(င)-စာသင်ကျောင်းများတွင် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးအတွက်ပညာပေးနေမှုနှင့်လေ့ကျင့်ဆောင် ရွက်နေမှုရှိ၊မရှိကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၀.၁၀.၂၀၁၄)

ဒုတိယဗိုလ်မှူးကြီးအောင်မင်းဆွေ (တပ်မတော်သားကိုယ်စားလှယ်)

ဒုတိယဗိုလ်မှူးကြီးအောင်မင်းဆွေ (တပ်မတော်သားကိုယ်စားလှယ်) ယနေ့ မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တက်လှမ်းနေသော နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သန့်ရှင်းသာယာဖို့ကလည်း အထူးအရေးကြီးသည့်အတွက် စွန့်ပစ် အမှိုက်များကို စနစ်တကျစွန့်ပစ်တတ်သော အလေ့အကျင့်များကို သင်ကြားပေးရန်လည်း လိုအပ်လျက်ရှိပါကြောင်း။ မြို့ကြီးများတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်များညစ်ညမ်းစေပြီး ရေစီးရေလာမြောင်းများ ပိတ်ဆို့ ပြီး ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကိုလည်း မကြာခဏကြုံတွေ့ခြင်းမျိုးဖြစ်ပေါ်ခဲ့ပါကြောင်း၊  ထို့ကြောင့် အစကောင်းမှ အနှောင်းသေချာဆိုသည့်စကားအတိုင်း အနာဂတ် ပဲ့ကိုင်ရှင်များဖြစ်လာကြမည့် ကလေး သူငယ်များအား မူလတန်းအဆင့် စာသင်ကျောင်းများတွင် လက်ဦးဆရာများဖြစ်သည့်ဆရာများမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ငယ်စဉ်ကပင် အလေ့အကျင့်ကောင်းများ ရရှိလာပြီး အနာဂတ်တိုင်းပြည်အတွက် စည်းကမ်းကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမှာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တင်ပြခဲ့ပါသော စည်းကမ်းမဲ့ အမှိုက် ပစ်နေမှုများ လျော့နည်းသွားရေး၊ တစ်နည်းအားဖြင့် လုံးဝပပျောက်သွားရေး ငယ်စဉ်ဘဝမှ စနစ်တကျ အမှိုက်စွန့်ပစ်တတ်သော အလေ့အကျင်‌့ကောင်းများ စတင်လေ့ကျင့်ပေးမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ သန့်ရှင်းသာယာလာမှာဖြစ်ပါသဖြင့် (၁) မူလတန်းကျောင်းများမှ စတင်၍ စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် ပညာပေးသင်ကြားနေမှုများ ဆောင်ရွက်နေပါခြင်းရှိ/မရှိ၊ (၂) ဆောင်ရွက်နေခြင်းရှိပါက မည်ကဲ့သို့ လေ့ကျင့်သင်ကြား ဆောင်ရွက်နေ ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသန့်ရှင်း မြန်မာနိုင်ငံတွင် အခြေခံပညာမူလတန်း ကျောင်းများမှစတင်၍ စာသင်ကျောင်းများတွင် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးအတွက် ပညာပေးနေမှုနှင့် လေ့ကျင့်ဆောင်ရွက်နေမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာသင်ကျောင်းများတွင် အမှိုက်များ စနစ်တကျစွန့်ပစ်ရေးအတွက် ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းဖြစ်သည့် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို သြဂုတ်လတွင်လည်းကောင်း၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းရေးလှုပ်ရှား မှုကို နှစ်စဉ် အောက်တိုဘာလတွင် နိုင်ငံတစ်ဝန်းလုံးဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်း တွင်းအသင်းအလိုက် လှုပ်ရှားမှုအဖြစ် ကျောင်းစာသင်ခန်းသန့်ရှင်းရေး၊ ကျောင်းနှင့် ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအဖြစ် အမှိုက်များစနစ်တကျစွန့်ပစ်ရေးလုပ်ငန်းများကို အမှိုက်ပုံးများထားရှိ ၍ စနစ်တကျလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ကျောင်းတွင် အမှိုက်များစနစ်တကျစွန့်ပစ်သည့် အလေ့ အကျင့်ကောင်းများ၊ အမှိုက်တစ်စမြင်တစ်စကိုကောက်၍ အမှိုက်ပုံးတွင် စွန့်ပစ်စေသည့်အလေ့ အကျင့်ကောင်းများကိုလည်း လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသင်ဘာသာရပ်အဖြစ် ဘဝ တွက်တာ ကျွမ်းကျင်စရာဘာသာရပ်တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာပြီး ပတ်ဝန်းကျင်ကိုထိန်းသိမ်းသည့် အလေ့အကျင့်များ ရရှိစေရန် ထိန်းသိမ်းအစဉ်တို့ဝန်းကျင် သင်ယူမှုဧရိယာအောက်တွင်လည်း ကောင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွင် နိုင်ငံ့သားကောင်းများ၏ အရည်အ‌သွေးများကို ရရှိစေ‌ရေး ပညာပေးလေ့ကျင့်မှုများတွင်လည်းကောင်း၊ အခြားကျောင်းသင်ဘာသာရပ်များတွင် ပေါင်းစပ်ထည့်သွင်း၍ လည်းကောင်း၊ ကျောင်းကောင်စီအသင်း ငါးသင်းတာဝန်ခွဲ၍လည်းကောင်း၊ နိုင်ငံ့သားကောင်း သမီးမွန်များအဖြစ် လေ့ကျင့်ပျိုးထောင်ရာတွင် အမှိုက်များကိုစနစ်တကျစွန့်ပစ်စေ ရန် လေ့ကျင့်ပညာပေးမှုများ ပါဝင်သည့် ဘာသာရပ်များကိုစာတွေ့ လက်တွေ့နှင့်အတူ သင်ကြား လေ့ကျင့်ပေးလျက်ရှိပါကြောင်း။ ထို့အပြင် ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်းပြီး School Sanitation and Hygiene Education (SSHE) အစီအစဉ်အရ လက်သန့်၊ အစာသန့်၊ ရေသန့်၊ အိမ်သာသန့်နှင့် ပတ်ဝန်းကျင်သန့်ဟူသော သန့်ငါးသန့်ကို အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်သန့်သည် အမှိုက်များကိုစနစ်တကျစွန့်ပစ်ရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်း သာယာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီမံချက်မြို့နယ်များတွင် လေ့ကျင့်ပညာပေး အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊  ပညာရေးဝန်ကြီးဌာန အခြေခံပညာရေး၏ အဓိကရည်မှန်းချက်မှာ တာဝန်သိသော၊ မျိုးချစ်စိတ်ဓာတ်ရင့်သန် ခိုင်မာသော နိုင်ငံ့သားကောင်း သမီးမွန်များ မွေးထုတ်ပေးရေးဖြစ်ပါသဖြင့် မူလတန်းကျောင်းများမှစတင်၍ စာသင်ကျောင်းများတွင် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးအတွက် ပညာပေးနေမှုနှင့် လေ့ကျင့်ဆောင် ရွက်နေမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။