလျော့ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊  ဘဏ် များ၏အပ်ငွေနှင့် ချေးငွေအခြေအနေကိုလည်း ဗဟိုဘဏ်က အမြဲစောင့်ကြည့်လျှက်ရှိပါကြောင်း၊ ၁၄-၈-၂၀၁၄ ရက်နေ့တွင် ဘဏ်များ၏ ချေးငွေနှင့်အပ်ငွေအချိုးက ၆၃.၇၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည့်အတွက် ရှိသင့်သော ၇၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြား အချိုးထက် အနည်းငယ်သာ လျော့နည်းကြောင်း ကိုတွေ့ရှိရပါကြောင်း၊

ပြည်တွင်းဘဏ်များက ကောက်ခံသော ငွေလွှဲခနှုန်းထားများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ငွေလွှဲခနှုန်းထားများနှင့် ပတ်သက်လို့ ပြည်တွင်းငွေလွှဲခ နှုန်းထားများ ပုံသေကောက်ခံရန် အတွက် ၆-၈-၂၀၁၂ ရက်နေ့တွင် မြန်မာနိုင်ငံဘဏ်များအသင်း အဖွဲ့ဝင်ဘဏ်များနှင့် ဆွေးနွေးပြီး ငွေလွှဲခကို အနည်းဆုံးငွေကျပ် ၁၀၀ လျှင် ၁၅ ပြားနှုန်း ပုံသေကောက်ယူရန် ငွေလွှဲကျပ်သိန်း ၁၀၀၀ နှင့်အထက်ကို ငွေလွှဲခကျပ် ၁၀၀ လျှင် ၁၂.၅ ပြားနှုန်းနှင့် ကောက်ယူရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ညွှန်ကြားခဲ့ပါကြောင်း၊ နိုင်ငံတကာတွင် ဗဟိုဘဏ်များက ဘဏ်တွေများကကောက်ခံသော ငွေလွှဲခများကို မည်သည့်နှုန်းထားနှင့် ကောက်ခံရန် ညွှန်ကြားလေ့ မရှိသည်ကိုလည်း လေ့လာတွေ့ရှိရ သည့်အတွက် သီးခြားရပ်တည်ပြီးလွတ်လပ်သော ဗဟိုဘဏ်ဖြစ်လာပြီးသည့်နောက် ၂၃-၁၂-၂၀၁၃ ရက်နေ့မှာကျင်းပသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အမှတ် (၈/၂၀၁၃) အရ မြန်မာနိုင်ငံဘဏ်များအသင်းကို ငွေလွှဲခနှင့်ပတ်သက်ပြီး ဘဏ်များအချင်းချင်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက် ကြရန် အကြောင်းကြားခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံဘဏ်များအသင်းက အချင်း ချင်း ညှိနှိုင်းဆွေးနွေးပြီး ၂-၄-၂၀၁၄ ရက်နေ့တွင် ပြည်တွင်းငွေလွှဲခ ကောက်ခံရန်နှုန်းထားများကိုသတ်မှတ်ပြီး အဖွဲ့ဝင်ဘဏ်များကို ညွှန်ကြားခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊

ယခုကြားကာလတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ငွေလွှဲခတွေကို လျော့ချပေးနိုင်မည်ဆိုပါက ၎င်းတို့အတွက် Transition Cost လျော့ကျမည်ဖြစ်ပြီး ကုန်ဈေးနှုန်း ကျဆင်းစေရန်နှင့် စားသုံးသူပြည်သူများ တစ်ဖက်တစ်လမ်းက အကျိုးကျေးဇူးရှိမည် ဖြစ်သည့်အတွက်  ဘဏ်ငွေလွှဲခတွေကို လျော့ချပေးရန်  ဗဟိုဘဏ်ကို ညှိနှိုင်းတင်ပြခဲ့ပါကြောင်း၊ ဗဟိုဘဏ်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘဏ်များအသင်းတို့ တွေ့ဆုံညှိနှိုင်းကြရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ဘဏ်များအနေဖြင့် ငွေလွှဲခများကို လျော့ပေါ့ ပေးခြင်းသည် ပြည်သူများအတွက် အကျိုးရှိသလို အပြုသဘောဆောင်သည့် ကောင်းမွန်သည့် ကိစ္စရပ် ဖြစ်သည်ကို တင်ပြလိုပါကြောင်း၊ သို့သော် ဈေးကွက်ကို ချုပ်ကိုင်လိုသော သဘောဖြင့် ဆောင်ရွက်သည်ကို တွေ့ရှိပါက ဗဟိုဘဏ်က ဝင်ရောက်ထိန်းကျောင်းသွားမည်ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်မှာ ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြီးကြပ်စစ်ဆေးရေးဌာနမှ ဘဏ်တွေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် စာရင်းအင်းများ တောင်းယူကြီးကြပ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့က ဘဏ်များ၏ ကျန်းမာကြံ့ခိုင်မှုကို တွက်ချက်စစ်ဆေးရာတွင်အသုံးပြုသော Financial Soundness Indicators ကိုလည်း လစဉ်နှင့် သုံးလပတ်အလိုက် တွက်ချက်ပြီးဗဟိုဘဏ၏ ဒါရိုက်တာဘုတ်အဖွဲ့ကို  တင်ပြ အစီရင်ခံခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊။ ဗဟိုဘဏ်က ချမှတ်ထားသော စည်မျဉ်းများကို လိုက်နာမှုမရှိ ကြောင်းနှင့် FSI ညွှန်ကိန်းများ အားနည်းနေကြောင်း တွေ့ရှိရပါက ဗဟိုဘဏ်က ဘဏ်များကို ခေါ်ယူဆွေးနွေးခြင်းနှင့် သီးခြားစာထုတ်၍ အသိပေးလိုက်နာစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း ပြန်လည်ဖြေကြားပါသည်။